YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 8:6-17

နေဟမိ 8:6-17 Judson Bible (JBMLE)

ဧ​ဇ​ရ​သည် မြတ်​စွာ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကောင်း​ချီး​ပေး၏။ လူ​အ​ပေါင်း​တို့​က အာ​မင်၊ အာ​မင်​ဟု လက်​တို့​ကို​ချီ​လျက်၊ ဝန်​ခံ၍ ဦး​ချ​ပျပ်​ဝပ်​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။ ယော​ရှု၊ ဗာ​နိ၊ ရှေ​ရ​ဘိ၊ ယာ​မိန်၊ အ​က္ကုပ်၊ ရှ​ဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်၊ ပေ​လာ​ယ​အ​စ​ရှိ​သော လေ​ဝိ​သား​တို့​သည်​လည်း လူ​များ​တို့​အား ပ​ည​တ္တိ​ကျမ်း​စာ​အ​နက်​ကို ပြန်​ကြား​ကြ၏။ လူ​များ​တို့​သည်​လည်း မိ​မိ​တို့​နေ​ရာ၌ နေ​ကြ၏။ ထို​သို့ ဘု​ရား​သ​ခင်၏ ပ​ည​တ္တိ​ကျမ်း​စာ​ကို သေ​ချာ​စွာ​ဖတ်​ရွတ်၍ အ​နက်​ကို​ပြန်​သ​ဖြင့်၊ လူ​များ​နား​လည်​စေ​ခြင်း​ငှာ ပြု​ကြ၏။ လူ​အ​ပေါင်း​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို ကြား​သော​အ​ခါ ငို​ကြွေး​ကြ​သည်​ဖြစ်၍၊ ပြည်​အုပ်​မင်း နေ​ဟ​မိ၊ ကျမ်း​တတ်​ဆ​ရာ ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ၊ လူ​များ​တို့​အား သွန်​သင်​သော လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​နေ့​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ကြ​နှင့်။ သွား​ကြ​လော့၊ မြိန်​စွာ​သော​အ​စာ​ကို စား​ကြ​လော့။ ချို​သော​အ​ရည်​ကို သောက်​ကြ​လော့။ ဆင်း​ရဲ​သော​သူ​တို့​အား ဝေ​မျှ​ကြ​လော့။ ဤ​သည်​နေ့​ရက်​သည် ငါ​တို့​ဘု​ရား​ရှင်​အ​ဖို့ သန့်​ရှင်း၏။ ဝမ်း​မ​နည်း​ကြ​နှင့်၊ ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​အ​ခွင့်​နှင့် အား​ယူ၍ ဝမ်း​မြောက်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​အား ဆို​ကြ၏။ ထို​သို့ လေ​ဝိ​သား​တို့​က၊ ဤ​သည်​နေ့​ရက်​သည် သန့်​ရှင်း​သော​နေ့ ဖြစ်​သော​ကြောင့် တိတ်​ဆိတ်​စွာ နေ​ကြ​လော့။ ဝမ်း​နည်း​မ​နေ​ကြ​နှင့်​ဟု ဆို၍ လူ​အ​ပေါင်း​တို့​ကို ငြိမ်း​စေ​ကြ၏။ လူ​အ​ပေါင်း​တို့​သည် ဟော​ပြော​သော စ​ကား​များ​ကို နား​လည်​သော​ကြောင့်၊ စား​သောက်​ခြင်း၊ သူ​တစ်​ပါး​တို့​အား ဝေ​မျှ​ခြင်း၊ အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​အံ့​သော​ငှာ သွား​ကြ၏။ ဒု​တိ​ယ​နေ့​ရက်​တွင်၊ အ​ဆွေ​အ​မျိုး သူ​ကြီး​များ​တို့​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​သည် ပ​ည​တ္တိ​ကျမ်း​စ​ကား​ကို နား​လည်​အံ့​သော​ငှာ၊ ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ထံ၌ စည်း​ဝေး​ကြ၏။ သ​တ္တ​မ​လ​ပွဲ​ကို​ခံ​ကြ​စဉ်၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ၌ နေ​ရ​ကြ​မည်​ဟု မော​ရှေ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​ကြောင်း​ကို တွေ့​ကြ၏။ ထို​စ​ကား​ကို​ကြား​သော​အ​ခါ၊ ကျမ်း​စာ၌ ပါ​သည်​အ​တိုင်း သစ်​ခက်​တဲ​တို့​ကို လုပ်​ခြင်း​ငှာ တောင်​သို့​သွား​ကြ။ သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ​တု​ခက်၊ စွန်​ပ​လွံ​ခက် အ​စ​ရှိ​သော ထူ​ထပ်​သော အ​ခက်​အ​လက်​မျိုး​တို့​ကို ဆောင်​ခဲ့​ကြ​ဟု ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ခပ်​သိမ်း​သော မြို့​ရွာ​တို့၌ ကြော်​ငြာ​ကြ၏။ လူ​များ​တို့​သည် ထွက်​သွား၍၊ သစ်​ခက်​တို့​ကို ဆောင်​ခဲ့​ပြီး​လျှင် အိမ်​မိုး​ပေါ်​မှာ​လည်း​ကောင်း၊ မိ​မိ​ဝင်း​ထဲ၊ ဗိ​မာန်​တော် တံ​တိုင်း​ထဲ​မှာ​လည်း​ကောင်း၊ ရေ​တံ​ခါး​လမ်း​နှင့် ဧ​ဖ​ရိမ်​တံ​ခါး​လမ်း​မှာ​လည်း​ကောင်း သစ်​ခက်​တဲ​များ​ကို လုပ်​ကြ၏။ ထို​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ရာ​ထဲ​က ထွက်​လာ​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​တို့​ကို​လုပ်၍ ထိုင်​နေ​ကြ၏။ နုန်​သား ယော​ရှု​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခါ​မျှ ထို​သို့​မ​ပြု​ကြ။ အ​လွန်​ဝမ်း​မြောက်​လျက် နေ​ကြ၏။

နေဟမိ 8:6-17 Common Language Bible (BCL)

ဧ​ဇ​ရ​က``ကြီး​မြတ်​တော်​မူ​သော​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​ဆို​၏။ ပ​ရိတ်​သတ်​တို့​သည်​လက်​အုပ်​ချီ​လျက်``အာ​မင်၊ အာ​မင်'' ဟု​ဝန်​ခံ​ပြီး​လျှင်​ဒူး​ထောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ လေ​သည်။ ထို​နောက်​လူ​တို့​သည် မိ​မိ​တို့​နေ​ရာ​တွင်​ထ ၍​ရပ်​ကြ​၏။ ထို​အ​ခါ​သူ​တို့​အား​လေ​ဝိ အ​နွယ်​ဝင်​ဖြစ်​ကြ​သော​ယော​ရှု၊ ဗာ​နိ၊ ရှေ ရ​ဘိ၊ ယာ​မိန်၊ အက္ကုပ်၊ ရှဗ္ဗေ​သဲ၊ ဟော​ဒိ​ယ၊ မာ​သေ​ယ၊ ကေ​လိ​တ၊ အာ​ဇ​ရိ၊ ယော​ဇ​ဗဒ်၊ ဟာ​နန်​နှင့်​ပေ​လာ​ယ​တို့​က​ပ​ညတ်​ကျမ်း စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​ရှင်း​ပြ​ကြ​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တ​ရား တော်​ကို​လူ​တို့​နား​လည်​နိုင်​ရန် ဘာ​သာ​ပြန် ဆို ကာ​ရှင်း​ပြ​ကြ​လေ​သည်။ သူ​တို့​သည်​ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​ချက်​များ ကို​ကြား​သော​အ​ခါ စိတ်​ထိ​ခိုက်​သ​ဖြင့်​ငို ကြွေး​ကြ​ကုန်​၏။ သို့​ဖြစ်​၍​ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​နှင့် ပ​ညတ်​ကျမ်း​စာ​တော်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို ရှင်း​ပြ​သူ​လေ​ဝိ​အ​နွယ်​ဝင်​တို့​က``ဤ​နေ့ သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား ၏​နေ့​မြတ်​ဖြစ်​၏။ သင်​တို့​သည်​ငို​ကြွေး​မြည် တမ်း​မှု​ကို​မ​ပြု​ကြ​နှင့်။- ယ​ခု​အိမ်​သို့​ပြန်​၍​ပျော်​ရွှင်​စွာ​စား​သောက် ကြ​လော့။ သင်​တို့​၏​အ​စား​အ​စာ​နှင့်​စ​ပျစ် ရည်​ကို မ​ရှိ​ဆင်း​ရဲ​သူ​တို့​အား​ဝေ​ငှ​ကြ လော့။ ဤ​နေ့​သည်​ငါ​တို့​ထာ​ဝ​ရ​ဘု​ရား ၏​နေ့​မြတ်​ဖြစ်​သ​ဖြင့် ဝမ်း​မ​နည်း​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ရ​သော​ဝမ်း မြောက်​ခြင်း​သည် သင်​တို့​ကို​ခွန်​အား​ပြည့် ဝ​လာ​စေ​လိမ့်​မည်'' ဟု​ပြော​ကြား​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​လှည့်​လည်​၍​ထို နေ့​မြတ်​၌ ဝမ်း​မ​နည်း​ဘဲ​စိတ်​တည်​ငြိမ်​မှု ရှိ​ကြ​ရန်​လူ​တို့​အား​ပြော​ကြား​ကြ​၏။- သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​ကြား​ခဲ့​ရ သော​ကျမ်း​စ​ကား​ကို​နား​လည်​သ​ဘော ပေါက်​သ​ဖြင့် မိ​မိ​တို့​အိမ်​သို့​ပြန်​၍​ပျော်​ရွှင် စွာ​စား​သောက်​လျက် အ​စား​အ​စာ​ကို​သူ တစ်​ပါး​အား​ဝေ​မျှ​ကြ​၏။ နောက်​တစ်​နေ့​၌​သား​ချင်း​စု​ခေါင်း​ဆောင်​များ သည် ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​အ​တူ ပ​ညတ်​ကျမ်း​ကို​လေ့​လာ​ရန် ဧ​ဇ​ရ​ထံ​သို့​လာ​ရောက်​ကြ​၏။- သူ​တို့​သည်​မော​ရှေ​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​ထား​တော်​မူ​သော ပ​ညတ်​ကျမ်း​တွင် သစ်​ခက်​တဲ​နေ​ပွဲ​တော်​အ​ခါ​၌ ဣ​သ​ရေ​လ အ​မျိုး​သား​များ​သည်​ယာ​ယီ​တဲ​များ​တွင် နေ​ထိုင်​ကြ​ရ​မည်​ဖြစ်​ကြောင်း​ပြ​ဋ္ဌာန်း ထား​သည်​ကို​တွေ့​ရှိ​ကြ​ရ​၏။- သို့​ဖြစ်​၍​သူ​တို့​က``ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ ပါ​ရှိ​သည့် ညွှန်​ကြား​ချက်​များ​အ​တိုင်း​တောင် များ​သို့​သွား​၍​သံ​လွင်​ခက်၊ ထင်း​ရှူး​ခက်၊ မု​ရ တု​ခက်၊ စွန်​ပ​လွံ​ခက်​နှင့်​အ​ခြား​သစ်​ခက် များ​ကို​ခုတ်​ယူ​၍​တဲ​ထိုး​ကြ​ရ​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​ခြား​မြို့​ရွာ ရှိ​သ​မျှ​တို့​ကို​ညွှန်​ကြား​ချက်​ပေး​ပို့​ကြ လေ​သည်။ သို့​ဖြစ်​၍​လူ​တို့​သည်​သစ်​ခက်​များ​ကို​ခုတ် ၍ မိ​မိ​တို့​အိမ်​မိုး​ပေါ်၊ အိမ်​ဝင်း၊ ဗိ​မာန်​တော် ဝင်း၊ ရေ​တံ​ခါး​နှင့်​ဧ​ဖ​ရိမ်​တံ​ခါး​အ​နီး ကွက်​လပ်​များ​တွင်​တဲ​များ​ထိုး​ကြ​၏။- ဖမ်း​ဆီး​သိမ်း​သွား​ရာ​မှ​ပြန်​လာ​သူ​လူ အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​များ​ထိုး​၍ နေ​ထိုင်​ကြ​လေ​သည်။ နုန်​၏​သား​ယော​ရှု လက်​ထက်​မှ​အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင် ပ​ထ​မ​ဆုံး​အ​ကြိမ်​သစ်​ခက်​တဲ​နေ​ပွဲ​ကို ကျင်း​ပ​ခြင်း​ဖြစ်​၍ လူ​တိုင်း​ပင်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​ကုန်​၏။

နေဟမိ 8:6-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဧဇရ​သည် ကြီးမြတ်​တော်မူ​သော​ဘုရားသခင်​ထာဝရဘုရား​ကို ကောင်းချီးထောမနာ​ပြု​သောအခါ လူ​အပေါင်း​တို့​သည် လက်​ကို​မြှောက်​လျက် “​အာမင် အာမင်​”​ဟု ဝန်ခံ​ကြ​၏​။ ထို့နောက် မြေ​ပေါ်တွင်​ပျပ်ဝပ်​လျက် ထာဝရဘုရား​ကို ရှိခိုးကိုးကွယ်​ကြ​၏​။ လူ​အပေါင်း​တို့ ရပ်​နေ​ကြ​စဉ် ယေရွှာ​၊ ဗာနိ​၊ ရှေရဘိ​၊ ယာမိန်​၊ အက္ကုပ်​၊ ရှဗ္ဗေသဲ​၊ ဟောဒိယ​၊ မာသေယ​၊ ကေလိတ​၊ အာဇရိ​၊ ယောဇဗဒ်​၊ ဟာနန်​၊ ပေလာယ​နှင့်​လေဝိ​သား​တို့​သည် လူ​တို့​အား ပညတ်တရား​ကို​နားလည်​အောင်​ရှင်းပြ​ကြ​၏​။ ထိုသို့ ဘုရားသခင်​၏​ပညတ်တရား​ကျမ်း​ကို သေသေချာချာ​ဖတ်ပြ​၍ အဓိပ္ပာယ်​ကို​ရှင်းပြ​သဖြင့် သူ​တို့​ဖတ်ပြ​သည်​ကို လူ​အပေါင်း​တို့ နားလည်​ကြ​၏​။ လူ​အပေါင်း​တို့​သည် ပညတ်တရား​စကား​များ​ကို ကြား​ရ​သောအခါ ငိုကြွေး​ကြ​၏​။ ထို့ကြောင့် ဘုရင်ခံ​နေဟမိ​၊ ကျမ်းပြုဆရာ​ယဇ်ပုရောဟိတ်​ဧဇရ​နှင့် လူ​တို့​အား အဓိပ္ပာယ်​ကို​ရှင်းပြ​သော​လေဝိ​သား​တို့​က “​ယနေ့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​နေ့ ဖြစ်​၏​။ ထို့ကြောင့် မ​ညည်းတွား​ကြ​နှင့်​၊ မ​ငိုကြွေး​ကြ​နှင့်​”​ဟု လူ​အပေါင်း​တို့​အား ဆို​၏​။ ထို့နောက် နေဟမိ​က လူ​တို့​အား “​ချိုမြိန်​သော​စားကောင်းသောက်ဖွယ်​တို့​ကို သွား​၍ စား​သောက်​ကြ​လော့​။ စားသောက်စရာ​မ​ရှိ​သူ​တို့​အား ဝေငှ​ပေး​လော့​။ ယနေ့​သည် ငါ​တို့​အရှင်သခင်​အဖို့ သန့်ရှင်း​သော​နေ့​ဖြစ်​၍ ဝမ်း​မ​နည်း​ကြ​နှင့်​။ ထာဝရဘုရား​ထံ​တော်​မှ ဝမ်းမြောက်​ခြင်း​သည် သင်​တို့​အဖို့ ခွန်အား​ဖြစ်​၏​”​ဟု ဆို​၏​။ လေဝိ​သား​တို့​က​လည်း လူ​အပေါင်း​တို့​အား “​ငြိမ်ဝပ်​စွာ​နေ​ကြ​လော့​။ ဝမ်း​မ​နည်း​ကြ​နှင့်​။ ယနေ့​သည် သန့်ရှင်း​သော​နေ့​ဖြစ်​၏​”​ဟု နှစ်သိမ့်​ပေး​၏​။ လူ​အပေါင်း​တို့​သည်​လည်း သူ​တို့​အား ရှင်းပြ​သော​စကား​များ​ကို ကောင်း​စွာ​နားလည်​သဖြင့် စား​သောက်​ရန်​၊ အစားအစာ​ဝေငှ​ရန်​နှင့် ပျော်ပွဲရွှင်ပွဲ​ကြီး​ကျင်းပ​ရန် ထွက်သွား​ကြ​၏​။ ဒုတိယ​နေ့​တွင် လူ​အပေါင်း​တို့​၏​အိမ်ထောင်စု​အကြီးအမှူး​တို့​နှင့်တကွ ယဇ်ပုရောဟိတ်​များ​၊ လေဝိ​သား​များ​သည် ပညတ်တရား​စကား​များ​ကို လေ့လာသင်ယူ​ရန် ကျမ်းပြုဆရာ​ဧဇရ​ထံ စုဝေး​လာ​ကြ​၏​။ မောရှေ​အားဖြင့် ထာဝရဘုရား​မိန့်မှာ​တော်မူ​သော ပညတ်တရားကျမ်း​၌ သတ္တမ​လ​ပွဲခံ​ချိန်​တွင် အစ္စရေး​အမျိုးသား​တို့​သည် ယာယီတဲ​၌​နေ​ရ​ကြ​မည်​ဟု ရေးသား​ထား​သည်​ကို တွေ့ရှိ​ကြ​လေ​၏​။ ထို့ကြောင့် သူ​တို့​က “​ပညတ်တရားကျမ်း​တွင် ရေးသား​ထား​သည့်​အတိုင်း ယာယီတဲ​ကို ဆောက်​ဖို့​ရန် တောင်​ပေါ်သို့​သွား​၍ သံလွင်ခက်​၊ ထင်းရှူးခက်​၊ မုရတု​ခက်​၊ စွန်ပလွံခက်​မှစ၍ အရွက်ဝေဆာ​သော​သစ်ခက်​တို့​ကို ယူလာ​ကြ​လော့​”​ဟူသော​သတင်း​ကို ဂျေရုဆလင်​မြို့​မှစ၍ မြို့ရွာ​ရှိသမျှ​အနှံ့ ကြေညာ​လေ​၏​။ ထို့ကြောင့် လူ​တို့​သည် ထွက်သွား​၍ သစ်ခက်​များ​ကို​ယူဆောင်​လာ​ကြ​ပြီး မိမိ​တို့​အိမ်ခေါင်မိုးပြင်​၊ အိမ်ဝင်း​အတွင်း​၊ ဘုရားသခင်​၏​အိမ်​တော်​ဝင်း​အတွင်း​၊ ရေ​တံခါး​ရှေ့​ကွင်းပြင်​၊ ဧဖရိမ်​တံခါး​ရှေ့​ကွင်းပြင် စသည်​တို့​၌ ယာယီတဲ​ကို ဆောက်လုပ်​ကြ​၏​။ သုံ့ပန်းဘဝ​မှ​လွတ်မြောက်​၍​ပြန်လာ​သော​လူအုပ်ကြီး​က​လည်း ယာယီတဲ​များ​ကို​ဆောက်လုပ်​၍ ထို​တဲ​များ​တွင် နေထိုင်​ကြ​၏​။ နုန်​၏​သား​ယောရှု​လက်ထက်​မှစ၍ ဤ​နေ့ရက်​အထိ အစ္စရေး​အမျိုးသား​တို့​သည် ထိုသို့ မ​ကျင်းပ​ဖူး​သောကြောင့် လွန်စွာ​အားရဝမ်းမြောက်​ကြ​၏​။