နေဟမိ 2:11-20
နေဟမိ 2:11-20 Judson Bible (JBMLE)
ငါသည်လည်း၊ ယေရုရှလင်မြို့သို့ရောက်၍ သုံးရက်နေပြီးမှ၊ ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညအခါထ၍ ယေရုရှလင်မြို့အဖို့ ပြုခြင်းငှာ၊ ငါ၏ဘုရားသခင်သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတစ်ယောက်အားမျှ မပြော၊ ကိုယ်စီးသော မြင်းမှတစ်ပါး အဘယ်အရာမျှမပါဘဲ၊ ညအခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်းတစ်ဖက်တစ်ချက်၊ နောက်ချေးတံခါးတိုင်အောင် သွားသဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊ စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင်အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊ တစ်ဖန် ထိုည၌ ချောင်းနားတွင်လျှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန်လေ၏။ အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည်ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သောသူ တစ်စုံတစ်ယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။ နောက်တစ်ဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရုရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြကုန်အံ့ဟု သူတို့အားဆိုလျက်၊ ငါ၏ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကိုလည်းကောင်း၊ ရှင်ဘုရင်မိန့်တော်မူသော စကားကိုလည်းကောင်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍တည်ကြကုန်အံ့ဟု ဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှာ၊ တစ်ယောက်ကိုတစ်ယောက် နှိုးဆော်ကြ၏။ ထိုသတင်းကို ဟောရနိလူ သမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသားတောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့သည် ကြားလျှင်၊ ပြက်ရယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။ ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။
နေဟမိ 2:11-20 Common Language Bible (BCL)
ငါသည်ယေရုရှလင်မြို့သို့ဆက်လက် သွားရောက်ကာ ထိုမြို့တွင်သုံးရက်မျှနေ၏။- သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။- ငါတို့သည်အနောက်ဘက်ရှိချိုင့်တံခါး မှထွက်၍ တောင်ဘက်နဂါးစမ်းတွင်းကိုဖြတ် ကာအမှိုက်ပုံတံခါးတိုင်အောင်လျှောက်သွား ကြ၏။ ထိုအခါ၌မိုးမလင်းသေးပေ။ ငါ သည်ဤသို့သွားရောက်လျက်ပြိုကျနေသော မြို့ရိုးများနှင့်မီးလောင်ပျက်စီးသွားသည့် မြို့တံခါးများကိုစစ်ဆေးကြည့်ရှု၏။- ထိုနောက်မြို့၏အရှေ့ဘက်မှနေ၍စမ်းရေ တွင်းတံခါးနှင့် ဘုရင့်ရေကန်ရှိရာမြောက် ဘက်သို့သွား၏။ ငါစီးသည့်မြည်းသည် ကျောက်အုတ်ကျိုးများအကြားတွင်လမ်း ရှာ၍မရသဖြင့်၊- ငါသည်ကေဒြုန်ချိုင့်ဝှမ်းထဲသို့ဆင်း၍ မြည်းစီးပြီးလျှင်မြို့ရိုးကိုစစ်ဆေး ကြည့်ရှု၏။ ထိုနောက်လာလမ်းအတိုင်း ပြန်ပြီးလျှင်ချိုင့်ဝှမ်းတံခါးမှနေ၍ မြို့ထဲသို့ဝင်၏။ အဘယ်အရပ်သို့ငါသွားရောက်ခဲ့သည်၊ အဘယ်အမှုကိုပြုခဲ့သည်တို့ကိုမြို့ထဲ မှာအဘယ်အရာရှိမျှမသိချေ။ ယနေ့ တိုင်အောင်ငါသည်ဤအမှုကိစ္စအကြောင်း ကိုမျှယုဒအမျိုးသားများဖြစ်ကြ သောယဇ်ပုရောဟိတ်များ၊ ခေါင်းဆောင်များ၊ အရာရှိများ၊ ငါ၏အလုပ်တွင်ပါဝင် ဆောင်ရွက်ကြမည့်အခြားသူများအား ပြောမပြရသေး။- သို့ရာတွင်ယခုငါသည်သူတို့အား``ယေရု ရှလင်မြို့သည်ယိုယွင်းပျက်စီးလျက်မြို့ရိုး များသည်လည်းပြိုကျလျက်နေသဖြင့် ငါ တို့အဘယ်သို့ဒုက္ခရောက်နေသည်ကိုသင် တို့သိကြ၏။ ငါတို့ဆက်လက်၍အရှက်ကွဲ ခြင်းမခံရစေရန်မြို့ရိုးတို့ကိုပြန်လည် ပြုပြင်ကြကုန်အံ့'' ဟုပြောဆိုပြီးလျှင်၊- ထာဝရဘုရားသည်ငါနှင့်အဘယ်သို့အတူ ရှိတော်မူခဲ့၍ ငါ့အားကူမတော်မူခဲ့ကြောင်း ကိုလည်းကောင်း၊ ငါ့အားဧကရာဇ်မင်းကြီး အဘယ်သို့အမိန့်ရှိတော်မူခဲ့ကြောင်းကို လည်းကောင်းဖော်ပြ၏။ ထိုသူတို့က``ပြန်လည်တည်ဆောက်မှုကိုငါ တို့အစပြုကြကုန်အံ့'' ဟုဆိုကာအလုပ် စရန်အသင့်ပြင်ဆင်ကြလေသည်။ ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။ ထိုအခါငါက``ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အားအောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။ ငါတို့သည်ကိုယ်တော်၏ အစေခံများဖြစ်၍ဗိမာန်တော်တည်ဆောက် မှုကိုအစပြုကြမည်။ သင်တို့မူကားယေရု ရှလင်မြို့တွင်ဘာမျှမပိုင်။ ဤမြို့တွင်သင် တို့နှင့်ဆိုင်သောမှတ်သားဖွယ်ရာဘာမျှ မရှိ'' ဟုပြန်ပြော၏။
နေဟမိ 2:11-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ငါသည် ဂျေရုဆလင်မြို့သို့ရောက်၍ ထိုမြို့၌ သုံးရက်နေပြီးမှ ငါ၏ဘုရားသခင် ငါ့အားဖွင့်ပြပေးသော ဂျေရုဆလင်မြို့နှင့်ဆိုင်သည့် လုပ်ဆောင်ရမည့်အရာကို မည်သူ့ကိုမျှမပြော၊ ငါနှင့်ပါလာသောလူအချို့တို့နှင့် ညအချိန်တွင်ထ၍ ငါစီးလာသောမြင်းမှတစ်ပါး အခြားတိရစ္ဆာန်တစ်ကောင်မျှမပါဘဲ ထိုညအချိန်တွင်ပင် ချိုင့်ဝှမ်းလွင်ပြင်တံခါးမှထွက်၍ မြွေနဂါးရေတွင်းနှင့်မျက်နှာချင်းဆိုင် နောက်ချေးပုံတံခါးသို့သွားပြီး ပြိုပျက်သွားသောဂျေရုဆလင်မြို့ရိုးနှင့် မီးလောင်ကျွမ်းသွားသောတံခါးများကို ကြည့်ရှုစစ်ဆေး၏။ ထို့နောက် စမ်းရေတွင်းတံခါးနှင့် ဘုရင့်ရေကန်ဘက်သို့ သွားရာ ငါစီးလာသောမြင်းသွားဖို့ရာ လမ်းမရှိ။ ထို့ကြောင့် ထိုည၌ပင် ချောင်းနားသို့သွား၍ မြို့ရိုးကို ကြည့်ရှုစစ်ဆေးပြီးလျှင် ပြန်လှည့်လာပြီး ချိုင့်ဝှမ်းလွင်ပြင်တံခါးမှ ပြန်ဝင်လာခဲ့၏။ ဂျူးလူမျိုးများ၊ ယဇ်ပုရောဟိတ်များ၊ မှူးမတ်များ၊ မင်းအရာရှိများနှင့် အခြားအလုပ်သမားများကို ဘာမျှ ငါမပြောပြသေးသဖြင့် မည်သည့်နေရာသို့ ငါသွား၍ မည်သည့်အရာပြုသည်ကို မင်းအရာရှိတို့သည် မသိကြပေ။ ထို့နောက်မှ ငါက “ငါတို့ခံရသောဒုက္ခကို သင်တို့တွေ့ပြီလော။ ဂျေရုဆလင်မြို့လည်း ပျက်စီးပြီ။ မြို့တံခါးများလည်း မီးလောင်ကျွမ်းပြီ။ လာကြ။ နောက်ထပ် ကဲ့ရဲ့ရှုတ်ချမခံရအောင် ဂျေရုဆလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ကြစို့”ဟု သူတို့အား ဆို၏။ ထို့ပြင် ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူကြောင်းနှင့် ငါ့အား ရှင်ဘုရင် ပြောခဲ့သောစကားများကို သူတို့အားပြောပြသောအခါ သူတို့က “ငါတို့ ထ၍တည်ဆောက်ကြစို့”ဟု ဆိုလျက် ထိုကောင်းသောအမှုကို အားတက်သရော စတင်လုပ်ဆောင်ကြ၏။ ထိုအကြောင်းကို ဟောရနိလူမျိုးသမ္ဘာလတ်၊ အမ္မုန်လူမျိုး အမှုထမ်းတောဘိနှင့် အာရပ်လူမျိုးဂေရှင်တို့ ကြားသောအခါ သူတို့သည် ငါတို့ကို ပြက်ရယ်ပြုလှောင်ပြောင်ကာ “သင်တို့ မည်သည့်အမှုကိုပြုကြသနည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြပြီလော”ဟု ဆိုကြ၏။ ငါကလည်း သူတို့အား “ကောင်းကင်ဘုံရှင်ဘုရားသခင်သည် ငါတို့အား အောင်မြင်ခွင့်ကို ပေးတော်မူမည်။ ကိုယ်တော်၏အစေအပါးများဖြစ်သောငါတို့သည် ထ၍ ပြန်လည်တည်ဆောက်ခြင်းအမှုကို ပြုမည်။ သင်တို့မူကား ဂျေရုဆလင်မြို့တွင် သင်တို့အဖို့ မည်သည့်ဝေစု၊ မည်သည့်အခွင့်အရေး၊ မည်သည့်အမှတ်ရစရာမျှ မရှိ”ဟု ဆိုလေ၏။