YouVersion လိုဂို
ရှာရန် အိုင်ကွန်

နေဟမိ 2:1-8

နေဟမိ 2:1-8 Judson Bible (JBMLE)

အာ​တ​ဇေ​ရဇ်​မင်း​ကြီး နန်း​စံ​နှစ်​ဆယ်၊ နိ​သန်​လ​တွင် ရှေ့​တော်၌ တင်​သော​စ​ပျစ်​ရည်​ကို ငါ​ကိုင်၍ ဆက်​လေ၏။ အ​ထက်​က တစ်​ခါ​မျှ ရှေ့​တော်၌ ညှိုး​ငယ်​သော​မျက်​နှာ​ကို မ​ပြ​ဖူး​သည်​ဖြစ်၍၊ ရှင်​ဘု​ရင်​က၊ ကျန်း​မာ​လျက်​နှင့် အ​ဘယ်​ကြောင့် မျက်​နှာ​ညှိုး​ငယ်​သ​နည်း။ ဝမ်း​နည်း​ဟန် ရှိ​ပါ​သည်​တ​ကား​ဟု မိန့်​တော်​မူ​လျှင်၊ ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ရှင်​ဘု​ရင်​က၊ အ​ဘယ်​သို့ တောင်း​လျှောက်​ချင်​သ​နည်း​ဟု မေး​တော်​မူ၏။ ငါ​က​လည်း အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ၍ ကျွန်​တော်​ကို စိတ်​နှင့်​တွေ့​တော်​မူ​လျှင်၊ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​ကို ကျွန်​တော်​ပြု​စု​ရ​မည်​အ​ကြောင်း၊ ယု​ဒ​ပြည်​သို့ စေ​လွှတ်​တော်​မူ​ပါ​ဟု ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​အား ဆု​တောင်း​ပြီး​မှ လျှောက်​လေ၏။ ထို​အ​ခါ မြောက်​သား​တော်​နှင့် ယှဉ်​ပြိုင်၍ ထိုင်​နေ​စဉ်၊ ရှင်​ဘု​ရင်​က၊ သင်​သွား​လျှင် အ​ဘယ်​မျှ​ကာ​လ ကြာ​လိမ့်​မည်​နည်း။ အ​ဘယ်​ကာ​လ​မှ ပြန်​လာ​မည်​နည်း​ဟု မေး​တော်​မူ​သော်၊ ကာ​လ​အ​ချိန်​ကို ငါ​လျှောက်​ထား​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် အ​လို​တော်​ရှိ၍ ငါ့​ကို လွှတ်​လိုက်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ရှင်​ဘု​ရင် အ​လို​တော်​ရှိ​လျှင်၊ မြစ်​အ​နောက်​ဘက်၌​ရှိ​သော မြို့​ဝန်​တို့​သည် ကျွန်​တော်​ကို​မ​ဆီး​မ​တား၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို သ​နား​တော်​မူ​ပါ။ ဥ​ယျာဉ်​တော်​မှူး အာ​သပ်​သည် ဗိ​မာန်​တော်​ရဲ​တိုက်​တံ​ခါး​တိုင်​နှင့် တံ​ခါး​ထုပ်​ဖို့​လည်း​ကောင်း၊ မြို့​ရိုး​နှင့် ကျွန်​တော်​နေ​ရာ အိမ်​ဖို့​လည်း​ကောင်း၊ သစ်​ကို​ပေး​ရ​မည်​အ​ကြောင်း၊ အ​မိန့်​တော်​စာ​ကို​လည်း သ​နား​တော်​မူ​ပါ​ဟု တောင်း​လျှောက်​သည်​အ​တိုင်း၊ ငါ၏​ဘု​ရား​သ​ခင့် တန်​ခိုး​ကျေး​ဇူး​တော်​ကြောင့် ရှင်​ဘု​ရင်​သည် ပေး​သ​နား​တော်​မူ၏။

နေဟမိ 2:1-8 Common Language Bible (BCL)

လေး​လ​မျှ​ကုန်​လွန်​ပြီး​နောက်၊ တစ်​နေ့​သော အ​ခါ​၌​ဧ​က​ရာဇ်​မင်း​အာ​တ​ဇေ​ရဇ်​သည် ပွဲ​တော်​တည်​လျက်​နေ​စဉ် ငါ​သည်​သူ​၏​ထံ သို့​သွား​၍​စ​ပျစ်​ရည်​ကို​ဆက်​လေ​၏။ မင်း ကြီး​သည်​ယ​ခင်​အ​ဘယ်​အ​ခါ​၌​မျှ​ငါ ၏​မျက်​နှာ​ညှိုး​ငယ်​သည်​ကို​မ​တွေ့​မ​မြင် ဘူး​သ​ဖြင့်၊- ငါ့​အား``သင်​သည်​အ​ဘယ်​ကြောင့်​ဤ​မျှ မျက်​နှာ​ညှိုး​ငယ်​ပါ​သ​နည်း။ သင့်​မှာ​ဖျား နာ​မှု​လည်း​မ​ရှိ​သ​ဖြင့် သင်​သည်​စိတ် မ​ချမ်း​မ​သာ​ဖြစ်​၍​မျက်​နှာ​ညှိုး​ငယ် ခြင်း​ဖြစ်​ရ​မည်'' ဟု​ဆို​၏။ ဤ​သို့​မင်း​ကြီး​ဆို​သော​အ​ခါ​ငါ​သည် ထိတ်​လန့်​ပြီး​လျှင်၊- ``အ​ရှင်​မင်း​ကြီး​သည်​ထာ​ဝ​စဉ်​သက် တော်​ရှည်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​၏ ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ်​ရာ​မြို့​သည် ပျက်​စီး​ယို​ယွင်း​လျက်​မြို့​တံ​ခါး​များ သည်​လည်း​မီး​လောင်​ကျွမ်း​ကုန်​ပြီ​ဖြစ် သ​ဖြင့် ကျွန်​တော်​မျိုး​သည်​အ​ဘယ်​သို့ လျှင်​မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ​နေ​နိုင်​ပါ မည်​နည်း'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဧ​က​ရာဇ်​မင်း​က``အ​ဘယ်​အ​ရာ​ကို​တောင်း လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင် ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပြီး​မှ၊- မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​သည် ကျွန်​တော်​မျိုး​အား​စိတ်​တော်​နှင့်​တွေ့​တော်​မူ ၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​ချက်​ကို​ခွင့်​ပြု ရန်​အ​လို​ရှိ​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး အား​ယု​ဒ​ပြည်​သို့​သွား​ခွင့်​ပြု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​ဘိုး​ဘေး​များ​အား​သင်္ဂြိုဟ် ရာ​မြို့​ကို​ပြန်​လည်​တည်​ဆောက်​ခွင့်​ပြု တော်​မူ​ပါ'' ဟု​လျှောက်​၏။ မိ​ဖု​ရား​နှင့်​ယှဉ်​တွဲ​၍​ထိုင်​လျက်​နေ​သော ဧ​က​ရာဇ်​မင်း​သည် ငါ​၏​လျှောက်​ထား ချက်​ကို​ခွင့်​ပြု​တော်​မူ​ပြီး​လျှင် ငါ့​အား``သင် သည်​အ​ဘယ်​မျှ​ကြာ​အောင်​သွား​လို​ပါ သ​နည်း။ အ​ဘယ်​အ​ခါ​၌​ပြန်​လာ​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။ ငါ​သည်​ပြန်​လာ မည့်​အ​ချိန်​ကို​လျှောက်​ထား​၏။ ထို​နောက်​ငါ​သည်​ယု​ဒ​ပြည်​သို့​ခ​ရီး​ပြု ရာ​တွင် လို​အပ်​သည့်​အ​ကူ​အ​ညီ​ပေး​ရန် အ​တွက်​ဥ​ဖ​ရတ်​မြစ်​ကြီး​အ​နောက်​ဘက် ပြည်​နယ်​ဘု​ရင်​ခံ​များ​ထံ​သို့​အ​မှာ​တော် စာ​ကို​လည်း​ကောင်း၊- ဗိ​မာန်​တော်​ရဲ​တိုက်​ဝင်း​တံ​ခါး​များ၊ မြို့​ရိုး များ​နှင့်​ငါ​၏​အိမ်​အ​တွက်​သစ်​ပေး​ရန်​ဘု​ရင့် သစ်​တော​ဝန်​အာ​သပ်​ထံ​သို့ အ​မှာ​တော်​စာ ကို​လည်း​ကောင်း​သ​နား​တော်​မူ​ရန်​ပန်​ကြား ၏။ ဘု​ရား​သ​ခင်​သည်​ငါ​နှင့်​အ​တူ​ရှိ​တော် မူ​သည်​ဖြစ်​၍ ဧ​က​ရာဇ်​မင်း​သည်​ငါ​တောင်း သ​မျှ​သော​အ​ရာ​တို့​ကို​ပေး​သ​နား​တော် မူ​ပေ​သည်။

နေဟမိ 2:1-8 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာတဇေရဇ်​မင်းကြီး နန်းစံ​အနှစ်​နှစ်ဆယ်​မြောက်​၊ နိသန်​လ​တွင် ရှေ့​တော်​၌ ရှိ​သော စပျစ်ဝိုင်​ကို ငါ​သည် ယူ​၍ ရှင်ဘုရင်​ထံ ဆက်သ​၏​။ ထိုစဉ် ငါ​သည် ယခင်​က မဖြစ်စဖူး မျက်နှာ​ညှိုးငယ်​လျက်​ရှိ​၏​။ ထိုအခါ ရှင်ဘုရင်​က “​သင်​ကျန်းမာ​ပါ​လျက်​နှင့် အဘယ်ကြောင့် မျက်နှာ​ညှိုးငယ်​နေ​ရ​သနည်း​။ ဝမ်းနည်းစရာ​အကြောင်း ရှိ​နေ​သည်​မ​ဟုတ်​လော​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် အလွန်​ကြောက်ရွံ့​လျက် မင်းကြီး​အား “​အရှင်မင်းကြီး သက်တော်ရှည်​ပါစေ​။ အကျွန်ုပ်​ဘိုးဘေး​တို့​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​သည် ပျက်စီး​၍ မြို့​တံခါး​များ မီး​လောင်ကျွမ်း​သွား​သောကြောင့် အကျွန်ုပ် မျက်နှာ​မ​ညှိုး​ဘဲ နေ​နိုင်​ပါ​မည်လော​”​ဟု ပြန်လျှောက်​၏​။ ထိုအခါ ရှင်ဘုရင်​က “​သင်​မည်သို့​ပြု​လို​သနည်း​”​ဟု ငါ့​အား မေး​တော်မူ​လျှင် ငါ​သည် ကောင်းကင်ဘုံရှင်​ဘုရားသခင်​ထံ ဆုတောင်း​၏​။ ထို့နောက် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​၍ အရှင့်​အစေအပါး​အား မျက်နှာသာ​ပေး​မည်​ဆိုလျှင် အကျွန်ုပ်​တို့​ဘိုးဘေး​၏​သင်္ချိုင်းမြေ​ရှိ​ရာ​မြို့​ကို ပြန်လည်​တည်ဆောက်​ရန် ယုဒ​ပြည်​သို့ ပြန်ခွင့်​ပေး​တော်မူ​ပါ​”​ဟု လျှောက်ဆို​၏​။ ထိုအခါ မိဖုရား​နှင့်အတူ​ထိုင်​နေ​သော​ရှင်ဘုရင်​က “​သင့်​ခရီးစဉ် မည်မျှ​ကြာ​မည်နည်း​။ မည်သည့်​အချိန်​၌ ပြန်လာ​မည်နည်း​”​ဟု ငါ့​အား မေးမြန်း​လျှင် ငါ​သည် ကြာ​မည့်​အချိန်​ကို ပြောပြ​ရာ မင်းကြီး​က သဘောတူ​သဖြင့် ငါ့​ကို ပြန်ခွင့်​ပြု​၏​။ ထို့ပြင် ရှင်ဘုရင်​အား “​အရှင်မင်းကြီး အလို​တော်​ရှိ​လျှင် ယုဒ​ပြည်​သို့​ပြန်သွား​ရာ​တွင် ယူဖရေးတီး​မြစ်​အနောက်ဘက်ကမ်း​ကို​ဖြတ်သန်း​ခွင့်​ပြု​ရန် ထို​ဒေသ​၏​ဘုရင်ခံ​တို့​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​။ ထို့ပြင် အိမ်​တော်​နား​ရှိ ရဲတိုက်​တံခါး​များ​၊ မြို့​တံတိုင်း​နှင့် အကျွန်ုပ်​နေ​ဖို့​အိမ်​တို့​ကို ဆောက်လုပ်​ရန် သစ်​များ​ကို​ပေး​မည့်​အကြောင်း အရှင်မင်းကြီး​၏​သစ်တောဝန်​အာသပ်​ထံ အမိန့်စာ​ကို ပါးလိုက်​တော်မူ​ပါ​”​ဟု တောင်းလျှောက်​ရာ ဘုရားသခင်​သည် ငါ​နှင့်အတူ​ရှိ​၍ ကျေးဇူး​ပြု​တော်မူ​သောကြောင့် ရှင်ဘုရင်​သည် ငါ​တောင်းဆို​သည့်​အတိုင်း ပြု​ပေး​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။