YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 6:6-34

ရှင်မာကု 6:6-34 Judson Bible (JBMLE)

ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။ တစ်​ကျိပ်​နှစ်​ပါး​သော တ​ပည့်​တော်​တို့​ကို ခေါ်​တော်​မူ​ပြီး​မှ၊ ညစ်​ညူး​သော​နတ်​တို့​ကို နိုင်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​လျက်၊ နှစ်​ယောက်​စီ​နှစ်​ယောက်​စီ စေ​လွှတ်​တော်​မူ၍၊- သင်​တို့​သည် တောင်​ဝှေး​တစ်​ခု​မှ​တစ်​ပါး လမ်း​ခ​ရီး​ဖို့ အ​ဘယ်​အ​ရာ​ကို​မျှ မ​ယူ​ကြ​နှင့်။ လွယ်​အိတ်​နှင့် မုန့်​မှ​စ၍ ခါး​ပန်း၌ ကြေး​ငွေ​ကို မ​ယူ​ကြ​နှင့်။- ခြေ​နင်း​ကို စီး​ကြ​လော့။ အင်္ကျီ​နှစ်​ထပ် မ​ဝတ်​ကြ​နှင့်​ဟု မှာ​ထား​တော်​မူ၏။- ထို​မှ​တစ်​ပါး သင်​တို့​သည် မည်​သည်​အိမ်​သို့​ဝင်​လျှင်၊ ထို​အိမ်​တွင် ထို​အ​ရပ်​မှ မ​ထွက်​မ​သွား​မီ​တိုင်​အောင် နေ​ကြ​လော့။- အ​ကြင်​သူ​တို့​သည် သင်​တို့​ကို လက်​မ​ခံ၊ သင်​တို့၏ စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ၏။ ထို​သူ​တို့​နေ​ရာ အ​ရပ်​မှ ထွက်​သွား​စဉ်၊ သူ​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့၏​ခြေ​ဖ​ဝါး​မှ မြေ​မှုန့်​ကို ခါ​လိုက်​ကြ​လော့။ ငါ​အ​မှန်​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ထက် သာ၍ ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် ထွက်​သွား၍ နောင်​တ​တ​ရား​ကို ဟော​ကြ၏။- နတ်​ဆိုး​များ​ကို နှင်​ထုတ်​ကြ၏။ မ​ကျန်း​မ​မာ​သော သူ​များ​တို့​ကို ဆီ​နှင့်​လူး၍ အ​နာ​ကို ငြိမ်း​စေ​ကြ၏။ ထို​အ​ခါ သ​တင်း​တော်​ကျော်​စော​သည် ဖြစ်၍၊ ဟေ​ရုဒ်​မင်း​ကြီး​သည် ကြား​လျှင်၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ။ ထို​ကြောင့် တန်​ခိုး​များ​ကို ပြ​နိုင်​သည်​ဟု ဆို၏။- လူ​အ​ချို့​က၊ ဤ​သူ​သည် ဧ​လိ​ယ​ဖြစ်​သည်​ဟု ဆို​ကြ၏။ အ​ချို့​က၊ ရှေး​ပ​ရော​ဖက်​ကဲ့​သို့ ပ​ရော​ဖက်​ဖြစ်​သည်​ဟု ဆို​ကြ၏။- ဟေ​ရုဒ်​သည် ကြား​လျှင်၊ ဤ​သူ​ကား ငါ၏​အ​မိန့်​နှင့် လည်​ပင်း​ကို​ဖြတ်​သော ယော​ဟန်​ဖြစ်၏။ သေ​ခြင်း​မှ ထ​မြောက်​လေ​ပြီ​ဟု ဆို​လေ၏။- အ​ထက်​က ဟေ​ရုဒ်​သည် မိ​မိ​ညီ ဖိ​လိ​ပ္ပု၏ ခင်​ပွန်း​ဟေ​ရော​ဒိ​ကို သိမ်း​ယူ​သ​ဖြင့်၊ ထို​မိန်း​မ​အ​ကြောင်း​ကြောင့် စေ​လွှတ်၍ ယော​ဟန်​ကို ဖမ်း​ဆီး​ပြီး​လျှင် ထောင်​ထဲ​မှာ ချုပ်​နှောင်​လေ၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​က အ​ရှင်​မင်း​ကြီး​သည် ညီ​တော်၏​ခင်​ပွန်း​ကို မ​သိမ်း​အပ်​ဟု ဟေ​ရုဒ်​အား ဆို​လေ​ပြီ။- ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။- သို့​သော်​လည်း ယော​ဟန်​သည် ဖြောင့်​မတ်​သန့်​ရှင်း​သော​သူ​ဖြစ်​ကြောင်း​ကို ဟေ​ရုဒ်​သည် သိ၍ သူ့​ကို ကြောက်​ရွံ့​ရို​သေ၏။ သူ့​ကို​လည်း စောင့်​မ၏။ အ​မှု​အ​ရာ​များ​တို့၌ သူ၏​စ​ကား​ကို နား​ထောင်၍ ဝမ်း​မြောက်​သော​စိတ်​နှင့်​လည်း နား​ထောင်​တတ်​သည်​ဖြစ်​သော​ကြောင့် ထို​မိန်း​မ​သည် အ​ခွင့်​မ​ရ​နိုင်။ ထို​နောက်​မှ အ​ဆင်​သင့်​သော​အ​ခါ ဟေ​ရုဒ်​ကို ဖွား​သော​နေ့​ရက်၌ နှစ်​စဉ်​ပွဲ​ကို​ခံ၍ မှူး​မတ်၊ စစ်​သူ​ကြီး၊ ဂါ​လိ​လဲ​ပြည်၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​ကို ကျွေး​တော်​မူ​စဉ်​တွင်၊- ဟေ​ရော​ဒိ၏​သ​မီး​သည် ဝင်၍ က​သ​ဖြင့်၊ ဟေ​ရုဒ်​မှ​စ၍ အ​ပေါင်း​အ​ဖော်​တို့​အား နူး​ညွတ်​သော​စိတ်​ကို ဖြစ်​စေ၏။ ထို​အ​ခါ မင်း​ကြီး​က၊ သင်​သည် အ​လို​ရှိ​သ​မျှ​ကို တောင်း​လော့၊ ငါ​ပေး​မည်​ဟု ထို​မိန်း​မ​ငယ်​အား ဆို​လေ၏။- တစ်​ဖန်​လည်း၊ သင်​တောင်း​သ​မျှ​ကို ငါ့​နိုင်​ငံ တစ်​ဝက်​တိုင်​အောင် ငါ​ပေး​မည်​ဟု ကျိန်​ဆို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ထွက်၍ အ​ဘယ်​အ​ရာ​ကို တောင်း​ရ​မည်​နည်း​ဟု သူ၏​အ​မိ​ကို​မေး​လျှင် အ​မိ​က၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို တောင်း​လော့​ဟု ပြန်​ဆို​သော်၊- ချက်​ချင်း မိန်း​မ​ငယ်​သည် မင်း​ကြီး​ထံ​သို့ အ​လျင်​တ​ဆော​ဝင်၍၊ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်၏ ဦး​ခေါင်း​ကို ဤ​လင်​ပန်း၌ အ​လျင်​အ​မြန်​ပေး​တော်​မူ​စေ​ခြင်း​ငှာ ကျွန်​မ အ​လို​ရှိ​ပါ​သည်​ဟု တောင်း​လျှောက်၏။- မင်း​ကြီး​သည် အ​လွန်​ဝမ်း​နည်း​ခြင်း​ရှိ​သော်​လည်း၊ ကျိန်​ဆို​ခြင်း​ကို​လည်း​ကောင်း၊ အ​ပေါင်း​အ​ဖော်​တို့၏ မျက်​နှာ​ကို​လည်း​ကောင်း၊ ထောက်​သော​ကြောင့်၊ ထို​မိန်း​မ​ငယ်​ကို မ​ငြင်း​မ​ပယ်​လို၍၊- ဦး​ခေါင်း​ကို ယူ​ခဲ့​ဟု အ​မိန့်​တော်​ရှိ​လျက် လူ​စောင့်​တစ်​ယောက်​ကို ချက်​ချင်း​စေ​လွှတ်​လျှင်၊ လူ​စောင့်​သည်​သွား၍ ယော​ဟန်၏​လည်​ပင်း​ကို ထောင်​ထဲ​မှာ ဖြတ်​လေ၏။- ဦး​ခေါင်း​ကို လင်​ပန်း၌​ဆောင်​ခဲ့၍ ထို​မိန်း​မ​ငယ်​အား ပေး​ပြီး​မှ မိန်း​မ​ငယ်​သည်​လည်း သူ့​အ​မိ​ကို ပေး​လေ၏။- ယော​ဟန်၏​တ​ပည့်​တို့​သည်​လည်း ကြား​သော​အ​ခါ လာ၍​အ​လောင်း​ကို ဆောင်​သွား​ပြီး​လျှင် သင်္ချိုင်း​တွင်း၌ ထား​ကြ၏။ တ​မန်​တော်​တို့​သည် ယေ​ရှု​ထံ​တော်၌ စု​ဝေး၍၊ မိ​မိ​တို့​ပြု​သ​မျှ သွန်​သင်​သ​မျှ​တို့​ကို ကြား​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း၊ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ လာ​ကြ။ ခ​ဏ​အား​ဖြည့်၍ ငြိမ်​သက်​စွာ နေ​ကြ​ဟု မိန့်​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ လူ​များ သွား​လာ​ကြ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် အ​စာ​စား​ခြင်း​ငှာ​မျှ မ​အား​နိုင်​ကြ။- ထို​ကြောင့်၊ လှေ​စီး၍ တော၌ ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ သွား​ကြ၏။- သွား​ကြ​သည်​ကို လူ​များ​တို့​သည်​မြင်၍ ကိုယ်​တော်​ဖြစ်​သည်​ကို သိ​လျှင်၊ အ​မြို့​မြို့​အ​ရွာ​ရွာ​တို့​မှ ထွက်၍ ထို​အ​ရပ်​သို့ ကုန်း​ကြောင်း​ပြေး​သွား​သ​ဖြင့်၊ တ​မန်​တော်​တို့​အ​ရင်​ရောက်၍ အ​ထံ​တော်၌ စု​ဝေး​ကြ၏။- ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။

ရှင်မာကု 6:6-34 Common Language Bible (BCL)

ကိုယ်​တော်​သည်​ထို​သူ​တို့​ယုံ​ကြည်​ခြင်း​ကင်း​မဲ့ ကြ​သည်​ကို​အံ့​သြ​တော်​မူ​၏။ ထို့​နောက်​သ​ခင်​ယေ​ရှု​သည်​အ​နီး​အ​နား​ရှိ ကျေး​ရွာ​များ​သို့​သွား​၍​ဟော​ပြော​သွန်​သင် တော်​မူ​၏။ တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ဦး​တို့​ကို​အ​ထံ​တော် သို့​ခေါ်​တော်​မူ​ပြီး​နောက် နှစ်​ယောက်​စီ​တွဲ​၍​မြို့ ရွာ​များ​သို့​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​အား​ညစ် ညမ်း​သော​နတ်​များ​ကို​နှိမ်​နင်း​နိုင်​သော​တန်​ခိုး အာ​ဏာ​ကို​အပ်​နှင်း​တော်​မူ​၏။- ကိုယ်​တော်​က ``လမ်း​ခ​ရီး​အ​တွက်​တောင်​ဝှေး​မှ တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ​မ​ယူ​ကြ​နှင့်။ ရိက္ခာ၊ လွယ်​အိတ်၊ ခါး​ပန်း​၌​ကြေး​ငွေ​များ​ကို​ယူ​မ သွား​ကြ​နှင့်။- ဖိ​နပ်​ကို​စီး​ကြ​လော့။ သို့​ရာ​တွင်​အင်္ကျီ​နှစ်​ထပ် မ​ဝတ်​နှင့်။- ထို​မှ​တစ်​ပါး​မည်​သည့်​မြို့​တွင်​မ​ဆို​သင်​တို့ အား ဦး​စွာ​လက်​ခံ​သည့်​အိမ်​မှ​မ​ရွေ့​မ​ပြောင်း ကြ​နှင့်။ ထို​မြို့​မှ​မ​ထွက်​ခွာ​မီ​ကာ​လ​ပတ်​လုံး ထို​အိမ်​တွင်​သာ​တည်း​ခို​ကြ​လော့။- သင်​တို့​ကို​လက်​မ​ခံ​သည့်​အ​ရပ်​တွင်​မ​နေ​ကြ​နှင့်။ သင်​တို့​ဟော​ပြော​သွန်​သင်​သည်​ကို​နား​မ​ထောင် သူ​များ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လော့။ ထွက်​ခွာ သွား​သည့်​အ​ခါ​တွင်​သူ​တို့​ကို​သ​တိ​ပေး​သည့် အ​နေ​ဖြင့် သင်​တို့​ခြေ​ဖ​ဝါး​မှ​မြေ​မှုန့်​ကို ခါ​ချ​ခဲ့​ကြ​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​ထွက်​သွား​၍​လူ​တို့ နောင်​တ​ရ​ကြ​စေ​ရန်​ဟော​ပြော​ကြ​၏။- များ​စွာ​သော​နတ်​မိစ္ဆာ​တို့​ကို​နှင်​ထုတ်​ကြ​၏။ ဖျား​နာ​သူ​အ​မြောက်​အ​မြား​ကို​ဆီ​လိမ်း ၍​ကျန်း​မာ​စေ​ကြ​၏။ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​တော်​သည်​ကျော် ကြား​လာ​သ​ဖြင့် ဟေ​ရုဒ်​ဘု​ရင်​၏​နား​တော်​သို့​ပင် ရောက်​ရှိ​လေ​သည်။ လူ​အ​ချို့​တို့​က ``သေ​ရာ​မှ ပြန်​ရှင်​လာ​သော​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ဖြစ်​၏။ သို့​ဖြစ်​၍​သူ​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ လျက်​ရှိ​၏'' ဟု​ဆို​ကြ​၏။ အ​ချို့​သူ​များ​က ``ယေ​ရှု​သည်​ဧ​လိ​ယ​ဖြစ် ၏'' ဟု​ဆို​ကြ​၏။ အ​ချို့​သူ​များ​က​မူ ``ယေ​ရှု​သည်​ရှေး​ပ​ရော​ဖက် များ​ကဲ့​သို့​သော​ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​၏'' ဟု ပြော​ဆို​ကြ​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဟေ​ရုဒ် က ``ငါ​ဦး​ခေါင်း​ဖြတ်​ခဲ့​သော​ယော​ဟန်​သည် အ​သက်​ပြန်​ရှင်​လေ​ပြီ'' ဟု​ဆို​၏။- ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး၊ ဟေ​ရော ဒိ​အား​မိ​မိ​သိမ်း​ပိုက်​မှု​နှင့်​ပတ်​သက်​၍ ယော​ဟန် ကို​ဖမ်း​ဆီး​ပြီး​လျှင်​ထောင်​တွင်​ချုပ်​နှောင်​ထား စေ​၏။- ယော​ဟန်​သည်​ဟေ​ရုဒ်​အား ``သင်​သည်​ညီ​ဖြစ်​သူ ၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု​အ​ဖန်​ဖန် ကန့်​ကွက်​ပြော​ဆို​ခဲ့​၏။ သို့​ဖြစ်​၍​ဟေ​ရော​ဒိ​သည်​ယော​ဟန်​ကို​ရန်​ငြိုး​ဖွဲ့ ၍​သတ်​လို​၏။ သို့​ရာ​တွင်​သတ်​ရန်​ကား​မ​တတ်​နိုင်။- ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။ ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​အ​တွက် အ​ခါ အ​ခွင့်​သာ​လာ​၏။ ထို​နေ့​၌​ဟေ​ရုဒ်​သည်​ဂါ​လိ​လဲ ပြည်​မှ​ခေါင်း​ဆောင်​ကြီး​များ၊ တပ်​မ​တော်​အ​ရာ​ရှိ ကြီး​များ၊ ဂုဏ်​အ​သ​ရေ​ရှိ​လူ​ကြီး​လူ​ကောင်း​များ ကို​ဖိတ်​ကြား​လျက်​ည​စာ​စား​ပွဲ​တစ်​ရပ်​တည်​ခင်း ကျွေး​မွေး​၏။- ထို​ည​စာ​စား​ပွဲ​သို့​ဟေ​ရော​ဒိ​၏​သ​မီး​သည် လာ​၍ အ​က​နှင့်​ဖျော်​ဖြေ​၏။ သူ​သည်​ဟေ​ရုဒ်​နှင့် ဧည့်​သည်​တော်​အ​ပေါင်း​တို့​၏​စိတ်​ကို​များ​စွာ ရွှင်​လန်း​စေ​၏။ ဘု​ရင်​မင်း​က​သူ​ငယ်​မ​အား ``သင် နှစ်​သက်​ရာ​ကို​တောင်း​လော့။ သင့်​အား​ငါ​ပေး​မည်။- ငါ​၏​နိုင်​ငံ​တစ်​ဝက်​တိုင်​အောင်​သင်​တောင်း​သ​မျှ ကို​ငါ​ပေး​မည်'' ဟု​ကျိန်​ဆို​၍​ပြော​၏။ သူ​ငယ်​မ​သည်​မင်း​ကြီး​၏​ထံ​မှ​ထွက်​သွား​ကာ မိ​ခင်​အား ``ကျွန်​မ​သည်​အ​ဘယ်​အ​ရာ​ကို တောင်း​ခံ​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ မိ​ခင်​က ``ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​၏​ဦး​ခေါင်း​ကို​တောင်း လော့'' ဟု​ဆို​၏။ သူ​ငယ်​မ​သည်​ချက်​ချင်း​ပင်​မင်း​ကြီး​၏​ထံ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင် ``ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​၏​ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင် ၍ ယ​ခု​ပင်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထို​အ​ခါ​မင်း​ကြီး​သည်​များ​စွာ​စိတ်​မ​ချမ်း​မ​သာ ဖြစ်​တော်​မူ​၏။ သို့​ရာ​တွင်​ဧည့်​သည်​တော်​များ​ရှေ့ တွင် မိ​မိ​ကျိန်​ဆို​၍​ပေး​ခဲ့​သည့်​က​တိ​ကို​ထောက် ၍ သူ​ငယ်​မ​၏​တောင်း​လျှောက်​ချက်​ကို​မ​ငြင်း မ​ပယ်​နိုင်။- သို့​ဖြစ်​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ယူ​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ ကိုယ်​ရံ​တော်​တပ်​သား​တစ်​ယောက်​ကို စေ​လွှတ်​လိုက်​၏။ တပ်​သား​သည်​အ​ကျဉ်း​ထောင်​သို့ သွား​၍​ယော​ဟန်​၏​ဦး​ခေါင်း​ကို​ဖြတ်​၏။- ဦး​ခေါင်း​ကို​လင်​ပန်း​ပေါ်​တွင်​တင်​၍​ယူ​ဆောင် လာ​ပြီး​နောက် သူ​ငယ်​မ​အား​ပေး​၏။ သူ​ငယ်​မ သည်​လည်း​မိ​ခင်​အား​တစ်​ဆင့်​ပေး​၏။- ယော​ဟန်​၏​တ​ပည့်​တို့​သည်​ဤ​သ​တင်း​ကို ကြား​သော​အ​ခါ လာ​၍​ယော​ဟန်​၏​အ​လောင်း ကို​ယူ​ပြီး​လျှင်​ဂူ​သွင်း​ထား​ကြ​၏။ တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။- များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။ ထို​သို့​သွား​သည်​ကို​လူ​အ​များ​ပင်​မြင်​လိုက် သ​ဖြင့် ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​ဖြစ်​ကြောင်း သိ​ကြ​၏။ ထို့​ကြောင့်​အ​မြို့​မြို့​အ​ရွာ​ရွာ​မှ​လူ အ​ပေါင်း​တို့​သည် ကိုယ်​တော်​သွား​ရာ​အ​ရပ်​သို့ အ​လျင်​အ​မြန်​ကုန်း​ကြောင်း​လိုက်​သ​ဖြင့်​ကိုယ် တော်​နှင့်​တ​ပည့်​တော်​တို့​မ​ရောက်​မီ​ရောက်​နှင့် နေ​ကြ​၏။- ကိုယ်​တော်​သည်​လှေ​မှ​တက်​တော်​မူ​သော​အ​ခါ လူ​ထု​ကြီး​ကို​မြင်​တော်​မူ​၏။ သိုး​ထိန်း​မဲ့​သည့် သိုး​များ​ကဲ့​သို့​ဖြစ်​နေ​ကြ​သ​ဖြင့် သူ​တို့​ကို သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​များ​စွာ​သော​တ​ရား စ​ကား​များ​ကို သူ​တို့​အား​ဟော​ပြော​သွန်​သင် တော်​မူ​၏။

ရှင်မာကု 6:6-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ​စေလွှတ်​ကာ သူ​တို့​အား ညစ်ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အခွင့်​အာဏာ​ကို​ပေး​တော်မူ​၏။ ထို့ပြင် လမ်း​ခရီး​အတွက် တောင်ဝှေး​တစ်​ချောင်း​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အစားအစာ​၊ လွယ်အိတ်၊ ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါးပန်း​၌​မ​ထည့်​သွား​ဘဲ ဖိနပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်မှာ​တော်မူ​၏။ တစ်ဖန် သူ​တို့​အား“မည်သည့်​အရပ်​တွင်​မဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ​ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။ မည်သည့်​အရပ်​၌​မဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အရပ်​မှ​ထွက်ခွာ​ကြ​စဉ် သူ​တို့​တစ်ဖက်၌ သက်သေ​ဖြစ်​စေရန် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။ သူ​တို့​သည် များစွာ​သော​နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကာ မ​ကျန်းမာ​သော​သူ​များစွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်းမာ​စေ​ကြ​၏။ ကိုယ်တော်​၏​နာမ​တော်​သည် ထင်ပေါ်​ကျော်ကြား​လာ​သဖြင့် ဟေရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အချို့​တို့​က “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌ တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “သူ​သည် ဧလိယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အချို့​တို့​က​လည်း “ရှေး​ပရောဖက်​များ​တစ်ပါးပါး​ကဲ့သို့သော​ပရောဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။ ဟေရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်းဖြတ်​ကွပ်မျက်​ခဲ့​သော​ယောဟန်​သည် ထမြောက်​လေ​ပြီ”​ဟု ဆို​၏။ ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့် ယောဟန်​က “သင်​သည် အစ်ကို​၏​ဇနီး​ကို​သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ ဟေရောဒိ​သည် ယောဟန်​ကို​ရန်ငြိုး​ထား​လျက် သတ်​လို​သော်လည်း အခွင့်​မ​ရ​ခဲ့​ချေ။ အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။ သို့သော် အခွင့်ကောင်း​ရောက်လာ​လေ​၏။ ဟေရုဒ်​သည် မိမိ​၏​မွေးနေ့​၌ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ​နှင့် ဂါလိလဲ​နယ်​၏​ခေါင်းဆောင်​များ​အတွက် ညစာ​စားပွဲ​ကျင်းပ​သောအခါ ဟေရောဒိ​၏​သမီး​သည် ထို​စားပွဲ​သို့​ဝင်လာ​၍ က​ပြ​လျက် ဟေရုဒ်​မှစ၍ သူ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​ကို နှစ်သက်​စေ​၏။ ဟေရုဒ်​က “လိုချင်​သမျှ​သော​အရာ​ကို​တောင်း​လော့။ သင့်​ကို ငါ​ပေး​မည်”​ဟု မိန်းကလေး​အား​ဆို​ပြီးမှ တစ်ဖန် “ငါ့​ကို​သင်​တောင်း​သမျှ ငါ့​နိုင်ငံ​တစ်ဝက်​တိုင်အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်တည်​ပြောဆို​လေ​၏။ ထိုအခါ မိန်းကလေး​သည်​ထွက်သွား​၍ “မည်သည့်​အရာ​ကို တောင်း​ရ​ပါ​မည်နည်း”​ဟု မိမိ​၏​မိခင်​အား​မေး​လေ​ရာ မိခင်​က “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း”​ဟု ဆို​၏။ သူ​သည်​လည်း ချက်ချင်း​ပင် မင်းကြီး​ထံ​အလျင်အမြန်​ဝင်​၍ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယခုပင် ကျွန်မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်းလျှောက်​လေ​၏။ မင်းကြီး​သည် အလွန်​စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ သူ့​ကို မ​ငြင်းဆန်​လို​သဖြင့် အာဏာပါးကွက်သား​တစ်​ဦး​ကို ချက်ချင်း​စေလွှတ်​ကာ ယောဟန်​၏​ဦးခေါင်း​ကို​ယူဆောင်​ခဲ့​ရန် အမိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​ပြီးလျှင် ထို​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​၏။ မိန်းကလေး​သည်​လည်း ၎င်း​ကို မိမိ​၏​မိခင်​အား​ပေး​လေ​၏။ ယောဟန်​၏​တပည့်​တို့​သည် ထို​သတင်း​ကို​ကြားသိ​ကြ​သောအခါ လာ​၍ သူ​၏​အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် ဂူသွင်း​သင်္ဂြိုဟ်​ကြ​၏။ တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သင်​တို့​ချည်းသာ​လာ​၍ ခေတ္တ​အနားယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သဖြင့် သူ​တို့​သည် အစာ​စား​ရန်​ပင် အချိန်​မ​ရ​ကြ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။ သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။ ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။