YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကုခရစ်ဝင် 6:6-34

ရှင်မာကုခရစ်ဝင် 6:6-34 MSBU

ကိုယ်တော်​သည် သူ​တို့​၏​မ​ယုံကြည်​မှု​အတွက် အံ့သြ​တော်မူ​၏​။ ဤသို့ဖြင့် ဝန်းကျင်​ရှိ​ကျေးရွာ​များ​သို့ လှည့်လည်​၍​သွန်သင်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို​ခေါ်​၍ နှစ်​ဦး​စီ​၊ နှစ်​ဦး​စီ​စေလွှတ်​ကာ သူ​တို့​အား ညစ်ညူး​သော​နတ်​တို့​ကို နိုင်​ရ​သော​အခွင့်​အာဏာ​ကို​ပေး​တော်မူ​၏။ ထို့ပြင် လမ်း​ခရီး​အတွက် တောင်ဝှေး​တစ်​ချောင်း​မှတစ်ပါး မည်သည့်​အရာ​ကို​မျှ​မ​ယူ​သွား​ကြ​ရန်​နှင့် အစားအစာ​၊ လွယ်အိတ်၊ ကြေး​ဒင်္ဂါး​တို့​ကို​လည်း ခါးပန်း​၌​မ​ထည့်​သွား​ဘဲ ဖိနပ်​ကို​သာ​စီး​၍ အင်္ကျီ​ကို​လည်း နှစ်​ထပ်​မ​ဝတ်​သွား​ကြ​ရန် မိန့်မှာ​တော်မူ​၏။ တစ်ဖန် သူ​တို့​အား“မည်သည့်​အရပ်​တွင်​မဆို အိမ်​တစ်​အိမ်​သို့ သင်​တို့​ဝင်​ကြ​သောအခါ ထို​အရပ်​မှ​ပြန်လည်​ထွက်ခွာ​သည့်​တိုင်အောင် ထို​အိမ်​၌​တည်းခို​ကြ​လော့။ မည်သည့်​အရပ်​၌​မဆို သင်​တို့​ကို​လက်​မ​ခံ၊ သင်​တို့​၏​စကား​ကို​လည်း​နား​မ​ထောင်​လျှင် ထို​အရပ်​မှ​ထွက်ခွာ​ကြ​စဉ် သူ​တို့​တစ်ဖက်၌ သက်သေ​ဖြစ်​စေရန် သင်​တို့​၏​ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည်​ထွက်သွား​၍ လူ​တို့​နောင်တရ​ကြ​မည့်​အကြောင်း ဟောပြော​ကြ​၏။ သူ​တို့​သည် များစွာ​သော​နတ်ဆိုး​တို့​ကို​နှင်ထုတ်​ကာ မ​ကျန်းမာ​သော​သူ​များစွာ​တို့​ကို ဆီ​လိမ်း​၍​ကျန်းမာ​စေ​ကြ​၏။ ကိုယ်တော်​၏​နာမ​တော်​သည် ထင်ပေါ်​ကျော်ကြား​လာ​သဖြင့် ဟေရုဒ်​မင်း​၏​နား​တော်​သို့​ရောက်​လေ​၏။ လူ​အချို့​တို့​က “ဗတ္တိဇံ​ဆရာ​ယောဟန်​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​လေ​ပြီ။ ထို့ကြောင့် သူ​၌ တန်ခိုး​လက္ခဏာ​များ​ထင်ရှား​နေ​၏”​ဟု ဆို​ကြ​၏။ အချို့​တို့​က​လည်း “သူ​သည် ဧလိယ​ဖြစ်​၏”​ဟု ဆို​ကြ​ပြီး အချို့​တို့​က​လည်း “ရှေး​ပရောဖက်​များ​တစ်ပါးပါး​ကဲ့သို့သော​ပရောဖက်​ဖြစ်​၏”​ဟု ဆို​ကြ​၏။ ဟေရုဒ်​သည်​ကြား​လျှင် “ငါ​ခေါင်းဖြတ်​ကွပ်မျက်​ခဲ့​သော​ယောဟန်​သည် ထမြောက်​လေ​ပြီ”​ဟု ဆို​၏။ ထိုသို့​ဆို​သည့်​အကြောင်းမှာ ဟေရုဒ်​သည် မိမိ​အစ်ကို ဖိလိပ္ပု​၏​ဇနီး ဟေရောဒိ​ကိစ္စ​ကြောင့် သူ​ကိုယ်တိုင်​လူ​လွှတ်​၍ ယောဟန်​ကို​ဖမ်းဆီး​ကာ ထောင်​ထဲ၌ ချုပ်နှောင်​ထား​၏။ အဘယ်ကြောင့်​ဆိုသော် ဟေရုဒ်​သည် ထို​မိန်းမ​နှင့်​ထိမ်းမြား​စုံဖက်​သဖြင့် ယောဟန်​က “သင်​သည် အစ်ကို​၏​ဇနီး​ကို​သိမ်းယူ​ခြင်း​မှာ တရား​တော်​နှင့်​မ​ညီ​ပါ”​ဟု ပြော​ခဲ့​သောကြောင့်​ဖြစ်​၏။ ဟေရောဒိ​သည် ယောဟန်​ကို​ရန်ငြိုး​ထား​လျက် သတ်​လို​သော်လည်း အခွင့်​မ​ရ​ခဲ့​ချေ။ အကြောင်းမူကား ယောဟန်​သည် ဖြောင့်မတ်​သန့်ရှင်း​သူ​ဖြစ်​ကြောင်း ဟေရုဒ်​သည်​သိ​၍ သူ့​ကို​ကြောက်ရွံ့​ရိုသေ​လျက် စောင့်ရှောက်​ထား​သည့်အပြင် ယောဟန်​၏​စကား​ကို​ကြား​ရ​သည့်အခါ အလွန်​စိတ်အနှောင့်အယှက်​ဖြစ်​တတ်​သော်လည်း ဝမ်းမြောက်​စွာ​နားထောင်​လေ့​ရှိ​သောကြောင့်​ဖြစ်​၏။ သို့သော် အခွင့်ကောင်း​ရောက်လာ​လေ​၏။ ဟေရုဒ်​သည် မိမိ​၏​မွေးနေ့​၌ မှူးကြီးမတ်ရာ​များ၊ တပ်မှူးကြီး​များ​နှင့် ဂါလိလဲ​နယ်​၏​ခေါင်းဆောင်​များ​အတွက် ညစာ​စားပွဲ​ကျင်းပ​သောအခါ ဟေရောဒိ​၏​သမီး​သည် ထို​စားပွဲ​သို့​ဝင်လာ​၍ က​ပြ​လျက် ဟေရုဒ်​မှစ၍ သူ​နှင့်အတူ​စားသောက်ပွဲ​၌​ထိုင်​နေ​သော​သူ​တို့​ကို နှစ်သက်​စေ​၏။ ဟေရုဒ်​က “လိုချင်​သမျှ​သော​အရာ​ကို​တောင်း​လော့။ သင့်​ကို ငါ​ပေး​မည်”​ဟု မိန်းကလေး​အား​ဆို​ပြီးမှ တစ်ဖန် “ငါ့​ကို​သင်​တောင်း​သမျှ ငါ့​နိုင်ငံ​တစ်ဝက်​တိုင်အောင် သင့်​အား ငါ​ပေး​မည်”​ဟု တိုင်တည်​ပြောဆို​လေ​၏။ ထိုအခါ မိန်းကလေး​သည်​ထွက်သွား​၍ “မည်သည့်​အရာ​ကို တောင်း​ရ​ပါ​မည်နည်း”​ဟု မိမိ​၏​မိခင်​အား​မေး​လေ​ရာ မိခင်​က “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း”​ဟု ဆို​၏။ သူ​သည်​လည်း ချက်ချင်း​ပင် မင်းကြီး​ထံ​အလျင်အမြန်​ဝင်​၍ “ဗတ္တိဇံ​ဆရာ​ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယခုပင် ကျွန်မ​အား​ပေး​စေ​လို​ပါ​သည်”​ဟု တောင်းလျှောက်​လေ​၏။ မင်းကြီး​သည် အလွန်​စိတ်မကောင်း​ဖြစ်​သော်လည်း ပြု​ထား​သော​ကတိ​သစ္စာ​ကို​လည်းကောင်း၊ စားပွဲ​၌​ထိုင်​နေ​သော​သူ​တို့​၏​မျက်နှာ​ကို​လည်းကောင်း ထောက်၍ သူ့​ကို မ​ငြင်းဆန်​လို​သဖြင့် အာဏာပါးကွက်သား​တစ်​ဦး​ကို ချက်ချင်း​စေလွှတ်​ကာ ယောဟန်​၏​ဦးခေါင်း​ကို​ယူဆောင်​ခဲ့​ရန် အမိန့်​ပေး​လေ​၏။ ထို​သူ​သည်​လည်း​သွား​၍ ယောဟန်​၏​ဦးခေါင်း​ကို ထောင်​ထဲ၌ ဖြတ်​ပြီးလျှင် ထို​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​၏။ မိန်းကလေး​သည်​လည်း ၎င်း​ကို မိမိ​၏​မိခင်​အား​ပေး​လေ​၏။ ယောဟန်​၏​တပည့်​တို့​သည် ထို​သတင်း​ကို​ကြားသိ​ကြ​သောအခါ လာ​၍ သူ​၏​အလောင်း​ကို​ယူဆောင်​သွား​ပြီးလျှင် ဂူသွင်း​သင်္ဂြိုဟ်​ကြ​၏။ တမန်တော်​တို့​သည် ယေရှု​ထံ ပြန်လည်​စုဝေး​လာ​ကြ​၍ သူ​တို့​ပြု​ခဲ့​သမျှ​နှင့် သွန်သင်​ခဲ့​သမျှ​တို့​ကို ကိုယ်တော်​အား​ကြားလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သင်​တို့​ချည်းသာ​လာ​၍ ခေတ္တ​အနားယူ​ကြ​လော့”​ဟု သူ​တို့​အား မိန့်​တော်မူ​၏။ ထိုသို့​မိန့်​တော်မူ​ခြင်း​မှာ ဝင်​ထွက်​သူ​များ​သဖြင့် သူ​တို့​သည် အစာ​စား​ရန်​ပင် အချိန်​မ​ရ​ကြ​သောကြောင့်​ဖြစ်​၏။ ထို့ကြောင့် သူ​တို့​သည် လူသူ​ကင်းဝေး​ရာ​အရပ်​သို့ သူ​တို့​ချည်းသာ လှေ​ဖြင့်​ထွက်သွား​ကြ​၏။ သို့သော် လူ​များစွာ​တို့​သည် သူ​တို့​သွား​ကြ​သည်​ကို​တွေ့​၍ သိမြင်​သဖြင့် မြို့​ရွာ​အပေါင်း​တို့​မှ ထို​အရပ်​သို့ ကုန်းကြောင်း​ဖြင့်​ပြေးသွား​ကာ သူ​တို့​ထက်​အလျင်​ဦးစွာ ရောက်​နှင့်​ကြ​လေ​၏။ ကိုယ်တော်​သည်​လှေ​ပေါ်မှ​ဆင်း​သောအခါ များစွာ​သော​လူထု​ပရိသတ်​ကို​မြင်​လျှင် သူ​တို့​သည် သိုးထိန်း​မ​ရှိ​သော​သိုး​များ​ကဲ့သို့​ဖြစ်​ကြ​သောကြောင့် သူ​တို့​အပေါ်​ကြင်နာ​စိတ်​ရှိ​တော်မူ​၍ များစွာ​သော​အရာ​တို့​ကို​သွန်သင်​တော်မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။