ရှင်မာကု 5:21-43
ရှင်မာကု 5:21-43 Judson Bible (JBMLE)
ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။- ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။- ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။ ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊- များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- ယေရှု၏သတင်းတော်ကို ကြားသည်ရှိသော်၊- ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍ အဝတ်တော်ကို တို့လေ၏။- ထိုခဏချင်းတွင် အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။- ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊- ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှာ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။- ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပျပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။- ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။- ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတစ်ပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊- တရားဇရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကိုလည်းကောင်း၊ အလွန်ငိုကြွေးမြည်တမ်းသော သူတို့ကိုလည်းကောင်း မြင်တော်မူလျှင်၊- အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊- ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကိုလည်းကောင်း၊ ကိုယ်တော်နှင့်ပါသော သူတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊- သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။- ထိုခဏချင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တစ်ဆယ်နှစ်နှစ်အရွယ် ရှိ၏။ ထိုသူတို့သည် အလွန် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။- ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
ရှင်မာကု 5:21-43 Common Language Bible (BCL)
သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊- ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။- သူသည်ကိုယ်တော်ကိုမြင်သောအခါခြေတော်ရင်း တွင်ပျပ်ဝပ်လျက် ``အကျွန်ုပ်၏သမီးငယ်သည်သေလု နီးပါးဖြစ်နေပါသည်။ သူ့အားရောဂါပျောက်လျက် အသက်ရှင်စေရန် ကိုယ်တော်ကြွတော်မူ၍သူ၏ အပေါ်၌လက်တော်ကိုတင်တော်မူပါ'' ဟုအနူး အညွတ်လျှောက်ထားတောင်းပန်၏။ သခင်ယေရှုသည်ယာဣရုနှင့်အတူလိုက်သွား၏။ များစွာသောလူပရိသတ်သည်နောက်တော်က လိုက်သဖြင့်ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။ အမျိုးသမီးတစ်ယောက်သည်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်လျက်ပြင်းစွာဝေဒနာခံ ခဲ့ရ၏။- များစွာသောဆရာဝန်တို့၏ကုသမှုကိုခံခဲ့ ရ၏။ မိမိ၌ရှိသမျှကြေးငွေများပင်ကုန်ချေ ပြီ။ မည်သို့မျှသက်သာရာမရဘဲအခြေအနေ ပို၍ပင်ဆိုးရွားလာ၏။- သူသည်သခင်ယေရှု၏အကြောင်းကိုကြားသိ သဖြင့် ``ကိုယ်တော်၏အဝတ်တော်ကိုလက်နှင့် တို့ထိရလျှင်ငါ၏ရောဂါပျောက်လိမ့်မည်'' ဟု တစ်ကိုယ်တည်းပြောဆိုလျက်လူအပေါင်းတို့ ကြားမှတိုးဝင်ကာ ကိုယ်တော်၏နောက်သို့ရောက် ရှိလာ၏။- ထိုနောက်အဝတ်တော်ကိုတို့ထိလေ၏။ ထိုသို့တို့ထိ လိုက်သည်နှင့်တစ်ပြိုင်နက်သွေးအသွန်ရပ်၍သွား သဖြင့် သူသည်ရောဂါပျောက်ကင်းသွားသည့် အဖြစ်ကိုသိရှိလာ၏။- သခင်ယေရှုသည်အထံတော်မှတန်ခိုးထွက်သွား သည်ကိုချက်ချင်းသိတော်မူ၏။ ပရိသတ်ဘက်သို့ လှည့်တော်မူ၍ ``ငါ၏အဝတ်ကိုမည်သူတို့ထိ သနည်း'' ဟုမေးတော်မူ၏။ တပည့်တော်တို့က ``အရှင့်ကိုတိုးဝှေ့သောလူထု ကြီးကိုတွေ့မြင်တော်မူပါလျက် ငါ့အားမည်သူ တို့ထိသနည်းဟုမေးတော်မူပါသလော'' ဟု လျှောက်ထားကြ၏။ သို့ရာတွင်ကိုယ်တော်သည်မိမိအား အဘယ်သူ တို့ထိသည်ကိုသိရန်ပတ်လည်သို့ကြည့်တော် မူ၏။- အဝတ်တော်ကိုတို့ထိသောအမျိုးသမီးသည် မိမိခံစားရသည့်အဖြစ်ကိုသိသဖြင့် ကြောက်ရွံ့ တုန်လှုပ်လျက်ရှေ့တော်သို့လာရောက်ပျပ်ဝပ်ကာ ဟုတ်တိုင်းမှန်ရာကိုအကုန်အစင်လျှောက်ထား၏။ ကိုယ်တော်က ``ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ စိတ်ချမ်းသာစွာသွားလော့။ ရောဂါပျောက်ကင်းစေ'' ဟုမိန့်တော်မူ၏။ ယင်းသို့မိန့်တော်မူချိန်၌ယာဣရု၏အိမ်မှလူ အချို့တို့ရောက်လာကြပြီးလျှင် ``အရှင်၏သမီး သည်သေဆုံးပါပြီ။ ဆရာတော်ကိုအဘယ်ကြောင့် ဒုက္ခပေးပါတော့မည်နည်း'' ဟုဆိုကြ၏။ သို့သော်သခင်ယေရှုသည်ထိုသူတို့၏စကားကို ကြားလျှင် ``မစိုးရိမ်နှင့်။ သင့်မှာယုံကြည်ခြင်းသာ ရှိစေလော့'' ဟုတရားဇရပ်အုပ်ချုပ်ရေးမှူးအား မိန့်တော်မူ၏။- ထိုနောက်ပေတရု၊ ယာကုပ်နှင့်ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူကိုမျှကိုယ်တော် နှင့်အတူလိုက်ခွင့်ပြုတော်မမူ။- ယာဣရု၏အိမ်သို့ရောက်လျှင်လူတို့ရုတ်ရုတ်သဲသဲ ဖြစ်လျက် ကျယ်လောင်စွာမြည်တမ်းငိုယိုလျက်နေ ကြသည်ကိုမြင်တော်မူ၏။- ကိုယ်တော်သည်အိမ်ထဲသို့ဝင်၍ထိုသူတို့အား ``သင် တို့အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်နေကြသနည်း။ အဘယ်ကြောင့်ငိုယိုနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်၊အိပ်လျက်သာနေ၏'' ဟုမိန့်တော် မူ၏။ ထိုအခါလူတို့သည်ကိုယ်တော်ကိုပြောင်လှောင်ကြ ၏။ ကိုယ်တော်သည်သူတို့ကိုအပြင်သို့နှင်ထုတ်တော် မူပြီးလျှင် သူငယ်မ၏မိဘများနှင့်တပည့်တော် သုံးယောက်တို့ကိုခေါ်၍ သူငယ်မရှိရာအခန်းထဲ သို့ဝင်တော်မူ၏။- သူငယ်မ၏လက်ကိုဆုပ်ကိုင်ကာ ``တလိသကုမိ'' ဟုမိန့်တော်မူ၏။ အဋ္ဌိပ္ပါယ်ကား ``ကလေးမ၊ ထလော့။ သင့်အားငါအမိန့်ရှိ၏'' ဟူဆိုလိုသည်။ ကိုယ်တော်မိန့်တော်မူသည့်ခဏ၌ သူငယ်မသည် ထ၍လမ်းလျှောက်လေ၏။ (သူငယ်မကားတစ်ဆယ့် နှစ်နှစ်သမီးဖြစ်သတည်း။) ထိုအခါလူတို့ သည်လွန်စွာအံ့သြကြကုန်သည်။- ကိုယ်တော်က ``ဤအကြောင်းကိုအဘယ်သူအား မျှမပြောနှင့်'' ဟုသူတို့အားကြပ်တည်းစွာပညတ် တော်မူပြီးနောက် ``သူငယ်မအားအစားအစာ ကျွေးလော့'' ဟုမိန့်တော်မူ၏။
ရှင်မာကု 5:21-43 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယေရှုသည် လှေဖြင့် တစ်ဖက်ကမ်းသို့ ပြန်၍ကူးတော်မူရာ များစွာသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြ၏။ ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင်ရှိနေတော်မူစဉ် ယာဣရုအမည်ရှိသော ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံတစ်ဦးသည် ရောက်လာ၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ပျပ်ဝပ်ကာ “အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ရောဂါပျောက်ကင်းလျက် အသက်ချမ်းသာရာရမည့်အကြောင်း ကြွလာ၍ သူ့အပေါ် လက်တော်ကိုတင်တော်မူပါ”ဟု အနူးအညွတ်တောင်းပန်လေ၏။ ထို့ကြောင့် ကိုယ်တော်သည် သူနှင့်အတူလိုက်သွားတော်မူ၏။ များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြပြီး ကိုယ်တော်ကိုတိုးဝှေ့မိကြ၏။ ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ များစွာသောဆေးဆရာတို့ထံ၌ အလွန်ဝေဒနာခံစားရလျက် မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သည့်အကျိုးမျှမရှိသည်သာမက ရောဂါပို၍ဆိုးရွားလာသောအမျိုးသမီးတစ်ဦးသည် ယေရှုအကြောင်းကိုကြား၍ “ကိုယ်တော်၏ဝတ်ရုံတော်ကို တို့ထိရလျှင်ပင် ရောဂါပျောက်ကင်းလိမ့်မည်”ဟု ဆိုလျက် လူထုပရိသတ်ကြားမှ ကိုယ်တော်၏နောက်တော်သို့လာပြီး ဝတ်ရုံတော်ကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားသဖြင့် သူသည် ရောဂါဝေဒနာပျောက်ကင်းသွားကြောင်း မိမိကိုယ်ခန္ဓာ၌ ခံစားသိရှိရ၏။ ယေရှုသည် မိမိထံမှတန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူ၍ လူထုပရိသတ်ဘက်သို့လှည့်ကြည့်ကာ“ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့ကလည်း “ကိုယ်တော်ကိုတိုးဝှေ့နေကြသည့် လူထုပရိသတ်ကိုမြင်တော်မူပါလျက်နှင့် ‘ငါ့ကို မည်သူတို့ထိသနည်း’ဟူ၍ မေးတော်မူရပါသလော”ဟု ကိုယ်တော်အားလျှောက်ကြ၏။ သို့သော် ကိုယ်တော်သည် ထိုသို့ပြုသောသူကိုတွေ့မြင်ရန် ပတ်ပတ်လည်သို့ကြည့်ရှုတော်မူ၏။ ထိုအခါ ထိုအမျိုးသမီးသည် မိမိ၌မည်သို့ဖြစ်ခဲ့သည်ကိုသိသဖြင့် ကြောက်ရွံ့တုန်လှုပ်လျက် ရှေ့တော်သို့လာ၍ ပျပ်ဝပ်ကာ ဟုတ်မှန်သည့်အတိုင်း အကုန်အစင်လျှောက်ထားလေ၏။ ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။ ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်မှ လူတို့သည် ရောက်လာ၍ “သင်၏သမီးသေဆုံးသွားပါပြီ။ ဆရာ့ကို အဘယ်ကြောင့် ဆက်၍နှောင့်ယှက်နေဦးမည်နည်း”ဟု ပြောကြ၏။ သို့သော် ယေရှုသည် ထိုစကားကိုဂရုမပြုဘဲ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံအား“မစိုးရိမ်နှင့်။ ယုံကြည်ခြင်းသာရှိလော့”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။ ဝတ်ပြုစည်းဝေးကျောင်းတာဝန်ခံ၏အိမ်သို့ သူတို့ရောက်ကြသောအခါ လူတို့သည် ရုတ်ရုတ်သဲသဲဖြစ်လျက် ကျယ်လောင်စွာငိုကြွေးမြည်တမ်းနေကြသည်ကို ကိုယ်တော်မြင်တော်မူလျှင် အထဲသို့ဝင်၍“အဘယ်ကြောင့်ရုတ်ရုတ်သဲသဲဖြစ်လျက် ငိုကြွေးနေကြသနည်း။ သူငယ်မသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်၏”ဟု သူတို့အားမိန့်တော်မူ၏။ ထိုအခါ သူတို့သည် ကိုယ်တော်ကိုလှောင်ပြောင်ရယ်မောကြ၏။ သို့သော် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို အပြင်သို့ထွက်စေပြီးလျှင် သူငယ်မ၏မိခင်နှင့်ဖခင်တို့အပြင် မိမိနှင့်အတူပါလာသောသူတို့ကိုသာခေါ်၍ သူငယ်မရှိရာသို့ဝင်တော်မူ၏။ ထို့နောက် သူငယ်မ၏လက်ကိုကိုင်လျက်“တလိသကုမိ”ဟု မိန့်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“မိန်းကလေး၊ သင့်အားငါဆိုမည်။ ထလော့”ဟူ၍ ဖြစ်၏။ ထိုခဏချင်းတွင် မိန်းကလေးသည်ထ၍ လမ်းလျှောက်လေ၏။ သူသည် အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ရှိ၏။ ထိုအခါ လူတို့သည် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။ ကိုယ်တော်ကလည်း မည်သူမျှ ဤအကြောင်းကိုမသိစေရန် သူတို့အား တင်းကျပ်စွာမိန့်မှာတော်မူပြီးလျှင် သူ့အားစားစရာပေးရန် မိန့်တော်မူ၏။