ယေရှုသည် ကမ်းတစ်ဖက်သို့ကူးပြန်၍ အိုင်နားမှာ ရှိတော်မူစဉ်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။- ထိုအခါ ယာဣရုအမည်ရှိသော တရားဇရပ်မှူးသည် လာ၍ ကိုယ်တော်ကိုမြင်လျှင်၊ ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။- သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။- ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။ ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာ စွဲသောကြောင့်၊- များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည်သာမက၊ အနာတိုးသော မိန်းမတစ်ယောက်သည်၊- ယေရှု၏သတင်းတော်ကို ကြားသည်ရှိသော်၊- ငါသည် အဝတ်တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့ လာ၍ အဝတ်တော်ကို တို့လေ၏။- ထိုခဏချင်းတွင် အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌သိလေ၏။- ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင် လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူတို့သနည်းဟု မေးတော်မူ၏။- တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက်ကြသော်လည်း၊- ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှာ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။- ထိုမိန်းမသည် ကိုယ်၌အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပျပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။- ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင် တရားဇရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏သမီး သေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ယှက်သေးသနည်းဟု ဆိုကြ၏။- ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တစ်ခုသာ ရှိစေလော့ဟု တရားဇရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။- ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်မှတစ်ပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊- တရားဇရပ်မှူးအိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကိုလည်းကောင်း၊ အလွန်ငိုကြွေးမြည်တမ်းသော သူတို့ကိုလည်းကောင်း မြင်တော်မူလျှင်၊- အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊- ထိုသူတို့သည် ပြက်ရယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကိုလည်းကောင်း၊ ကိုယ်တော်နှင့်ပါသော သူတို့ကိုလည်းကောင်း ခေါ်ပြီးလျှင်၊ သူငယ် လျောင်းရာအရပ်သို့ ဝင်၍၊- သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။- ထိုခဏချင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တစ်ဆယ်နှစ်နှစ်အရွယ် ရှိ၏။ ထိုသူတို့သည် အလွန် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။- ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့ဟု မိန့်တော်မူ၏။
ရှင်မာကု 5 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မာကု 5
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မာကု 5:21-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ