YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 13:1-31

ရှင်မာကု 13:1-31 Judson Bible (JBMLE)

ကိုယ်​တော်​သည် ဗိ​မာန်​တော်​မှ ထွက်​ကြွ​တော်​မူ​သော်၊ တ​ပည့်​တော်​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား ကြည့်​ရှု​တော်​မူ​ပါ။ ဧ​ရာ​ကျောက်​ကြီး​တ​ကား၊ ဧ​ရာ​တိုက်​ဆောင်​ကြီး​တ​ကား​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ဤ​ကြီး​စွာ​သော တိုက်​ဆောင်​တို့​ကို သင်​သည် ယ​ခု​မြင်​ရ၏။ မ​ဖြို​မ​ချ​ဘဲ ကျောက်​တစ်​ခု​ပေါ်​မှာ တစ်​ခု​မျှ မ​တည်​မ​နေ​ရ​ဟု မိန့်​တော်​မူ၏။ ထို​နောက် သံ​လွင်​တောင်​ပေါ်​မှာ ဗိ​မာန်​တော်​ရှေ့​ရှု ထိုင်​တော်​မူ​စဉ်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ​တို့​က၊- ထို​အ​မှု​အ​ရာ​တို့​သည် အ​ဘယ်​ကာ​လ​မှ ဖြစ်​မည်​ကို​လည်း​ကောင်း၊ ထို​အ​မှု​အ​ရာ​ရှိ​သ​မျှ​တို့​သည် ပြည့်​စုံ​ချိန်​နီး​သော​အ​ခါ အ​ဘယ်​ပု​ပ္ပ​နိ​မိတ် ပေါ်​ထွန်း​မည်​ကို​လည်း​ကောင်း အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု အ​ခြား​သူ​မ​ပါ​ဘဲ လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လှည့်​ဖြား​စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​များ​သော​သူ​တို့​က၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်၏​ဟု ဆို​လျက်၊ ငါ၏​အ​ယောင်​ကို​ဆောင်၍ ပေါ်​လာ​သ​ဖြင့်၊ လူ​များ​တို့​ကို လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည် စစ်​တိုက်​ကြောင်း​ကို​လည်း​ကောင်း၊ စစ်​တိုက်​အံ့​သော သ​တင်း​စ​ကား​ကို​လည်း​ကောင်း ကြား​ရ​သော​အ​ခါ စိုး​ရိမ်​တုန်​လှုပ်​ခြင်း မ​ရှိ​ကြ​နှင့်၊ ထို​သို့​ဖြစ်​ရ​မည်။ သို့​သော်​လည်း အ​ဆုံး​သည် မ​ဖြစ်​သေး။ လူ​တစ်​မျိုး​နှင့် တစ်​မျိုး၊ တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ ရန်​ဘက်​ပြု​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ မြေ​ကြီး​လှုပ်​ခြင်း ဖြစ်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး​ခြင်း​နှင့် မ​ငြိမ်​မ​သက်​ခြင်း​တို့​သည်​လည်း ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​တို့​သည် ဒု​က္ခ​ဆင်း​ရဲ​ခြင်း၏ အ​စ​အ​ဦး ဖြစ်​သ​တည်း။- သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​ကို လွှတ်​ရုံး​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​တို့၌ ရိုက်​ကြ​လိမ့်​မည်။ ထို​သူ​တို့​အား သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ သင်​တို့​သည် ဝန်​မင်း၊ ရှင်​ဘု​ရင်​ထံ​သို့ ငါ့​ကြောင့် ရောက်​ကြ​လိမ့်​မည်။- ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ရှေ့​ဦး​စွာ လူ​မျိုး​အ​ပေါင်း​တို့​အား ဟော​ရ​လိမ့်​မည်။ သင်​တို့​ကို အပ်​နှံ​ခြင်း​ငှာ ပို့​ဆောင်​ကြ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ဆို​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။- ရှေ့​မ​ဆွ​က မ​ဆင်​ခြင်​ကြ​နှင့်။ ထို​ခ​ဏ​ချင်း​တွင် သင်​တို့​ရ​သော​စ​ကား​ကို​သာ​ပြော​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​အ​လို​အ​လျောက် ပြော​ကြ​သည်​မ​ဟုတ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ပြော​တော်​မူ၏။- ထို​ကာ​လ၌ ညီ​အစ်​ကို​ချင်း တစ်​ယောက်​ကို​တစ်​ယောက် သေ​စေ​ခြင်း​ငှာ အပ်​လိမ့်​မည်။ အ​ဘ​သည်​လည်း သား​ကို​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​လည်း မိ​ဘ​ကို​ရန်​ဘက်​ပြု၍ သေ​စေ​ကြ​လိမ့်​မည်။- လူ​အ​ပေါင်း​တို့​သည်​လည်း ငါ၏​နာ​မ​ကြောင့် သင်​တို့​ကို မုန်း​ကြ​လိမ့်​မည်။ အ​ကြင်​သူ​သည် အ​ဆုံး​တိုင်​အောင် တည်​ကြည်၏။ ထို​သူ​သည် ကယ်​တင်​ခြင်း​သို့ ရောက်​လိမ့်​မည်။ ပ​ရော​ဖက်​ဒံ​ယေ​လ ဟော​သည်​အ​တိုင်း၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် မ​နေ​သင့်​သော​အ​ရပ်၌ စိုက်​နေ​သည်​ကို သင်​တို့​မြင်​ရ​လျှင်၊ ကျမ်း​စာ​ကို ကြည့်​သော​သူ​သည် နား​လည်​ပါ​စေ။ ထို​သို့​မြင်​ရ​လျှင် ယု​ဒ​ပြည်၌​ရှိ​သော သူ​တို့​သည် တောင်​ပေါ်​သို့ ပြေး​ကြ​စေ။- အိမ်​မိုး​ပေါ်​မှာ​ရှိ​သော​သူ​သည် အိမ်​ထဲ​သို့ မ​ဆင်း​စေ​နှင့်။ အိမ်​ထဲ​က တစ်​စုံ​တစ်​ခု​ကို ယူ​ခြင်း​ငှာ မ​ဝင်​စေ​နှင့်။- လယ်၌​ရှိ​သော​သူ​လည်း မိ​မိ​အ​ဝတ်​ကို​ယူ​ခြင်း​ငှာ နောက်​သို့​မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်၌ ကိုယ်​ဝန်​ဆောင်​သော​မိန်း​မ​နှင့် နို့​စို့​သူ​ငယ်​ရှိ​သော မိန်း​မ​တို့​သည် အ​လွန်​ခက်​ကြ​လိမ့်​မည်။- သင်​တို့ ပြေး​ရ​သော​အ​ချိန်​သည် ဆောင်း​ကာ​လ၌ မ​ကျ​ရ​မည်​အ​ကြောင်း ဆု​တောင်း​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင် ဖန်​ဆင်း​တော်​မူ​သော က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင်​မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ဒု​က္ခ​သည် ထို​နေ့​ရက်​ကာ​လ၌ ဖြစ်​လိမ့်​မည်။- ထို​ကာ​လ​ကို ဘု​ရား​သ​ခင်​သည် တာ​ရှည်​စေ​လျှင်၊ အ​ဘယ်​သူ​မျှ မ​လွတ်​နိုင်​ရာ။ ရွေး​ချယ်​တော်​မူ​သော သူ​တို့​အ​ဖို့​အ​လို​ငှာ ထို​ကာ​လ​ကို တို​စေ​တော်​မူ​မည်။ ထို​အ​ခါ သူ​တစ်​ပါး​က၊ ဤ​အ​ရပ်၌ ခ​ရစ်​တော်​ရှိ​သည်၊ ထို​အ​ရပ်၌​ရှိ​သည်​ဟု ဆို​သော်​လည်း မ​ယုံ​ကြ​နှင့်။- အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်၏ အ​ယောင်​ကို​ဆောင်​သော​သူ​နှင့် မိ​စ္ဆာ​ပ​ရော​ဖက်​တို့​သည် ပေါ်​လာ၍၊ ရွေး​ချယ်​သော​သူ​တို့​ကိုပင် လှ​ည့်​ဖြား​နိုင်​လျှင် လှ​ည့်​ဖြား​လောက်​အောင်​နိ​မိတ်​လ​က္ခ​ဏာ အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ကြ​လိမ့်​မည်။- သင်​တို့​သည် သ​တိ​ပြု​ကြ​လော့။ ထို​အ​ကြောင်း​အ​ရာ ရှိ​သ​မျှ​ကို ငါ​ပြော​နှင့်​ပြီ။ ထို​ကာ​လ၏ ဒု​က္ခ​ဆင်း​ရဲ​ခြင်း​နောက်​မှ နေ​သည် မိုက်​လိမ့်​မည်။ လ​သည် အ​ရောင်​မ​ပေး။ ကောင်း​ကင်​ကြယ်​တို့​သည် ကျ​ကြ​လိမ့်​မည်။ ကောင်း​ကင်​တန်​ခိုး​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် ကြီး​စွာ​သော​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ကို ဆောင်​လျက်၊ မိုး​တိမ်​ကို​စီး၍ ကြွ​လာ​တော်​မူ​သည်​ကို မြင်​ရ​ကြ​လိမ့်​မည်။- ထို​အ​ခါ လူ​သား​သည် မိ​မိ​တ​မန်​တို့​ကို စေ​လွှတ်​သ​ဖြင့် မိ​မိ​ရွေး​ချယ်​သော​သူ​တို့​ကို အ​ရပ်​လေး​မျက်​နှာ ကောင်း​ကင်​အောက် ထက်​ဝန်း​ကျင်​တို့​မှ ခေါ်၍ စု​ရုံး​စေ​တော်​မူ​လ​တ္တံ့။ သင်္ဘော​သ​ဖန်း​ပင်​ကို အ​စွဲ​ပြု၍ ပုံ​သက်​သေ​တစ်​ခု​ကို မှတ်​ကြ​လော့။ သင်္ဘော​သ​ဖန်း​ပင်​သည် အ​ခက်​အ​လက်​နု၍ အ​ရွက်​ပေါက်​သော​အ​ခါ၊ နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ၏။- ထို​နည်း​တူ ထို​အ​ကြောင်း​အ​ရာ​များ​ဖြစ်​သည်​ကို မြင်​ရ​လျှင်၊ လူ​သား​သည် တံ​ခါး​ဝ​တိုင်​အောင် အ​နီး​သို့ ရောက်​တော်​မူ​သည်​ကို သိ​မှတ်​ကြ​လော့။- ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​ခု​ဖြစ်​သော လူ​များ​မ​ကုန်​မီ ထို​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​တို့​သည် ဖြစ်​ကြ​လိမ့်​မည်။- ကောင်း​ကင်​နှင့် မြေ​ကြီး မ​တည်​သော်​လည်း ငါ့​စ​ကား​တည်​လိမ့်​မည်။

ရှင်မာကု 13:1-31 Common Language Bible (BCL)

ဗိ​မာန်​တော်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​စဉ် တ​ပည့် တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ကြည့်​တော်​မူ​ပါ။ ဤ ကျောက်​တုံး​များ​သည်​ကြီး​မား​လှ​၍ ဤ​အ​ဆောက် အ​အုံ​များ​သည်​လည်း​ကြီး​ကျယ်​လှ​ပါ​သည် တ​ကား'' ဟု​လျှောက်​ထား​၏။ သ​ခင်​ယေ​ရှု​က ``ဤ​အ​ဆောက်​အ​အုံ​ကြီး​များ ကို ယ​ခု​သင်​မြင်​သည်​မ​ဟုတ်​လော။ ယင်း​အ​ဆောက် အ​အုံ​များ​မှ​ကျောက်​တုံး​အား​လုံး​ပင်​ပြို​ကျ ရ​လိမ့်​မည်။ ကျောက်​တစ်​တုံး​မျှ​မူ​လ​နေ​ရာ​တွင် ကျန်​ရစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​သံ​လွင်​တောင်​ပေါ်​တွင်​ဗိ​မာန်​တော် ဖက်​သို့​မျက်​နှာ​မူ​လျက် တစ်​ကိုယ်​တည်း​ထိုင်​နေ တော်​မူ​သော​အ​ခါ၊- ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​နှင့်​အန္ဒြေ-တို့​သည် ချဉ်း​ကပ်​၍ ``အ​ရှင်​မိန့်​တော်​မူ​သော​အ​ရာ​များ သည်​အ​ဘယ်​ကာ​လ​၌​ဖြစ်​ပျက်​ပါ​မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌​အ​ဘယ် နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း။ အ​ကျွန်ုပ် တို့​အား​မိန့်​တော်​မူ​ပါ'' ဟု​မေး​လျှောက်​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​သူ​တစ်​ပါး မ​လှည့်​စား​စေ​ရန်​သ​တိ​ပြု​ကြ​လော့။- လူ​အ​များ​ပင်​ငါ​၏​အ​ယောင်​ဆောင်​လျက်​လာ ကြ​လိမ့်​မည်။ သူ​တို့​သည်​မေ​ရှိ​ယ​ဖြစ်​သည်​ဟု ဆို​၍​လူ​အ​များ​ကို​လှည့်​ဖြား​ကြ​လိမ့်​မည်။- သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​သော​အ​ခါ မ​ထိတ်​မ​လန့်​ကြ နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​မု​ချ​ဖြစ်​ပျက် ရ​မည်။ သို့​သော်​လည်း​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ကျ​သေး။- လူ​မျိုး​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်​ငံ​တစ်​နိုင်​ငံ​နှင့် တစ်​နိုင်​ငံ​စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား တွင်​မြေ​င​လျင်​လှုပ်​၍​အ​စာ​ငတ်​မွတ်​ခေါင်း​ပါး လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက် လတ္တံ့​သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​ဖြစ်​၏။'' ``သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ လူ​အ​ချို့​တို့ သည် သင်​တို့​ကို​တ​ရား​ရုံး​သို့​ပို့​အပ်​ကြ​လိမ့်​မည်။ တ​ရား​ဇ​ရပ်​များ​တွင်​ရိုက်​နှက်​ကြ​လိမ့်​မည်။ သင် တို့​သည်​ငါ့​အ​တွက်​ကြောင့် အာ​ဏာ​ပိုင်​များ​နှင့် ရှင်​ဘု​ရင်​များ​၏​ရှေ့​မှောက်​သို့​ရောက်​၍ သ​တင်း ကောင်း​ကို​ကြေ​ညာ​ရ​ကြ​လိမ့်​မည်။- ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​မ​ရောက်​မီ​သင်​တို့​သည် သ​တင်း​ကောင်း​ကို​လူ​အ​ပေါင်း​တို့​အား​ဟော ပြော​ကြေ​ညာ​ရ​ကြ​မည်။- သင်​တို့​အား​ဖမ်း​ဆီး​၍​တ​ရား​ရုံး​ခုံ​ရုံး​သို့ ပို့​အပ်​ကြ​သော​အ​ခါ မည်​သို့​ပြော​ဆို​ရ​မည် ကို​ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။ ထို​ခ​ဏ​၌ မိ​မိ​တို့​စိတ်​တွင်​ပေါ်​လာ​သည့်​စ​ကား​များ​ကို သာ​လျှင် သင်​တို့​ပြော​ကြ​လော့။ ယင်း​စ​ကား​များ သည်​သင်​တို့​စ​ကား​များ​မ​ဟုတ်​ဘဲ သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​စ​ကား​များ​ဖြစ်​လိမ့်​မည်။- လူ​တို့​သည်​ညီ​အစ်​ကို​ချင်း​အား​သေ​စေ​ရန်​အပ် ကြ​လိမ့်​မည်။ အ​ဖ​သည်​လည်း​သား​အား​သေ​စေ ရန်​အပ်​လိမ့်​မည်။ သား​သ​မီး​တို့​သည်​မိ​ဘ​များ ကို​တော်​လှန်​၍​သတ်​ဖြတ်​စေ​ကြ​လိမ့်​မည်။- ငါ​၏​အ​တွက်​ကြောင့်​လူ​တိုင်း​ပင်​သင်​တို့​ကို​မုန်း လိမ့်​မည်။ သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည် သော​သူ​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​လတ္တံ့။'' ``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။- အိမ်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အောက်​သို့​ဆင်း​၍ အိမ်​ထဲ​သို့​ဝင်​ပြီး​လျှင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ယူ​စေ​နှင့်။- လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ကို​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။- ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​မိန်း​မ​နှင့် သား​သည်​မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။- ထို​နေ့​ရက်​များ​သည်​ဆောင်း​ဥ​တု​၌​မ​ကျ ရောက်​ပါ​စေ​နှင့်​ဟု​ဆု​တောင်း​ကြ​လော့။- လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။- ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ ကင်း​လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ကိုယ်​တော် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ အ​ဖို့​အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မူ​ပြီ။ ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။- မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။- သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။'' ``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။- ကြယ်​များ​သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​များ​သည်​လမ်း​ကြောင်း​ပြောင်း ကြ​လိမ့်​မည်။- ထို​အ​ခါ​မိုး​တိမ်​များ​ထဲ​မှ​ကြီး​စွာ​သော တန်​ခိုး​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​နှင့်​လူ သား​ကြွ​လာ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။- ထို​နောက်​လူ​သား​သည်​ကောင်း​ကင်​တ​မန်​များ ကို မြေ​ကြီး​စွန်း​မှ​ကောင်း​ကင်​စွန်း​တိုင်​အောင် အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍ မိ​မိ​ရွေး ချယ်​ထား​သူ​တို့​ကို​စု​သိမ်း​တော်​မူ​လိမ့်​မည်။'' ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို သင်​ယူ​ကြ​လော့။ ထို​အ​ပင်​တွင်​အ​ခက်​အ​လက် နု​ထွက်​၍ အ​ရွက်​နု​ထွက်​သော​အ​ခါ​နွေ​ကာ​လ နီး​သည်​ကို​သင်​တို့​သိ​ကြ​၏။- ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး၊ တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။- အ​မှန်​အ​ကန်​ငါ​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ အ​လုံး​စုံ​တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​ခေတ်​လူ​တို့ သေ​လွန်​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။- ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ ၏​စ​ကား​တည်​လိမ့်​မည်။''

ရှင်မာကု 13:1-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဗိမာန်​တော်​မှ​ထွက်ခွာ​သွား​တော်မူ​စဉ် တပည့်​တော်​တို့​ထဲမှ တစ်​ပါး​က “ဆရာ၊ ကြည့်​ပါ။ အလွန်​ကြီးမား​သော​ကျောက်တုံး​များ​နှင့် အလွန်​ထည်ဝါ​သော​အဆောက်အအုံ​များ​ပါ​တကား”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ဤ​ကြီးမား​သော​အဆောက်အအုံ​များ​ကို သင်​မြင်​သည်​မ​ဟုတ်​လော။ ဤ​နေရာ​၌ ကျောက်တုံး​တစ်တုံး​သည် ဖြိုချ​မ​ခံရ​ဘဲ အခြား​ကျောက်တုံး​တစ်တုံး​ပေါ်၌ ကျန်ရစ်​ခဲ့​သည်​ဟူ၍ လုံးဝ​ရှိ​လိမ့်မည်​မ​ဟုတ်”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် သံလွင်​တောင်​ပေါ်၌ ဗိမာန်​တော်​ဘက်​သို့​မျက်နှာမူ​လျက် ထိုင်​နေ​တော်မူ​စဉ် ပေတရု၊ ယာကုပ်၊ ယောဟန်​နှင့် အန္ဒြေ​တို့​က “ထို​အရာ​များ​သည် မည်သည့်​အချိန်​၌ ဖြစ်ပျက်​မည်​ကို​လည်းကောင်း၊ ထို​အရာ​အားလုံး​ပြည့်စုံ​တော့မည့်​အချိန်​တွင် မည်သည့်​အတိတ်​နိမိတ်​ဖြစ်ပေါ်​မည်​ကို​လည်းကောင်း အကျွန်ုပ်​တို့​အား မိန့်​တော်မူ​ပါ”​ဟု ကိုယ်တော်​ကို တိတ်တဆိတ်​မေးလျှောက်​ကြ​၏။ ယေရှု​က​လည်း“မည်သူမျှ သင်​တို့​ကို​မ​လှည့်ဖြား​စေရန် သတိပြု​ကြ​လော့။ များစွာ​သော​သူ​တို့​သည် ငါ​၏​နာမ​ကို​ခံယူသုံးစွဲ​၍ ရောက်လာ​ကာ ‘ငါ​သည် ထို​သူ​ပင်​ဖြစ်​၏’​ဟု ဆို​ကြ​ပြီး လူ​အမြောက်အမြား​တို့​ကို လှည့်ဖြား​ကြ​လိမ့်မည်။ သင်​တို့​သည် စစ်ပွဲ​များ​အကြောင်း​နှင့် စစ်မက်​သတင်း​တို့​ကို ကြား​ရ​သောအခါ စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​နှင့်။ ထို​အရာ​များ​သည် ဖြစ်ပျက်​ရ​မည်။ သို့သော် အဆုံး​သည်​မ​ရောက်​သေး။ လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငလျင်​လှုပ်​ခြင်း​နှင့် ငတ်မွတ်​ခေါင်းပါး​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​တို့​သည် သားဖွား​ခြင်း​ဝေဒနာ​၏​အစ​ဖြစ်​၏။ သင်​တို့​ကိုယ်တိုင်​လည်း သတိပြု​ကြ​လော့။ လူ​တို့​သည် သင်​တို့​ကို တရားရုံး​သို့​အပ်နှံ​ကြ​လိမ့်မည်။ သင်​တို့​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​၌ ရိုက်နှက်​ခြင်း​ခံရ​ကြ​ပြီး ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့၌​ရပ်​လျက် သူ​တို့​ထံ ငါ့​အတွက်​သက်သေ​ဖြစ်​ကြ​လိမ့်မည်။ ကောင်းမြတ်​သော​သတင်း​ကို​လည်း လူမျိုး​တကာ​တို့​အား ဦးစွာ​ဟောပြော​ကြ​ရ​မည်။ လူ​တို့​သည် သင်​တို့​ကို​ခေါ်ဆောင်​သွား​၍ အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို​ပြောဆို​ရ​မည်နည်း​ဟူ၍ ကြိုတင်​စိုးရိမ်​ခြင်း​မ​ရှိ​ဘဲ ထို​အချိန်​နာရီ​၌ သင်​တို့​အား ဖော်ပြ​တော်မူ​သော​အရာ​ကို​သာ ပြောဆို​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ပြောဆို​သော​သူ​မှာ သင်​တို့​ကိုယ်တိုင်​မ​ဟုတ်​ဘဲ သန့်ရှင်း​သော​ဝိညာဉ်​တော်​ဖြစ်​၏။ ညီအစ်ကို​ချင်း တစ်ဦး​က တစ်ဦး​ကို​လည်းကောင်း၊ အဖ​သည် သားသမီး​ကို​လည်းကောင်း သေ​ခြင်း​သို့​အပ်နှံ​ကြ​လိမ့်မည်။ သားသမီး​တို့​သည်​လည်း မိဘ​များ​ကို ဆန့်ကျင်​ပုန်ကန်​၍ သူ​တို့​ကို​သေ​စေရန်​ပြု​ကြ​လိမ့်မည်။ လူ​အပေါင်း​တို့​သည်​လည်း ငါ့​နာမ​ကြောင့် သင်​တို့​ကို​မုန်းတီး​ကြ​လိမ့်မည်။ သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။ လေသာဆောင်​ပေါ်၌​ရှိ​သော​သူ​သည် အောက်သို့​မ​ဆင်း​စေ​နှင့်။ မိမိ​အိမ်​ထဲမှ တစ်စုံတစ်ခု​ကို​ယူ​ရန် အိမ်​ထဲသို့​လည်း​မ​ဝင်​စေ​နှင့်။ လယ်​၌​ရှိ​သော​သူ​သည်​လည်း မိမိ​ဝတ်ရုံ​ကို​ယူ​ရန် နောက်​သို့​ပြန်​မ​လှည့်​စေ​နှင့်။ ထို​နေ့ရက်​တို့​၌ ကိုယ်ဝန်ဆောင်​အမျိုးသမီး​များ​နှင့် နို့စို့​ကလေး​ငယ်​ရှိ​သော​မိခင်​များ​သည် စိတ်​မချမ်းမြေ့​ဖွယ်​ဖြစ်​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​သည် ဆောင်း​ရာသီ​၌ မ​ကျရောက်​စေရန် ဆုတောင်း​ကြ​လော့။ အကြောင်းမူကား ဘုရားသခင်​ဖန်ဆင်း​တော်မူ​သည့် ဖန်ဆင်း​ခံ​လောက​၏​အစအဦး​မှစ၍ ယခု​တိုင်အောင်​မ​ဖြစ်​စဖူး၊ နောင်တွင်​လည်း လုံးဝ​ဖြစ်​မည်​မ​ဟုတ်​သော ဆင်းရဲ​ဒုက္ခ​မျိုး​သည် ထို​ကာလ​၌​ကျရောက်​လိမ့်မည်။ ထာဝရ​ဘုရား​သည် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်​မ​မူ​လျှင် မည်သူမျှ​လွတ်​နိုင်​မည်​မ​ဟုတ်။ သို့သော် ကိုယ်တော်​ရွေးကောက်​ထား​သည့် ရွေးကောက်​ခံရ​သော​သူ​တို့​အတွက် ထို​နေ့ရက်​တို့​ကို တိုတောင်း​စေ​တော်မူ​၏။ ထိုအခါ တစ်စုံတစ်ယောက်​က သင်​တို့​အား ‘ကြည့်​လော့။ ခရစ်တော်​သည် ဤ​အရပ်​၌​ရှိ​၏’ သို့မဟုတ် ‘ကြည့်​လော့။ ထို​အရပ်​၌​ရှိ​၏’​ဟု ဆို​လျှင်​လည်း မ​ယုံ​ကြ​နှင့်။ အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင်​လှည့်ဖြား​ရန် နိမိတ်​လက္ခဏာ​များ​နှင့် အံ့သြဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။ သို့ဖြစ်၍ သင်​တို့​သည် သတိပြု​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​ကို သင်​တို့​အား ငါ​ကြိုတင်​ပြော​ထား​ပြီ။ သို့သော် ထို​နေ့ရက်​တို့​၌ ထို​ဆင်းရဲ​ဒုက္ခ​ကျရောက်​ပြီးနောက် နေ​သည် မှောင်မည်း​သွား​၍ လ​သည်​လည်း မိမိ​၏​အလင်းရောင်​ကို မ​ပေး​ဘဲ​နေ​လိမ့်မည်။ ကြယ်​တို့​သည်​လည်း ကောင်းကင်​မှ​ကြွေကျ​ကာ အာကာသ​ကောင်းကင်​၏​စွမ်းအား​တို့​သည် တုန်လှုပ်​ကြ​လိမ့်မည်။ ထိုအခါ လူ့သား​သည် ကြီးမား​သော​တန်ခိုး​နှင့် ဘုန်း​အသရေ​တို့​ဖြင့် မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို လူ​တို့​မြင်​ရ​ကြ​လိမ့်မည်။ ထို့နောက် လူ့သား​သည် ကောင်းကင်တမန်​တို့​ကို​စေလွှတ်​၍ မိမိ​ရွေးကောက်​ထား​သော​သူ​တို့​ကို ကမ္ဘာ​မြေကြီး​အစွန်း​မှ မိုး​ကောင်းကင်​အစွန်း​တိုင်အောင် အရပ်​လေး​မျက်နှာ​မှ စုစည်း​လိမ့်မည်။ သဖန်းပင်​မှ ပုံ​ဥပမာ​ကို သင်ယူ​ကြ​လော့။ ၎င်း​၏​အကိုင်းအခက်​သည် နု​လာ​ပြီး အရွက်​များ​ထွက်လာ​သောအခါ နွေ​ရာသီ​နီး​ပြီ​ဖြစ်​ကြောင်း သင်​တို့​သိ​ကြ​၏။ ထိုနည်းတူ သင်​တို့​သည်​လည်း ဤ​အရာ​များ​ဖြစ်ပျက်​နေ​ကြ​သည်​ကို မြင်​ရ​သောအခါ လူ့သား​သည် တံခါးဝ​အနီး​သို့​ရောက်ရှိ​နေ​ပြီ​ဖြစ်​ကြောင်း သိမှတ်​ကြ​လော့။ သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား ဤ​အရာ​များ​အားလုံး​မ​ဖြစ်ပျက်​မီ ဤ​မျိုးဆက်​သည် မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။ ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွားလိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။