ရှင်မာကု 12:1-12
ရှင်မာကု 12:1-12 Judson Bible (JBMLE)
ထိုအခါ ဥပမာအားဖြင့် မိန့်တော်မူသည်ကား၊ လူတစ်ဦးသည် စပျစ်ဥယျာဉ်ကို စိုက်ပျိုး၍၊ စောင်ရန်းကို လုပ်ပြီးမှ စပျစ်သီးနယ်ရာကျင်းကို တူးလေ၏။ မှီခိုရာ လင့်စင်ကိုလည်း ဆောက်လေ၏။ လုပ်ဆောင်သောသူတို့အား ဥယျာဉ်ကိုငှား၍၊ အခြားသောပြည်သို့ သွားလေ၏။- ကာလအချိန်တန်လျှင်၊ လုပ်ဆောင်သောသူတို့ လက်မှ စပျစ်သီးကိုခံစေခြင်းငှာ သူတို့ရှိရာသို့ ငယ်သားကို စေလွှတ်လေ၏။- ထိုသူတို့သည် ငယ်သားကိုဖမ်းဆီး၍ ရိုက်ပြီးမှ လက်ချည်း လွှတ်လိုက်ကြ၏။- နောက်တစ်ဖန် အခြားသော ငယ်သားကို သူတို့ရှိရာသို့ စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ခဲနှင့်ပစ်သဖြင့်၊ သူ၏ခေါင်းကိုမှန်၍ အရှက်ခွဲပြီးမှ လွှတ်လိုက်ကြ၏။- အခြားသောငယ်သားကို စေလွှတ်ပြန်လျှင်၊ သူ့ကိုသတ်ကြ၏။ အခြားသောငယ်သားများတို့တွင် အချို့တို့ကို ရိုက်ကြ၏။ အချို့တို့ကို သတ်ကြ၏။- ထိုကြောင့် ဥယျာဉ်ရှင်သည် မိမိ၌ချစ်သားတစ်ယောက်တည်း ရှိသေးသည်ဖြစ်၍၊ ထိုသူတို့သည် ငါ့သားကို အားနာကြလိမ့်မည်ဟု ဆို၍ မိမိသားကို နောက်ဆုံး၌ စေလွှတ်လေ၏။- ဥယျာဉ်စောင့်တို့ကလည်း၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်ကြကုန်အံ့။ ထိုသို့ သူ၏ အမွေဥစ္စာကို ငါတို့ရကြလိမ့်မည်ဟု အချင်းချင်းတိုင်ပင်၍၊- ဥယျာဉ်ရှင်၏သားကို ဖမ်းယူပြီးမှ သတ်၍ ဥယျာဉ်ပြင်သို့ ထုတ်ပစ်ကြ၏။- သို့ဖြစ်လျှင်၊ ဥယျာဉ်ရှင်သည် အဘယ်သို့ပြုမည်နည်း၊ သူသည်လာ၍ ဥယျာဉ်စောင့်တို့ကို သုတ်သင်ပယ်ရှင်းပြီးမှ ထိုဥယျာဉ်ကို အခြားသောသူတို့အား ပေးလိမ့်မည်။- တိုက်ကို တည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့် အထွဋ်ဖျားသို့ ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှု ဖြစ်၏။- ငါတို့မျက်မှောက်၌လည်း၊ အံ့ဩဖွယ်ဖြစ်၏ ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် မဖတ်ဖူးသလောဟု မိန့်တော်မူ၏။- ထိုသူတို့သည် မိမိတို့ကိုရည်ဆောင်၍ ထိုဥပမာစကားကို ဟောပြောတော်မူသည်ကို သိသောကြောင့်၊ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ရှာကြံကြ၏။ သို့သော်လည်း စုဝေးသောသူတို့ကို ကြောက်သောကြောင့် အထံတော်မှ ထွက်သွားကြ၏။
ရှင်မာကု 12:1-12 Common Language Bible (BCL)
ထိုနောက်ကိုယ်တော်သည်သူတို့အား ပုံဥပမာ ဆောင်၍မိန့်ကြားတော်မူ၏။ ကိုယ်တော်က ``လူ တစ်ယောက်သည်စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍ ခြံဝင်းကာ၏။ စပျစ်သီးနယ်ရာကျင်းကိုတူး ၍မျှော်စင်ကိုဆောက်လုပ်၏။ ထိုနောက်သူသည် ဥယျာဉ်ကိုခြံသမားတို့အား သီးစားချ၍ နိုင်ငံရပ်ခြားသို့ထွက်သွား၏။- အချိန်တန်သော်ကျွန်တစ်ယောက်ကိုခြံသမား များထံသို့စေလွှတ်၍ ဥယျာဉ်သီးခွန်ကိုတောင်း ခံစေ၏။- ခြံသမားတို့သည်ထိုကျွန်ကိုဖမ်းဆီးရိုက်နှက် ပြီးလျှင် လက်ချည်းသက်သက်ပြန်လွှတ်လိုက်ကြ၏။- ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကိုတစ်ဖန် စေလွှတ်ပြန်၏။ ခြံသမားတို့သည်ထိုကျွန်၏ဦး ခေါင်းကိုရိုက်နှက်၍ အရှက်တကွဲအကျိုးနည်း အောင်ပြုကြ၏။- ဥယျာဉ်ရှင်သည်အခြားကျွန်တစ်ယောက်ကို စေလွှတ်ပြန်သော် ခြံသမားတို့သည်သူ့ကို သတ်ကြ၏။ အခြားများစွာသောကျွန်တို့ကို လည်း ဤနည်းတူပင်ရိုက်သူကိုရိုက်၊ သတ်သူ ကိုသတ်ကြ၏။- ဥယျာဉ်ရှင်မှာတစ်ဦးတည်းသောချစ်သားကို သာစေလွှတ်ရန်ကျန်တော့၏။ သို့ဖြစ်၍သူသည် `ငါ့သားကိုထိုသူတို့လေးစားကြရာ၏' ဟု ဆိုလျက်နောက်ဆုံးတွင်မိမိ၏သားကိုစေလွှတ် လိုက်၏။- သို့ရာတွင်သူတို့က ``ဤသူသည်ဥယျာဉ်ရှင် ၏အမွေစားအမွေခံဖြစ်၏။ လာကြ။ သူ့ကို သတ်ကြကုန်အံ့။ သို့မှသာဥယျာဉ်ကိုငါတို့ ရရှိကြလိမ့်မည်'' ဟုအချင်းချင်းပြောလျက်၊- သူ့ကိုဖမ်း၍သတ်ပြီးလျှင်ဥယျာဉ်အပြင် သို့ထုတ်ပစ်လိုက်ကြ၏။ ``ထိုအခါဥယျာဉ်ရှင်သည်အဘယ်သို့ပြုလိမ့် မည်နည်း။ သူသည်လာ၍ခြံသမားများကို သုတ်သင်ဖျက်ဆီးပြီးသော် စပျစ်ဥယျာဉ်ကို အခြားသူတို့အားပေးအပ်လိမ့်မည်။ `တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏၊ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူးကြ ပါသလော'' ဟုမိန့်တော်မူ၏။ ယုဒအမျိုးသားခေါင်းဆောင်တို့သည်မိမိတို့ ကိုရည်ဆောင်၍ ဤပုံဥပမာကိုမိန့်တော်မူ ကြောင်းသိသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ကြိုးစားကြ၏။ သို့ရာတွင်လူပရိသတ်ကို ကြောက်သောကြောင့်အထံတော်မှထွက်သွား ကြ၏။
ရှင်မာကု 12:1-12 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။ အသီးပေါ်ချိန်ရောက်သောအခါ ခြံသမားတို့ထံမှ စပျစ်ခြံထွက်အသီးများကိုရယူရန် အစေအပါးတစ်ဦးကို ခြံသမားတို့ထံသို့စေလွှတ်လေ၏။ ထိုအခါ သူတို့သည် ထိုအစေအပါးကို ဖမ်းဆီး၍ရိုက်နှက်ကာ လက်ချည်းသက်သက်ပြန်လွှတ်ကြ၏။ နောက်တစ်ဖန် အခြားအစေအပါးတစ်ဦးကို သူတို့ထံသို့စေလွှတ်လိုက်ရာ ဦးခေါင်းကိုရိုက်၍ သူ့ကိုအရှက်ခွဲကြ၏။ တစ်ဖန် အခြားတစ်ဦးကို စေလွှတ်ပြန်လျှင် သူ့ကိုသတ်ပစ်ကြ၏။ အခြားသောသူများစွာတို့ကိုစေလွှတ်သော်လည်း အချို့တို့ကိုရိုက်နှက်၍ အချို့တို့ကိုသတ်ပစ်ကြ၏။ သူ၌ချစ်သောသားတစ်ဦးတည်းရှိတော့၏။ ခြံပိုင်ရှင်က ‘သူတို့သည် ငါ့သားကိုရိုသေကြလိမ့်မည်’ဟု ဆိုလျက် နောက်ဆုံးတွင် ထိုသားကို သူတို့ထံသို့စေလွှတ်လေ၏။ သို့သော် ခြံသမားတို့က ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ။ သူ့ကိုသတ်ကြစို့။ သို့ပြုလျှင် အမွေသည် ငါတို့ဥစ္စာဖြစ်လာလိမ့်မည်’ဟု အချင်းချင်းပြောဆိုကြလျက် သူ့ကိုဖမ်းဆီး၍ သတ်ပြီးလျှင် စပျစ်ခြံအပြင်သို့ ထုတ်ပစ်ကြ၏။ သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်သည် မည်သို့ပြုမည်နည်း။ သူသည်လာ၍ ခြံသမားတို့ကိုအဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အားပေးလိမ့်မည်။ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့သြဖွယ်ဖြစ်၏’ဟူသောကျမ်းချက်ကို မဖတ်ဖူးကြသလော”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် ထိုပုံဥပမာကို မိမိတို့အားရည်ညွှန်း၍ မိန့်တော်မူကြောင်းသိကြသဖြင့် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် လူထုပရိသတ်ကိုကြောက်သောကြောင့် ကိုယ်တော်ကိုထားခဲ့၍ ထွက်သွားကြ၏။