ရှင်မာကု 11:20-33
ရှင်မာကု 11:20-33 Judson Bible (JBMLE)
နံနက်အချိန်တွင် လမ်း၌သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ သွေ့ခြောက်လျက်ရှိသည်ကို မြင်ကြ၏။- ပေတရုသည် သတိရလျှင်၊ အရှင်ဘုရား ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကားဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။- ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့်ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း၊ ဖြစ်လိမ့်မည်။- ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။- သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။ ယေရုရှလင်မြို့သို့ တစ်ဖန်ရောက်ကြပြီးမှ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် အထံတော်သို့ချဉ်းကပ်၍၊- ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့်ပြုသနည်း။ ဤသို့ပြုရသောအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊- ယေရှုက၊ ငါသည် တစ်စုံတစ်ခုကို မေးဦးမည်။ သင်တို့ ဖြေကြလော့။ ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။- ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော။ လူကဖြစ်သလော။ ဤအမေးကို ဖြေကြလော့ဟု မိန့်တော်မူ၏။- ထိုသူတို့သည် အချင်းချင်းဆင်ခြင်ကြ၍၊ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည်ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။- လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ လူများကိုကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန်ဖြစ်သည်ကို လူအပေါင်းတို့သည် အယူရှိကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊- အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြောဟု မိန့်တော်မူ၏။
ရှင်မာကု 11:20-33 Common Language Bible (BCL)
နောက်တစ်နေ့နံနက်စောစောအချိန်၌ ကိုယ်တော် နှင့်တပည့်တော်တို့သည်လမ်းတွင်လျှောက်သွားကြ စဉ် သင်္ဘောသဖန်းပင်ကိုမြင်ကြ၏။ ထိုအပင်သည် အမြစ်မှစ၍တစ်ပင်လုံးခြောက်သွေ့ညှိုးနွမ်း လျက်နေ၏။- ပေတရုသည်သတိရ၍ ``အရှင်ဘုရား၊ ကြည့် တော်မူပါ၊ အရှင်ဒဏ်ခတ်ခဲ့သောသင်္ဘောသဖန်း ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားချေပြီ'' ဟု လျှောက်၏။ သခင်ယေရှုက ``ဘုရားသခင်အားယုံကြည် ကိုးစားကြလော့။- အမှန်အကန်သင်တို့အားငါဆိုသည်ကား မိမိ စိတ်နှလုံးအတွင်းတွင်ယုံမှားခြင်းမရှိဘဲ မိမိ ပြောဆိုသည်အတိုင်းဖြစ်လိမ့်မည်ဟုယုံကြည်သော သူသည် ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ် ထဲသို့ဆင်းသက်လော့' ဟုဆိုလျှင်ထိုသူဆိုသည် အတိုင်းဖြစ်လိမ့်မည်။- သို့ဖြစ်၍သင်တို့အားငါဆိုသည်ကား သင်တို့သည် မိမိတို့တောင်းလျှောက်သည့်အရာကိုမုချရမည် ဟု ယုံကြည်ကြလျှင်တောင်းလျှောက်သမျှကို ရကြလိမ့်မည်။- သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။- (သင်တို့သည်သူတစ်ပါး၏အပြစ်များကို မဖြေလွှတ်လျှင် ကောင်းကင်ဘုံတွင်ရှိတော်မူ သောသင်တို့အဖသည်သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်)'' ဟုတပည့် တော်တို့အားပြန်လည်မိန့်ကြားတော်မူ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့တစ်ဖန်ရောက်ရှိကြပြန်၏။ ကိုယ်တော်သည် ဗိမာန်တော်တွင်စင်္ကြံကြွတော်မူစဉ် ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာရေး ခေါင်းဆောင်များသည်အထံတော်သို့ချဉ်းကပ်၍၊- ``အရှင်သည်ဤအမှုအရာများကိုအဘယ် အခွင့်အာဏာနှင့်ပြုတော်မူပါသနည်း။ ထို အခွင့်အာဏာကိုအရှင့်အားအဘယ်သူအပ် နှင်းပါသနည်း'' ဟုလျှောက်ထားမေးမြန်း ကြ၏။ သခင်ယေရှုက ``သင်တို့အားငါတစ်ခုမေးမည်။ သင်တို့ဖြေပြီးမှဤအမှုအရာများကို အဘယ် အခွင့်အာဏာနှင့်ငါပြုသည်ကိုပြောမည်။- ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးသည်မှာဘုရား သခင်၏အခွင့်အာဏာအရလော။ လူတို့၏ အခွင့်အာဏာအရလော၊ ငါ့အားဖြေကြား ကြလော့'' ဟုမိန့်တော်မူ၏။ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟု ငါတို့ဆိုလျှင်ယောဟန်ကိုသင် တို့အဘယ်ကြောင့်မယုံကြည်ကြသနည်းဟု မေးလိမ့်မည်။- သို့ရာတွင်လူတို့၏အခွင့်အာဏာအရဟုငါ တို့ဆိုမည်လော'' ဟုအချင်းချင်းဆွေးနွေးကြ၏။ (သူတို့သည်လူပရိသတ်ကိုကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ဟုယုံကြည်ကြသော ကြောင့်တည်း။)- သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု သခင်ယေရှုအားပြန်လည်လျှောက်ထားကြ၏။ ထိုအခါသခင်ယေရှုက ``ထိုနည်းတူဤအမှု အရာများကိုအဘယ်အခွင့်အာဏာနှင့်ငါပြု သည်ကိုငါမပြော'' ဟုမိန့်တော်မူ၏။
ရှင်မာကု 11:20-33 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
နံနက်စောစော လမ်း၌ဖြတ်သွားကြစဉ် အမြစ်မှစ၍ ညှိုးနွမ်းခြောက်သွေ့နေသောသဖန်းပင်ကို သူတို့မြင်ကြ၏။ ထိုအခါ ပေတရုသည် သတိရ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ကိုယ်တော်ကျိန်တော်မူသောသဖန်းပင်သည် ညှိုးနွမ်းခြောက်သွေ့ပါပြီ”ဟု လျှောက်လေ၏။ ယေရှုကလည်း“ဘုရားသခင်ကို ယုံကြည်ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား မည်သူမဆို ဤတောင်အား ‘ရွေ့သွား၍ ပင်လယ်ထဲသို့ကျလော့’ဟု ဆိုလျက် မိမိစိတ်နှလုံးထဲ၌ သံသယကင်းမဲ့ကာ မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျှင် ထိုသူဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် သင်တို့အား ငါဆိုမည်။ သင်တို့ဆုတောင်းသောအခါ တောင်းလျှောက်သမျှသောအရာတို့ကို ရရှိပြီဟုယုံကြည်ကြလော့။ ထိုအခါ သင်တို့အတွက် ထိုအတိုင်းဖြစ်လိမ့်မည်။ သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။ [သို့သော် သင်တို့ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်]”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ဂျေရုဆလင်မြို့သို့ တစ်ဖန်ရောက်ကြ၏။ ကိုယ်တော်သည် ဗိမာန်တော်ထဲ၌ ကြွတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများသည် အထံတော်သို့လာ၍ “သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသနည်း၊ သို့မဟုတ် ဤသို့ပြုနိုင်သောအခွင့်အာဏာကို မည်သူက သင့်အားပေးသနည်း”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“ငါသည် သင်တို့ကို မေးခွန်းတစ်ခုမေးဦးမည်။ ငါ့ကိုဖြေကြလော့။ သို့ပြုလျှင် ဤအရာများကို မည်သည့်အခွင့်အာဏာနှင့်ငါပြုကြောင်း သင်တို့အား ငါပြောမည်။ ယောဟန်၏ဗတ္တိဇံသည် ကောင်းကင်မှဖြစ်သလော၊ သို့မဟုတ် လူတို့ထံမှဖြစ်သလော။ ငါ့ကိုဖြေကြလော့”ဟု မိန့်တော်မူ၏။ ထိုအခါ သူတို့သည် အချင်းချင်းဆွေးနွေးပြောဆိုကြကာ “‘ကောင်းကင်မှဖြစ်သည်’ဟု ငါတို့ပြောလျှင် သူက ‘သို့ဖြစ်လျှင် အဘယ်ကြောင့် ယောဟန်ကိုမယုံကြသနည်း’ဟု ပြောလိမ့်မည်။ ‘လူတို့ထံမှဖြစ်သည်’ဟု ငါတို့ပြောလျှင်လည်းမဖြစ်”ဟု ဆိုကြ၏။ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ဖြစ်သည်ဟု အမှန်ပင် မှတ်ယူကြသောကြောင့် သူတို့သည် လူထုပရိသတ်ကိုကြောက်ကြ၏။ ထို့ကြောင့် သူတို့က “အကျွန်ုပ်တို့မသိပါ”ဟု ယေရှုအား ပြန်ဖြေကြ၏။ ထိုအခါ ယေရှုက“ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုကြောင်း သင်တို့ကိုမပြော”ဟု သူတို့အား မိန့်တော်မူ၏။