YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မာကု 10:35-45

ရှင်မာကု 10:35-45 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထိုအခါ ဇေဗေဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာကုပ်​နှင့်​ယောဟန်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ “ဆရာ၊ အကျွန်ုပ်​တို့​တောင်း​သမျှ​တို့​ကို အကျွန်ုပ်​တို့​အတွက် ပြု​ပေး​စေ​လို​ပါ​၏”​ဟု ကိုယ်တော်​အား​လျှောက်​ထား​ကြ​၏။ ကိုယ်တော်​က​လည်း“သင်​တို့​အတွက် မည်သည့်​အရာ​ကို ပြု​စေ​လို​ကြ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​ကို ကိုယ်တော်​၏​ဘုန်း​အသရေ​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။ သို့သော် ယေရှု​က“သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို​သောက်​ရန်​၊ သို့မဟုတ် ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​ခံ​ရန် သင်​တို့​တတ်နိုင်​ကြ​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​တတ်နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ ယေရှု​က​လည်း“ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​ကြ​လိမ့်မည်။ ငါ​ခံ​မည့်​ဗတ္တိဇံ​ကို​လည်း သင်​တို့​ခံ​ကြ​လိမ့်မည်။ သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့် လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ကျန်​တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ယာကုပ်​နှင့်​ယောဟန်​တို့​ကို စိတ်ဆိုး​ကြ​၏။ ထိုအခါ ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် သူ​တို့​ကို​အုပ်ချုပ်​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​တို့​သည် ပြည်သူ​တို့​အပေါ် စိုးမိုး​ခြယ်လှယ်​ကြ​၍ သူ​တို့​၏​အကြီးအကဲ​တို့​သည် သူ​တို့​အပေါ် အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် အားလုံး​၏​အစေအပါး​ဖြစ်​ရ​မည်။ အကြောင်းမူကား လူ့သား​သည်​လည်း လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​၏”​ဟု မိန့်​တော်မူ​၏။

ရှင်မာကု 10:35-45 Judson Bible (JBMLE)

ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​တောင်း​သော ဆု​ကျေး​ဇူး​ကို ပြု​တော်​မူ​စေ​ချင်​ပါ​သည်​ဟု လျှောက်​လေ၏။- ကိုယ်​တော်​က၊ ငါ​သည်​သင်​တို့​ကို အ​ဘယ်​သို့ ပြု​စေ​ချင်​သ​နည်း​ဟု မေ​တော်​မူ​သော်၊- ကိုယ်​တော်​သည် ဘုန်း​ပွင့်​တော်​မူ​သော​အ​ခါ အ​ကျွန်ုပ်​တို့​သည် လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက် ထိုင်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ကြ၏။- ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​သော​ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊- အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​က၊ ငါ​သောက်​သော​ခွက်​ကို သင်​တို့​သည် သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို​လည်း သင်​တို့​သည် ခံ​ရ​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ထိုင်​ရ​သော​အ​ခွင့်​ကို​ကား အ​ကြင်​သူ​တို့​အ​ဖို့​အ​လို​ငှာ ပြင်​ဆင်၏၊ ထို​သူ​တို့​အား​သာ ငါ​ပေး​ပိုင်​သည်​ဟု မိန့်​တော်​မူ၏။ အ​ခြား​သော တ​ပည့်​တော်​တစ်​ကျိပ်​တို့​သည် ကြား​သိ​လျှင်၊ ယာ​ကုပ်​နှင့် ယော​ဟန်​တို့​ကို အ​မျက်​ထွက်​ကြ၏။- ယေ​ရှု​သည် ထို​သူ​တို့​ကို​ခေါ်​တော်​မူ၍၊ သင်​တို့​သိ​သည်​အ​တိုင်း လော​ကီ​မင်း​တို့​သည် အ​စိုး​တ​ရ​ပြု​တတ်​ကြ၏။ အ​ကဲ​အ​မှူး​တို့​သည် အာ​ဏာ​ထား​တတ်​ကြ၏။- သင်​တို့​မူ​ကား၊ ထို​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​သည် သင်​တို့​အ​စေ​ခံ ဖြစ်​ရ​မည်။- သင်​တို့​တွင် အ​ထွဋ်​အ​မြတ်​လုပ်​ချင်​သော​သူ​သည်​လည်း အ​လုံး​စုံ​တို့၏​စေ​ခိုင်း​ရာ ကျွန်​ဖြစ်​ရ​မည်။- အ​ကြောင်း​မူ​ကား၊ လူ​သား​သည် သူ​တစ်​ပါး​ကို စေ​စား​ခြင်း​ငှာ​မ​လာ၊ သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သ​တည်း​ဟု မိန့်​တော်​မူ၏။

ရှင်မာကု 10:35-45 Common Language Bible (BCL)

ဇေ​ဗေ​ဒဲ​၏​သား​များ​ဖြစ်​ကြ​သော ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ်​၍ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​၏​ပန်​ကြား​ချက် ကို​ခွင့်​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​အ​တွက်​အ​ဘယ်​အ​ရာ ကို​ပြု​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။ သူ​တို့​က ``အ​ရှင်​ဘုန်း​တန်​ခိုး​နှင့်​စိုး​စံ​ရ​သော အ​ခါ အ​ကျွန်ုပ်​တို့​အား​အ​ရှင်​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​ပန်​ကြား​နေ​သည့်​အ​ရာ ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​မည့်​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​သောက်​ရန်​နှင့် ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ​ကို​ခံ​ရန် သင်​တို့​တတ်​စွမ်း​နိုင်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​က ``အ​ကျွန်ုပ်​တို့​တတ်​စွမ်း​နိုင်​ပါ​သည်'' ဟု လျှောက်​ထား​ကြ​၏။ သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ငါ​သောက်​ရ​မည့် ခွက်​ကို​သောက်​ရ​ကြ​လိမ့်​မည်။ ငါ​ခံ​ရ​မည့်​ဗတ္တိ​ဇံ ကို​လည်း​ခံ​ရ​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ငါ​၏​လက်​ယာ​ရံ၊ လက်​ဝဲ​ရံ​အ​ဖြစ် ကို​မူ ငါ​သည်​မ​ပေး​ပိုင်။ ဤ​အ​ခွင့်​အ​ရေး​များ သည်​ဘု​ရား​သ​ခင်​စီ​မံ​ပြင်​ဆင်​ထား​သူ​များ အ​တွက်​သာ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ဤ​အ​ကြောင်း​အ​ရာ​ကို​အ​ခြား​တ​ပည့်​တော် ဆယ်​ဦး​တို့​ကြား​သိ​ကြ​သော​အ​ခါ ယာ​ကုပ် နှင့်​ယော​ဟန်​တို့​ကို​စိတ်​ဆိုး​ကြ​၏။- ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့ ကို​ခေါ်​တော်​မူ​လျက် ``မင်း​စိုး​ရာ​ဇာ​တို့​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ် ကြ​၏။ အ​ကြီး​အ​ကဲ​တို့​သည်​အာ​ဏာ​ကို သုံး​တတ်​ကြ​သည်။- သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် သင့်။ သင်​တို့​အ​နက်​အ​ကြီး​အ​ကဲ​ဖြစ်​လို​သူ သည် သူ​တစ်​ပါး​တို့​၏​အ​စေ​ကို​ခံ​ရ​မည်။- အ​ကြီး​မြတ်​ဆုံး​ဖြစ်​လို​သူ​သည်​လူ​ခပ်​သိမ်း တို့​၏​ကျွန်​ဖြစ်​ရ​မည်။- လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။