YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 8:28-34

ရှင်မဿဲ 8:28-34 Judson Bible (JBMLE)

ကမ်း​တစ်​ဖက်၊ ဂါ​ဒ​ရ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ နတ်​ဆိုး​စွဲ​သော လူ​နှစ်​ယောက်​တို့​သည် ထို​လမ်း​ကို အ​ဘယ်​သူ​မျှ မ​သွား​နိုင်​အောင် အ​လွန်​ကြမ်း​ကြုတ်​စွာ​ပြု​လျက်၊ သင်္ချိုင်း​တ​စ​ပြင်​မှ ထွက်​လာ၍ ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ပြီး​လျှင်၊- ဘု​ရား​သ​ခင်၏ သား​တော်​ယေ​ရှု၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ချိန်​မ​ရောက်​မီ အ​ကျွန်ုပ်​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ ကြွ​လာ​တော်​မူ​သ​လော​ဟု အော်​ဟစ်၍​လျှောက်​ကြ၏။- ထို​သူ​တို့​နှင့် မ​နီး​မ​ဝေး​သော​အ​ရပ်၌ များ​စွာ​သော ဝက်​အ​စု​သည် ကျက်​စား​လျက်​ရှိ၏။- နတ်​ဆိုး​တို့​လည်း ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ကို နှင်​ထုတ်​လျှင်၊ ထို​ဝက်​အ​စု​ထဲ​သို့ ဝင်​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ​ဟု တောင်း​ပန်​ကြ​သော်၊- သွား​ကြ​ဟု မိန့်​တော်​မူ၏။ နတ်​ဆိုး​တို့​သည် ထွက်၍ ဝက်​ထဲ​သို့​ဝင်​သ​ဖြင့် ဝက်​အ​စု​ရှိ​သ​မျှ​သည် အိုင်​ကမ်း​ဇောက်​ကို တစ်​ဟုန်​တည်း​ပြေး​ဆင်း၍ ရေ၌​သေ​ကြ၏။- ဝက်​ကျောင်း​သော သူ​တို့​သည်​လည်း ပြေး၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ နတ်​ဆိုး​စွဲ​သော​သူ​တို့၏ အ​ကြောင်း​မှ​စ၍ ဖြစ်​လေ​သ​မျှ​တို့​ကို ကြား​ပြော​ကြ​သော်၊- တစ်​မြို့​လုံး​လည်း ယေ​ရှု​ကို​တွေ့​အံ့​သော​ငှာ ထွက်​လာ​ကြ၏။ ကိုယ်​တော်​ကို​တွေ့​မြင်​လျှင် မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။

ရှင်မဿဲ 8:28-34 Common Language Bible (BCL)

ကိုယ်​တော်​သည်​အိုင်​တစ်​ဖက်​ကမ်း​ရှိ​ဂါ​ဒ​ရ​နယ် သို့​ကြွ​လာ​တော်​မူ​၏။ ထို​အ​ခါ​နတ်​မိစ္ဆာ​ပူး​ဝင် သူ​လူ​နှစ်​ယောက်​သည် သင်္ချိုင်း​ဂူ​များ​အ​ကြား​မှ ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့်​တွေ့​ဆုံ​ကြ​၏။ ထို​သူ​တို့​သည်​လွန်​စွာ​ဆိုး​သွမ်း​သ​ဖြင့် မည်​သူ မျှ​ထို​လမ်း​ကို​မ​သွား​ဝံ့​ကြ။- ထို​သူ​တို့​က ``ဘု​ရား​သ​ခင်​၏​သား​တော်၊ အ​ရှင် သည်​အ​ကျွန်ုပ်​တို့​ကို​မည်​သို့​ပြု​လို​တော်​မူ​ပါ သ​နည်း။ အ​ချိန်​မ​ကျ​မီ​အ​ကျွန်ုပ်​တို့​အား​ဒဏ် ခတ်​ရန်​ဤ​အ​ရပ်​သို့​ကြွ​လာ​တော်​မူ​ပါ​သ​လော'' ဟု​ဟစ်​အော်​လျှောက်​ထား​ကြ​၏။ ထို​သူ​တို့​နှင့်​အ​နည်း​ငယ်​မျှ​ဝေး​သော​နေ​ရာ​တွင် ဝက်​အုပ်​ကြီး​တစ်​အုပ်​သည်​အ​စာ​စား​လျက်​ရှိ​၏။- နတ်​မိစ္ဆာ​တို့​က ``အ​ရှင်၊ အ​ကျွန်ုပ်​တို့​ကို​နှင်​ထုတ်​မည် ဆို​ပါ​က​အ​ကျွန်ုပ်​တို့​အား​ထို​ဝက်​များ​ကို​ပူး​ဝင် ခွင့်​ပြု​တော်​မူ​ပါ'' ဟု​တောင်း​ပန်​ကြ​၏။ ကိုယ်​တော်​က​လည်း ``သွား​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​တို့​သည်​ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​၍ ဝက်​များ ကို​ပူး​ဝင်​ကြ​သ​ဖြင့်​ဝက်​အုပ်​တစ်​အုပ်​လုံး​ပင် ချောက် ကမ်း​ပါး​အ​တိုင်း​ပြေး​ဆင်း​ကာ​အိုင်​ထဲ​တွင်​နစ်​မြုပ် သေ​ဆုံး​ကြ​၏။ ဝက်​ထိန်း​များ​သည်​မြို့​သို့​ထွက်​ပြေး​ပြီး​နောက် နတ်​မိစ္ဆာ​ပူး​ဝင်​သူ​လူ​နှစ်​ယောက်​အ​ကြောင်း​နှင့် မိ​မိ တို့​တွေ့​ကြုံ​ရ​သည့်​အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ ကို​ပြော​ကြား​ကြ​၏။- သို့​ဖြစ်​၍​ထို​မြို့​တစ်​မြို့​လုံး​ပင်​လျှင်​သ​ခင်​ယေ​ရှု ထံ​သို့​လိုက်​လာ​ကြ​လေ​သည်။ ကိုယ်​တော်​ကို​တွေ့​သော အ​ခါ​မိ​မိ​တို့​ဒေ​သ​မှ​ထွက်​ခွာ​သွား​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။

ရှင်မဿဲ 8:28-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ကိုယ်တော်​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါဒရ​နယ်သား​တို့​၏​အရပ်​ဒေသ​သို့ ရောက်​တော်မူ​လျှင် နတ်ဆိုး​ပူး​သူ​နှစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အလွန်​ကြမ်းတမ်း​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သူမျှ ဖြတ်​၍​မ​သွား​နိုင်​ကြ​ချေ။ ထို​သူ​တို့​က “ဘုရားသခင်​၏​သား​တော်၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အချိန်​မ​တန်​မီ အကျွန်ုပ်​တို့​အား​ညှဉ်းဆဲ​ရန် ဤ​နေရာ​သို့​ကြွလာ​တော်မူ​သလော”​ဟု အော်ဟစ်​လျှောက်ထား​ကြ​၏။ သူ​တို့​နှင့်​မ​ဝေး​လှ​သော​နေရာ​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။ နတ်ဆိုး​တို့​က “အကျွန်ုပ်​တို့​ကို နှင်ထုတ်​မည်​ဆိုလျှင် ဝက်​အုပ်​ထဲသို့ စေလွှတ်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ ကိုယ်တော်​က​လည်း“သွား​ကြ​လော့”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​တစ်​အုပ်​လုံး​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေ​ထဲ၌​သေဆုံး​ကြ​ကုန်​၏။ ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​ထဲသို့​ဝင်​ပြီးလျှင် နတ်ဆိုး​ပူး​သူ​တို့​၏​အကြောင်း​မှစ၍ အဖြစ်အပျက်​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။ ထိုအခါ ယေရှု​နှင့်​တွေ့ဆုံ​ရန် တစ်​မြို့​လုံး​ထွက်လာ​၍ ကိုယ်တော်​ကို​တွေ့မြင်​ကြ​သောအခါ မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် တောင်းပန်​ကြ​၏။