YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 8

8
အနာကြီးရောဂါသည်ကိုစင်ကြယ်စေတော်မူခြင်း
1ယေရှု​သည် တောင်​ပေါ်မှ ကြွဆင်း​လာ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ 2ထိုအခါ အနာကြီး​ရောဂါသည်​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ ကိုယ်တော်​ကို​ရှိခိုး​လျက် “သခင်​ဘုရား၊ ကိုယ်တော်​အလိုရှိ​လျှင် အကျွန်ုပ်​ကို​စင်ကြယ်​စေ​နိုင်​ပါ​သည်”​ဟု လျှောက်​လေ​၏။
3ကိုယ်တော်​သည် လက်​တော်​ကို​ဆန့်​၍ ထို​သူ​ကို​တို့ထိ​ကာ“ငါ​အလိုရှိ​၏။ စင်ကြယ်​ခြင်း​သို့​ရောက်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​သည် အနာကြီး​ရောဂါ​ပျောက်ကင်း​၍ စင်ကြယ်​ခြင်း​သို့​ရောက်​လေ​၏။ 4ထိုအခါ ယေရှု​က“မည်သူ့​ကို​မျှ​မ​ပြော​ရန် သတိပြု​လော့။ ယဇ်ပုရောဟိတ်​ထံသို့​သာ​သွား​၍ သင့်ကိုယ်သင်​ပြ​ပြီးလျှင် လူ​တို့​ရှေ့၌​သက်သေ​ဖြစ်​စေရန် မောရှေ​ပညတ်​ခဲ့​သည့်​အတိုင်း ပူဇော်သက္ကာ​ကို ဆက်သ​လော့”​ဟု ထို​သူ​အား မိန့်​တော်မူ​၏။
တပ်မှူးတစ်ဦး၏ယုံကြည်ခြင်း
5ထို့နောက် ကိုယ်တော်​သည် ကပေရနောင်​မြို့​သို့​ဝင်​တော်မူ​လျှင် တပ်မှူး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ 6“သခင်​ဘုရား၊ အကျွန်ုပ်​၏​ငယ်သား​တစ်​ယောက်​သည် လေဖြတ်​၍ ဝေဒနာ​ပြင်းထန်​စွာ​ခံစား​လျက် အိမ်​၌​လဲလျောင်း​နေ​ရ​ပါ​၏”​ဟု တောင်းပန်​လျှောက်​ထား​လေ​၏။ 7ယေရှု​က​လည်း“ငါ​လာ​၍ သူ့​ကို​ကျန်းမာ​စေ​မည်”​ဟု မိန့်​တော်မူ​သော် 8တပ်မှူး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​အိမ်​ခေါင်မိုး​အောက်သို့ ကိုယ်တော်​ကြွဝင်​တော်မူ​ခြင်း​ကျေးဇူး​ကို အကျွန်ုပ်​မ​ခံထိုက်​ပါ။ အမိန့်​တော်​ကို​သာ ပေး​တော်မူ​ပါ။ သို့ပြုလျှင် အကျွန်ုပ်​၏​ငယ်သား​သည် ကျန်းမာ​ပါ​လိမ့်မည်။ 9ဤသို့ဆိုခြင်းမှာ အကျွန်ုပ်​သည်​လည်း အမိန့်​အာဏာ​အောက်၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အကျွန်ုပ်​၏​လက်အောက်​တွင် စစ်သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အကျွန်ုပ်​၏​အစေအပါး​ကို​လည်း ‘ဤ​အရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ၍ လျှောက်​လေ​၏။
10ယေရှု​သည် ထို​စကား​ကို​ကြား​လျှင် အံ့ဩ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​အား“သင်​တို့​ကို ငါ​အမှန်​ဆို​မည်။ ဤမျှလောက်​ကြီးမား​သော​ယုံကြည်​ခြင်း​ရှိ​သော​သူ​တစ်စုံ​တစ်ဦး​ကို​မျှ အစ္စရေး​လူမျိုး​ထဲ၌ ငါ​မ​တွေ့​ဖူး​ချေ။ 11သင်​တို့​အား ငါ​ဆို​သည်​ကား များစွာ​သော​လူ​တို့​သည် အရှေ့​အရပ်​နှင့်​အနောက်​အရပ်​တို့​မှ​လာ​၍ ကောင်းကင်​နိုင်ငံ​တော်​၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​တို့​နှင့်အတူ စားသောက်ပွဲ​၌​ထိုင်​ကြ​လိမ့်မည်။ 12နိုင်ငံ​တော်​၏​သား​တို့​မူကား အပြင်​ဘက်​အမှောင်​ထဲသို့ နှင်ထုတ်​ခြင်း​ခံရ​ကြ​လိမ့်မည်။ ထို​နေရာ​၌ ငိုကြွေး​ခြင်း​နှင့်​အံကြိတ်​ခြင်း​ရှိ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ 13ထို့နောက် ယေရှု​သည် တပ်မှူး​အား“သွား​လော့။ သင်​ယုံကြည်​သည့်​အတိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​နာရီ​၌​ပင် သူ​၏​ငယ်သား​သည် ကျန်းမာ​လာ​လေ​၏။
လူနာများစွာတို့ကိုကျန်းမာစေတော်မူခြင်း
14ထို့နောက် ယေရှု​သည် ပေတရု​အိမ်​သို့​ကြွ​တော်မူ​လျှင် ပေတရု​၏​ယောက္ခမ​သည် ဖျားနာ​လျက် အိပ်ရာ​ပေါ်တွင် လဲလျောင်း​နေ​သည်​ကို တွေ့မြင်​တော်မူ​၏။ 15ကိုယ်တော်​သည် ထို​အမျိုးသမီး​၏​လက်​ကို တို့ထိ​တော်မူ​ရာ သူ​သည် အဖျား​ပျောက်​သဖြင့် ထ​၍ ကိုယ်တော်​ကို​ဧည့်ဝတ်​ပြု​လေ​၏။
16ညနေချမ်း​အချိန်​ရောက်​သောအခါ လူ​တို့​သည် နတ်ဆိုး​ပူး​သူ​များစွာ​တို့​ကို အထံ​တော်​သို့​ခေါ်ဆောင်​လာ​ကြ​ရာ ကိုယ်တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စကား​ဖြင့် နှင်ထုတ်​တော်မူ​၏။ နာမကျန်း​ဖြစ်​သူ​ရှိသမျှ​တို့​ကို​လည်း ကျန်းမာ​စေ​တော်မူ​၏။ 17ဤသည်ကား “ကိုယ်တော်​သည် အကျွန်ုပ်​တို့​၏​အားနည်း​ခြင်း​များ​ကို ယူဆောင်​၍ အကျွန်ုပ်​တို့​၏​ရောဂါ​များ​ကို သယ်ဆောင်​သွား​တော်မူ​၏”#ဟေရှာ 53:4။​ဟု ပရောဖက်​ဟေရှာယ​အားဖြင့် မိန့်​တော်မူ​သော​အရာ ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း။
ယေရှုနောက်တော်သို့လိုက်ခြင်း
18ယေရှု​သည် မိမိ​ပတ်လည်​၌​ရှိ​သော​လူထု​ပရိသတ်​ကို မြင်​တော်မူ​သောအခါ ပင်လယ်​တစ်ဖက်ကမ်း​သို့​ကူး​သွား​ရန် အမိန့်​ပေး​တော်မူ​၏။ 19ထိုအခါ ကျမ်းပြု​ဆရာ​တစ်​ဦး​သည် ချဉ်းကပ်​လာ​၍ “ဆရာ၊ ဆရာ​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။ 20ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​ရှိ​ကြ​၏။ လူ့​သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ 21တစ်ဖန် အခြား​တပည့်​တော်​တစ်​ပါး​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 22ယေရှု​က​လည်း“ငါ့​နောက်​သို့​လိုက်​လော့။ လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ”​ဟု မိန့်​တော်မူ​၏။
လှိုင်းလေတို့သခင်ဘုရားကိုနာခံကြခြင်း
23ထို့နောက် ကိုယ်တော်​သည် လှေ​ပေါ်သို့​တက်​တော်မူ​လျှင် တပည့်​တော်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ 24ထိုအခါ ပင်လယ်​ပေါ်၌ ပြင်းထန်​သော​မုန်တိုင်း​ကျရောက်​လာ​သဖြင့် လှေ​သည် လှိုင်း​များ​အောက် နစ်​လုမတတ်​ဖြစ်​လေ​၏။ သို့သော် ကိုယ်တော်​သည် အိပ်စက်​နေ​တော်မူ​၏။ 25တပည့်​တော်​တို့​သည် ချဉ်းကပ်​၍ ကိုယ်တော်​ကို​နှိုး​လျက် “သခင်​ဘုရား၊ ကယ်​တော်မူ​ပါ။ အကျွန်ုပ်​တို့​သေ​ရ​ပါ​တော့မည်”​ဟု လျှောက်​ကြ​၏။ 26ထိုအခါ ကိုယ်တော်​က“ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ အဘယ်ကြောင့် ကြောက်​တတ်​သနည်း”​ဟု မိန့်​တော်မူ​ပြီးလျှင် ထ​၍ လေ​နှင့်​ပင်လယ်​တို့​ကို ဆုံးမ​တော်မူ​ရာ အလွန်​ငြိမ်သက်​သာယာ​သွား​လေ​၏။
27ထို​သူ​တို့​သည် အံ့ဩ​လျက် “ဤ​သူ​ကား မည်သို့​သော​သူ​ဖြစ်​သနည်း။ လေ​နှင့်​ပင်လယ်​တို့​ပင်လျှင် သူ့​ကို​နာခံ​ကြ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။
နတ်ဆိုးတို့ကိုနှင်ထုတ်တော်မူခြင်း
28ထို့နောက် ကိုယ်တော်​သည် ပင်လယ်​တစ်ဖက်ကမ်း​ရှိ ဂါဒရ​နယ်သား​တို့​၏​အရပ်​ဒေသ​သို့ ရောက်​တော်မူ​လျှင် နတ်ဆိုး​ပူး​သူ​နှစ်​ဦး​သည် သင်္ချိုင်း​မှ​ထွက်လာ​၍ ကိုယ်တော်​ကို​ဆီးကြို​ကြ​၏။ သူ​တို့​သည် အလွန်​ကြမ်းတမ်း​သည်​ဖြစ်၍ ထို​လမ်း​ကို မည်သူမျှ ဖြတ်​၍​မ​သွား​နိုင်​ကြ​ချေ။ 29ထို​သူ​တို့​က “ဘုရားသခင်​၏​သား​တော်၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အချိန်​မ​တန်​မီ အကျွန်ုပ်​တို့​အား​ညှဉ်းဆဲ​ရန် ဤ​နေရာ​သို့​ကြွလာ​တော်မူ​သလော”​ဟု အော်ဟစ်​လျှောက်ထား​ကြ​၏။
30သူ​တို့​နှင့်​မ​ဝေး​လှ​သော​နေရာ​၌ ဝက်​အုပ်​ကြီး​တစ်​အုပ်​ကျက်စား​လျက်​ရှိ​၏။ 31နတ်ဆိုး​တို့​က “အကျွန်ုပ်​တို့​ကို နှင်ထုတ်​မည်​ဆိုလျှင် ဝက်​အုပ်​ထဲသို့ စေလွှတ်​တော်မူ​ပါ”​ဟု ကိုယ်တော်​အား​တောင်းပန်​ကြ​၏။ 32ကိုယ်တော်​က​လည်း“သွား​ကြ​လော့”​ဟု မိန့်​တော်မူ​သဖြင့် သူ​တို့​သည်​ထွက်သွား​၍ ဝက်​များ​ထဲသို့​ဝင်​ကြ​ရာ ဝက်​အုပ်​တစ်​အုပ်​လုံး​သည် တောင်​ကမ်းပါး​အတိုင်း ပင်လယ်​ထဲသို့ တစ်ဟုန်ထိုး​ပြေးဆင်း​ကာ ရေ​ထဲ၌​သေဆုံး​ကြ​ကုန်​၏။ 33ဝက်​ထိန်းကျောင်း​သော​သူ​တို့​သည် ထွက်ပြေး​၍ မြို့​ထဲသို့​ဝင်​ပြီးလျှင် နတ်ဆိုး​ပူး​သူ​တို့​၏​အကြောင်း​မှစ၍ အဖြစ်အပျက်​အလုံးစုံ​တို့​ကို ပြောပြ​ကြ​၏။ 34ထိုအခါ ယေရှု​နှင့်​တွေ့ဆုံ​ရန် တစ်​မြို့​လုံး​ထွက်လာ​၍ ကိုယ်တော်​ကို​တွေ့မြင်​ကြ​သောအခါ မိမိ​တို့​၏​အရပ်​ဒေသ​မှ ထွက်သွား​တော်မူ​ရန် တောင်းပန်​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

Videos for ရှင်မဿဲခရစ်ဝင် 8