ရှင်မဿဲ 6:24-34
ရှင်မဿဲ 6:24-34 Judson Bible (JBMLE)
အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကို မှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏ အစေကိုလည်းကောင်း မခံနိုင်ကြ။- ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဖို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဖို့ မစိုးရိမ်ကြနှင့်။ အစာထက် အသက်မြတ်သည် မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ်သည် မဟုတ်လော။- မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။- အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်တောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။- အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။- သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင်တစ်ပင်မျှ၏ အဝတ်ကိုမမီဟု ငါဆို၏။ ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- ထိုကြောင့် အဘယ်သို့ စားသောက်ရအံ့နည်း။ အဘယ်သို့ ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့်။ ထိုအရာများကို သာသနာပလူတို့သည် ရှာဖွေတတ်ကြ၏။- ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။- ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။- ထိုကြောင့် နက်ဖြန်အဖို့ မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့၌ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့ လောက်ပေ၏
ရှင်မဿဲ 6:24-34 Common Language Bible (BCL)
``မည်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင် တစ်ဦးကိုမုန်း၍တစ်ဦးကိုချစ်လိမ့်မည်။ သခင်တစ်ဦး ကိုသစ္စာစောင့်၍တစ်ဦးကိုမလေးမခန့်ပြုလိမ့်မည်။ သင်တို့သည်တစ်ချိန်တည်း၌ဘုရားသခင်၏ အစေနှင့်လောကစည်းစိမ်၏အစေကိုမခံနိုင်ကြ။ ``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။- မိုးကောင်းကင်တွင်ကျင်လည်သောငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ ကောက်နှံများကိုမရိတ်မသိမ်း၊ ကျီများတွင်လည်း သိုလှောင်မှုကိုမပြု။ သို့ရာတွင်ကောင်းကင်ဘုံရှင် သင်တို့အဖသည်ထိုငှက်တို့အားကျွေးမွေးတော် မူ၏။ သင်တို့သည်ကားငှက်များထက်များစွာပို ၍မြတ်သည်မဟုတ်လော။- သင်တို့တွင်အဘယ်သူသည်စိုးရိမ်ကြောင့်ကြခြင်း အားဖြင့် မိမိ၏အသက်ကိုနှစ်အနည်းငယ်မျှပို ၍ရှည်စေနိုင်သနည်း။ ``သင်တို့သည်အဘယ်ကြောင့်အဝတ်အတွက်စိုးရိမ် ကြောင့်ကြသနည်း။ တောနှင်းပန်းများအဘယ်သို့ ရှင်သန်လာသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ ထို ပန်းပင်တို့သည်အလုပ်လည်းမလုပ်၊ ဗိုင်းလည်းမငင်၊- သို့ရာတွင်အလွန်ချမ်းသာကြွယ်ဝသည့်ရှောလမုန် မင်းကြီးပင်လျှင်ထိုပန်းပင်တစ်ပင်ကဲ့သို့လှပ အောင်မဝတ်မဆင်နိုင်ဟုသင်တို့အားငါဆို၏။- ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။ ``ထို့ကြောင့်အဘယ်သို့စားသောက်ရမည်နည်း၊ အဘယ်သို့ဝတ်ရမည်နည်းဟုမစိုးရိမ်ကြနှင့်။- (ဘုရားသခင်ကိုမယုံကြည်မကိုးစားသူတို့ သည်ထိုသို့စိုးရိမ်တတ်ကြသည်) ကောင်းကင်ဘုံရှင် သင်တို့၏အဖသည်ထိုအရာအားလုံးကိုသင် တို့လိုကြောင်းသိတော်မူ၏။- ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။- ထို့ကြောင့်နက်ဖြန်နေ့အဖို့မစိုးရိမ်ကြနှင့်။ နက်ဖြန် နေ့နှင့်သက်ဆိုင်သည့်စိုးရိမ်စရာများကိုထိုနေ့၌ ကြုံတွေ့ဖြေရှင်းရလိမ့်မည်။ ယနေ့ကြုံတွေ့ရသည့် စိုးရိမ်စရာများသည်ယနေ့အတွက်တော်လောက် ပေ၏။
ရှင်မဿဲ 6:24-34 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မည်သူမျှ သခင်နှစ်ဦးကို အစေခံ၍မရနိုင်။ အကြောင်းမူကား သူသည် တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်လိမ့်မည်။ သို့မဟုတ် တစ်ဦးကိုသစ္စာစောင့်၍ တစ်ဦးကိုမထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့်လောကီစည်းစိမ်တို့ကို တစ်ပြိုင်တည်းအစေခံ၍မရနိုင်ကြ။ သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့၏အသက်ရှင်ရေးအတွက် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်းဟူ၍လည်းကောင်း၊ သင်တို့၏ကိုယ်ခန္ဓာအတွက် မည်သည့်အရာကို ဝတ်ရမည်နည်းဟူ၍လည်းကောင်း မစိုးရိမ်ကြနှင့်။ အသက်သည် အစာထက် အရေးကြီးသည်မဟုတ်လော။ ကိုယ်ခန္ဓာသည်လည်း အဝတ်ထက် အရေးကြီးသည်မဟုတ်လော။ မိုးကောင်းကင်ငှက်တို့ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် မျိုးကြဲခြင်းမရှိ၊ ရိတ်သိမ်းခြင်းနှင့် ကျီ၌စုသိမ်းခြင်းတို့ကိုလည်း မပြုကြ။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ၎င်းတို့ကိုကျွေးမွေးတော်မူ၏။ သင်တို့သည် ထိုငှက်တို့ထက် အဖိုးထိုက်ကြသည်မဟုတ်လော။ သင်တို့တွင် မည်သူသည် စိုးရိမ်သောအားဖြင့် မိမိ၏အသက်ကို တစ်တောင်ခန့်မျှ ပို၍ရှည်စေနိုင်သနည်း။ အဝတ်အတွက်လည်း အဘယ်ကြောင့်စိုးရိမ်ကြသနည်း။ တော၌ရှိသောနှင်းပန်းများ မည်ကဲ့သို့ကြီးထွားကြသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ၎င်းတို့သည် အလုပ်လည်းမလုပ်။ ဗိုင်းလည်းမငင်ကြချေ။ သို့သော် သင်တို့အား ငါဆိုသည်ကား မိမိ၏ဘုန်းအသရေဖြင့်ပြည့်ဝလျက်ရှိသော ရှောလမုန်ပင်လျှင် ဤနှင်းပန်းတစ်ပွင့်ကဲ့သို့ မဆင်မြန်းခဲ့ရပေ။ ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။ ထို့ကြောင့် မည်သည့်အရာကို စားရမည်နည်း၊ မည်သည့်အရာကို သောက်ရမည်နည်း၊ မည်သည့်အရာကို ဝတ်ရမည်နည်းဟုဆိုလျက် မစိုးရိမ်ကြနှင့်။ အကြောင်းမူကား လူမျိုးခြားတို့သည် ဤအရာအားလုံးတို့ကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် ကောင်းကင်ဘုံရှင် သင်တို့အဖသည် ဤအရာအားလုံးကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။ ထို့ကြောင့် မနက်ဖြန်အတွက် မစိုးရိမ်ကြနှင့်။ အကြောင်းမူကား မနက်ဖြန်သည် မိမိအတွက်စိုးရိမ်လိမ့်မည်။ နေ့တစ်နေ့၌ကြုံတွေ့ရသည့် မကောင်းမသင့်သောအရာသည် ထိုနေ့အတွက် လုံလောက်ပေ၏။