YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 6:1-34

ရှင်မဿဲ 6:1-34 Judson Bible (JBMLE)

လူ​များ​တို့ မြင်​စေ​ခြင်း​ငှာ ကိုယ်​သီ​လ​အ​ကျင့်​ကို သူ့​ရှေ့​မှောက်၌ မ​ကျင့်​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ထံ​မှ အ​ကျိုး​ကို​မ​ခံ​မ​ရ​ကြ။- ထို​ကြောင့် သင်​သည် အ​လှူ​ဒါ​န​ကို ပေး​သော​အ​ခါ လျှို့​ဝှက်​သော​သူ တို့​သည် လူ​များ​အ​ချီး​အ​မွမ်း​ကို ခံ​လို၍ ပွဲ​သ​ဘင်​လမ်း​ခ​ရီး၌ မိ​မိ​တို့​ရှေ့​မှာ တံ​ပိုး​ခ​ရာ​မှုတ်​စေ​သည်​နည်း​တူ မ​ပြု​နှင့်။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ရ​ကြ​ပြီ။- သင်​သည် အ​လှူ​ဒါ​န​ကို​ပေး​သော​အ​ခါ ပေး​ကြောင်း​ကို မ​ထင်​ရှား​စေ​ခြင်း​ငှာ၊ လက်​ယာ​လက် ပြု​သည်​အ​မှု​ကို လက်​ဝဲ​လက်​မျှ မ​သိ​စေ​နှင့်။- မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို​ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။- သင်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မ​ပြု​နှင့်။ ထို​သူ​တို့​သည် လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ပွဲ​သ​ဘင် လမ်း​ဆုံ​လမ်း​ဝ​တို့၌ ရပ်​လျက်​ဆု​တောင်း​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို​ခံ​ရ​ကြ၏။- သင်​သည် ဆု​တောင်း​သော​အ​ခါ ဆိတ်​ညံ​ရာ​အ​ခန်း​သို့​ဝင်၍ တံ​ခါး​ကို​ပိတ်​ပြီး​မှ၊ မ​ထင်​ရှား​သော​အ​ရပ်၌ ရှိ​တော်​မူ​သော သင်၏​အ​ဘ​ကို ဆု​တောင်း​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်၏​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ ပေး​တော်​မူ​လ​တ္တံ့။- သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။- ထို​သူ​တို့​နည်း​တူ မ​ပြု​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့ အ​လို​ရှိ​သ​မျှ​တို့​ကို သင်​တို့​မ​တောင်း​မီ သင်​တို့ အ​ဘ​သိ​တော်​မူ၏။- ထို​ကြောင့် သင်​တို့​ဆု​တောင်း​ရ​မည်​မှာ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော​အ​ကျွန်ုပ်​တို့​အ​ဘ ကိုယ်​တော်၏ နာ​မ​တော်​အား ရို​သေ​လေး​မြတ်​ခြင်း ရှိ​ပါ​စေ​သော။- နိုင်​ငံ​တော် တည်​ထောင်​ပါ​စေ​သော။ အ​လို​တော်​သည် ကောင်း​ကင်​ဘုံ၌ ပြည့်​စုံ​သ​ကဲ့​သို့ မြေ​ကြီး​ပေါ်​မှာ ပြည့်​စုံ​ပါ​စေ​သော။- အ​သက်​မွေး​လောက်​သော​အ​စာ​ကို အ​ကျွန်ုပ်​တို့​အား ယ​နေ့ ပေး​သ​နား​တော်​မူ​ပါ။- သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။- အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။- သင်​တို့​သည် သူ​တစ်​ပါး​တို့၏ အ​ပြစ်​ကို​လွှတ်​လျှင်၊ ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။- သင်​တို့​သည် သူ​တစ်​ပါး​တို့၏​အ​ပြစ်​ကို မ​လွှတ်​လျှင်၊ သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မ​မူ။- သင်​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မျက်​နှာ​ညှိုး​ငယ်​ခြင်း မ​ရှိ​ကြ​နှင့်။ ထို​သူ​တို့​သည် မိ​မိ​တို့​အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ မိ​မိ​တို့​မျက်​နှာ​ကို ဖျက်​တတ်​ကြ၏။- ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို ခံ​ရ​ကြ၏။- သင်​သည်​အ​စာ​ရှောင်​သော​အ​ခါ အ​စာ​ရှောင်​သည်​ကို လူ​များ​တို့​ရှေ့​မှာ မ​ထင်​ရှား​စေ​ဘဲ၊ မ​ထင်​ရှား​သော အ​ရပ်၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​ရှေ့​တော်၌​သာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ခေါင်း​ကို​လိမ်း​ကျံ​လော့။ မျက်​နှာ​ကို​လည်း သစ်​လော့။ မ​ထင်​ရှား​သော​အ​ရာ​ကို မြင်​တော်​မူ​သော သင်​တို့​အ​ဘ​သည် အ​ကျိုး​ကို ထင်​ရှား​စွာ​ပေး​တော်​မူ​လ​တ္တံ့။- သံ​ချေး၊ ပိုး​ရွ​ဖျက်​ဆီး၍ သူ​ခိုး​ထွင်း​ဖောက်​ခိုး​ယူ​ရာ မြေ​ကြီး​ပေါ်​မှာ ဘ​ဏ္ဍာ​ကို မ​ဆည်း​ပူး​ကြ​နှင့်။- သံ​ချေး၊ ပိုး​ရွ မ​ဖျက်​ဆီး၍ သူ​ခိုး​မ​ထွင်း​မ​ဖောက်၊ မ​ခိုး​မ​ယူ​ရာ ကောင်း​ကင်​ဘုံ၌ ဘ​ဏ္ဍာ​ကို ဆည်း​ပူး​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​ကြင်​အ​ရပ်၌ သင်​တို့၏​ဘ​ဏ္ဍာ​ရှိ၏။ ထို​အ​ရပ်​သို့ သင်​တို့၏ စိတ်​နှ​လုံး​ရောက်​တတ်၏။- မျက်​စိ​ကား ကိုယ်၏ ဆီ​မီး​ဖြစ်၏။ ထို​ကြောင့် မျက်​စိ​ကြည်​လင်​လျှင် တစ်​ကိုယ်​လုံး​လင်း​လိမ့်​မည်။- မျက်​စိ​မြှေး​ယှက်​လျှင် တစ်​ကိုယ်​လုံး​မိုက်​လိမ့်​မည်။ သင်၏ အ​လင်း​သော်​ကား၊ မှောင်​မိုက်​ဖြစ်​လျှင် ထို​အ​မိုက်​သည် အ​လွန်​မိုက်​စွ​တ​ကား။- အ​ဘယ်​သူ​မျှ သ​ခင်​နှစ်​ဦး​အ​စေ​ကို မ​ခံ​နိုင်။ သ​ခင်​တစ်​ဦး​ကို​မုန်း၍ တစ်​ဦး​ကို​ချစ်​မည်။ သ​ခင်​တစ်​ဦး​ကို မှီ​ခို၍ တစ်​ဦး​ကို မ​ခန့်​မ​ညား​ပြု​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်၏ အ​စေ​ကို​လည်း​ကောင်း၊ လော​ကီ​စည်း​စိမ်၏ အ​စေ​ကို​လည်း​ကောင်း မ​ခံ​နိုင်​ကြ။- ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။- မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို​ငှက်​တို့​သည် မျိုး​စေ့​ကို မ​စိုက်​မ​ကြဲ၊ စ​ပါး​ကို​မ​ရိတ်၊ ကျီ၌​မ​စု​မ​သွင်း။ သို့​သော်​လည်း ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သူ​တို့​ကို ကျွေး​မွေး​တော်​မူ၏။ ထို​ငှက်​တို့​ထက် သင်​တို့​သည် အ​လွန်​မြတ်​သည် မ​ဟုတ်​လော။- အ​ဘယ်​သူ​သည် စိုး​ရိမ်​ခြင်း​အား​ဖြင့် မိ​မိ​အ​သက်​တာ​ကို တစ်​တောင်​ခန့်​မျှ တိုး​ပွား​စေ​နိုင်​သ​နည်း။- အ​ဝတ်​အ​ဖို့၌ အ​ဘယ်​ကြောင့် စိုး​ရိမ်​ရ​သ​နည်း။ တော​နှင်း​ပင်​တို့​သည် အ​ဘယ်​သို့​သော​အား​ဖြင့် ကြီး​ပွား​သည်​ကို ဆင်​ခြင်​အောက်​မေ့​ကြ​လော့။ ထို​အ​ပင်​တို့​သည် အ​လုပ်​လည်း​မ​လုပ်၊ ချည်​ဖြစ်​စေ​ခြင်း​ငှာ မ​ငင်​မ​ဝင့်။- သို့​သော်​လည်း ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး၏ အ​ဝတ်​သည် ထို​အ​ပင်​တစ်​ပင်​မျှ၏ အ​ဝတ်​ကို​မ​မီ​ဟု ငါ​ဆို၏။ ယုံ​ကြည်​အား​နည်း​သော သူ​တို့၊ ယ​နေ့ အ​သက်​ရှင်​လျက် နက်​ဖြန် မီး​ဖို​ထဲ​သို့​ရောက်​သော တော​မြက်​ပင်​ကို ဘု​ရား​သ​ခင်​သည် ထို​သို့​သော​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​လျှင်၊ ထို​မျှ​မ​က သင်​တို့​ကို​အ​ဝတ်​နှင့် ဖုံး​လွှမ်း​တော်​မူ​မည် မ​ဟုတ်​လော။- ထို​ကြောင့် အ​ဘယ်​သို့ စား​သောက်​ရ​အံ့​နည်း။ အ​ဘယ်​သို့ ဝတ်​ရ​အံ့​နည်း​ဟူ၍ မ​စိုး​ရိမ်​ကြ​နှင့်။ ထို​အ​ရာ​များ​ကို သာ​သ​နာ​ပ​လူ​တို့​သည် ရှာ​ဖွေ​တတ်​ကြ၏။- ထို​အ​ရာ​များ​ကို သင်​တို့​သည် အ​သုံး​လို​ကြောင်း​ကို ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သိ​တော်​မူ၏။- ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။- ထို​ကြောင့် နက်​ဖြန်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန်​နေ့​သည် မိ​မိ​အ​ဖို့ စိုး​ရိမ်​လိမ့်​မည်။ ယ​ခု​နေ့၌​ရှိ​သော မ​ကောင်း​မ​သင့်​သော အ​ရာ​သည် ယ​ခု​နေ့​ဖို့ လောက်​ပေ၏

ရှင်မဿဲ 6:1-34 Common Language Bible (BCL)

``သင်​တို့​သည်​အ​များ​မြင်​သာ​အောင်​လူ​မြင်​ကွင်း တွင် အ​လှူ​ဒါ​န​မ​ပြု​မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ်​ပါ​မူ​ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​မည်​သည့်​ကောင်း ချီး​ကို​မျှ​ပေး​သ​နား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ``ထို​ကြောင့်​သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ တ​ရား​ဇ​ရပ်​များ နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​မိ​မိ​တို့​ကိုယ်​ကို​ထင် ပေါ်​အောင်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​လူ​များ​၏ အ​ချီး​အ​မွမ်း​ကို​ခံ​လို​၍​ဤ​သို့​ပြု​ကြ​ခြင်း ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား​ထို​သူ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​၏။- သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​မ​ထင်​မ​ရှား​ပြု​လော့။- သင်​၏​လက်​ယာ​လက်​ပြု​သော​အ​မှု​ကို​သင်​၏​လက်​ဝဲ လက်​မ​သိ​စေ​နှင့်။ မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို မြင်​တော်​မူ​သော​သင်​၏​အ​ဖ​သည်​သင့်​အား​ကောင်း ချီး​ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ``သင်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သူ​တော် ယောင်​ဆောင်​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည် လူ​များ​မြင်​သာ​အောင်​တ​ရား​ဇ​ရပ်​များ​နှင့်​လမ်း​ဆုံ လမ်း​ခွ​များ​မှာ​ရပ်​လျက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ် ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို​သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​ပြီ။- သို့​ရာ​တွင်​သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ​အိမ်​အ​တွင်း​ခန်း​သို့​ဝင်​၍​တံ​ခါး​ကို​ပိတ်​ပြီး လျှင် မျက်​စိ​နှင့်​မ​တွေ့​မ​မြင်​နိုင်​သော​သင်​တို့​၏​အ​ဖ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။ မ​ထင် မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ​သော​သင်​တို့ ၏​အ​ဖ​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​သ​နား တော်​မူ​လိမ့်​မည်။ ``သင်​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​နည်း​တူ အ​နက်​အ​ဋ္ဌိပ္ပါယ်​မ​ရှိ​သော​စ​ကား​များ​ကို မ​သုံး​ကြ​နှင့်။ ထို​သူ​တို့​သည်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထ​နာ​ပြု​လျှင် တောင်း​သော​ဆု​ရ လိမ့်​မည်​ဟု​ထင်​မှတ်​ကြ​၏။- သင်​တို့​မူ​ကား​ထို​သူ​တို့​ကဲ့​သို့​မ​ပြု​ကြ​နှင့်။ သင်​တို့​၏​အ​ဖ​သည်​သင်​တို့​မ​တောင်း​မ​လျှောက် မီ​က​ပင် သင်​တို့​လို​သော​အ​ရာ​တို့​ကို​သိ​နှင့် ပြီး​ဖြစ်​တော်​မူ​၏။- သို့​ဖြစ်​၍​သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ `ကောင်း​ကင်​ဘုံ​ရှင်၊ အ​ကျွန်ုပ်​တို့​၏​အ​ဖ၊ကိုယ်​တော်​၏ နာ​မ​တော်​အား​ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ နိုင်​ငံ​တော်​တည်​ပါ​စေ​သော။ အ​လို​တော်​သည်​ကောင်း​ကင်​ဘုံ​၌​ပြည့်​စုံ​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​၌​လည်း​ပြည့်​စုံ​ပါ​စေ​သော။ ယ​နေ့​အ​တွက်​လို​အပ်​သော​အ​စား​အ​စာ​ကို၊ အ​ကျွန်ုပ်​တို့​အား​ပေး​သ​နား​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ကို​ပြစ်​မှား​သော​သူ​တို့​၏​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့၊အ​ကျွန်ုပ်​တို့​၏ အ​ပြစ်​များ​ကို​လည်း​ဖြေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​အား​ကြီး​မား​သော​စုံ​စမ်း သွေး​ဆောင်​ခြင်း​ကို​ခံ​စေ​တော်​မ​မူ​ဘဲ၊ စာ​တန်​မာရ်​နတ်​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ​ပါ' ဟူ​၍​ဆု​တောင်း​ကြ​လော့။ ``သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား​သည့်​အ​ပြစ် များ​ကို​ဖြေ​လွှတ်​ပါ​လျှင် ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ ၏​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​သည်​သူ​တစ်​ပါး​တို့​ပြစ်​မှား သည့်​အ​ပြစ်​များ​ကို​မ​ဖြေ​မ​လွှတ်​ကြ​လျှင်​မူ ကား သင်​တို့​အ​ဖ​သည်​လည်း​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ ``သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ ညှိုး​ငယ်​သော​အ​သွင် ကို​မ​ဆောင်​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​အ​စာ ရှောင်​လျက်​နေ​ကြောင်း​ထင်​ပေါ်​စေ​လို​သ​ဖြင့် ဆာ​လောင် မွတ်​သိပ်​သော​အ​မူ​အ​ရာ​ဖြင့်​သွား​လာ​တတ်​ကြ​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ထို သူ​တို့​သည်​မိ​မိ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို အ​ပြည့်​အ​ဝ​ခံ​စား​ရ​ကြ​ပြီ။- သင်​တို့​သည်​အ​စာ​ရှောင်​ကြ​သော​အ​ခါ​မျက်​စိ ဖြင့်​မ​တွေ့​မ​မြင်​နိုင်​သော သင်​တို့​၏​အ​ဖ​မှ​လွဲ​၍ အ​ခြား​မည်​သူ​မျှ​မ​သိ​စေ​ရန် မျက်​နှာ​ကို​သစ် ၍​ဦး​ခေါင်း​ကို​ဖြီး​ကြ​လော့။- သင်​တို့​မ​ထင်​မ​ရှား​ပြု​သော​အ​မှု​ကို​မြင်​တော်​မူ သော​သင်​တို့​၏​အ​ဖ​သည် သင်​တို့​အား​ကောင်း​ချီး ပေး​သ​နား​တော်​မူ​လိမ့်​မည်။ ``သံ​ချေး​ပိုး​ရွ​ဖျက်​ဆီး​တတ်​၍​သူ​ခိုး​ဋ္ဌား​ပြ ထွင်း​ဖောက်​ခိုး​ယူ​နိုင်​သော​လော​က​ဘဏ္ဍာ​ကို မ​စု​ဆောင်း​ကြ​နှင့်။- သံ​ချေး​ပိုး​ရွ​မ​ဖျက်​မ​ဆီး၊ သူ​ခိုး​ဋ္ဌား​ပြ​မ​ထွင်း မ​ဖောက်​မ​ခိုး​မ​ယူ​နိုင်​သော​ဘဏ္ဍာ​ကို​ကောင်း​ကင်​ဘုံ ၌​စု​ဆောင်း​ကြ​လော့။- အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ​သို့ သင်​တို့​၏​စိတ်​ရောက်​တတ်​သော​ကြောင့်​ဖြစ်​၏။ ``မျက်​စိ​သည်​ကိုယ်​ခန္ဓာ​၏​ဆီ​မီး​သ​ဖွယ်​ဖြစ်​၏။ မျက်​စိ​ကြည်​လင်​လျှင်​သင်​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။- သို့​ရာ​တွင်​သင်​တို့​၏​မျက်​စိ​မွဲ​လျှင်​မူ​ကား​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​မှောင်​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​တို့ တွင်​ရှိ​သော​အ​လင်း​သည်​အ​မှောင်​ဖြစ်​လျှင်​ထို အ​မှောင်​သည်​လွန်​စွာ​မှောင်​လိမ့်​မည်။ ``မည်​သူ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ​ကို​မ​ခံ​နိုင်။ သ​ခင် တစ်​ဦး​ကို​မုန်း​၍​တစ်​ဦး​ကို​ချစ်​လိမ့်​မည်။ သ​ခင်​တစ်​ဦး ကို​သစ္စာ​စောင့်​၍​တစ်​ဦး​ကို​မ​လေး​မ​ခန့်​ပြု​လိမ့်​မည်။ သင်​တို့​သည်​တစ်​ချိန်​တည်း​၌​ဘု​ရား​သ​ခင်​၏ အ​စေ​နှင့်​လော​က​စည်း​စိမ်​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ။ ``ထို​ကြောင့်​သင်​တို့​အား​ငါ​ဆို​သည်​ကား​သင်​တို့ သည်​အ​ဘယ်​အ​ရာ​ကို​စား​သောက်​ရ​ပါ​မည်​နည်း ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ် အ​ရာ​ကို​ဝတ်​ရ​ပါ​မည်​နည်း​ဟု​ကိုယ်​ခန္ဓာ​အ​တွက် မ​စိုး​ရိမ်​ကြ​နှင့်။ အ​သက်​သည်​အ​စား​အ​သောက် ထက်​လည်း​ကောင်း၊ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​လည်း ကောင်း​ပို​၍​အ​ရေး​ကြီး​သည်​မ​ဟုတ်​လော။- မိုး​ကောင်း​ကင်​တွင်​ကျင်​လည်​သော​ငှက်​များ​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ ကောက်​နှံ​များ​ကို​မ​ရိတ်​မ​သိမ်း၊ ကျီ​များ​တွင်​လည်း သို​လှောင်​မှု​ကို​မ​ပြု။ သို့​ရာ​တွင်​ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​အ​ဖ​သည်​ထို​ငှက်​တို့​အား​ကျွေး​မွေး​တော် မူ​၏။ သင်​တို့​သည်​ကား​ငှက်​များ​ထက်​များ​စွာ​ပို ၍​မြတ်​သည်​မ​ဟုတ်​လော။- သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ကြောင့်​ကြ​ခြင်း အား​ဖြင့် မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း​ငယ်​မျှ​ပို ၍​ရှည်​စေ​နိုင်​သ​နည်း။ ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​အ​ဝတ်​အ​တွက်​စိုး​ရိမ် ကြောင့်​ကြ​သ​နည်း။ တော​နှင်း​ပန်း​များ​အ​ဘယ်​သို့ ရှင်​သန်​လာ​သည်​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထို ပန်း​ပင်​တို့​သည်​အ​လုပ်​လည်း​မ​လုပ်၊ ဗိုင်း​လည်း​မ​ငင်၊- သို့​ရာ​တွင်​အ​လွန်​ချမ်း​သာ​ကြွယ်​ဝ​သည့်​ရှော​လ​မုန် မင်း​ကြီး​ပင်​လျှင်​ထို​ပန်း​ပင်​တစ်​ပင်​ကဲ့​သို့​လှ​ပ အောင်​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား​ငါ​ဆို​၏။- ဘု​ရား​သ​ခင်​အ​ပေါ်​ယုံ​ကြည်​ကိုး​စား​မှု​နည်း သူ​တို့၊ ယ​နေ့​တော​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ထဲ​သို့ ရောက်​ရ​သော​တော​မြက်​မျိုး​ကို​ဘု​ရား​သ​ခင်​သည် ဤ​သို့​ဆင်​ယင်​ပေး​ပါ​လျှင်​သင်​တို့​အား​ထို​ထက် မ​က​ဆင်​ယင်​ပေး​တော်​မူ​မည်​မ​ဟုတ်​လော။ ``ထို့​ကြောင့်​အ​ဘယ်​သို့​စား​သောက်​ရ​မည်​နည်း၊ အ​ဘယ်​သို့​ဝတ်​ရ​မည်​နည်း​ဟု​မ​စိုး​ရိမ်​ကြ​နှင့်။- (ဘု​ရား​သ​ခင်​ကို​မ​ယုံ​ကြည်​မ​ကိုး​စား​သူ​တို့ သည်​ထို​သို့​စိုး​ရိမ်​တတ်​ကြ​သည်) ကောင်း​ကင်​ဘုံ​ရှင် သင်​တို့​၏​အ​ဖ​သည်​ထို​အ​ရာ​အား​လုံး​ကို​သင် တို့​လို​ကြောင်း​သိ​တော်​မူ​၏။- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​နှင့်​အ​လို​တော်​ကို ပ​ထ​မ​ဦး​စွာ​ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​ခြား​လို​အပ်​သော​အ​ရာ​များ ကို​ပေး​သ​နား​တော်​မူ​လိမ့်​မည်။- ထို့​ကြောင့်​နက်​ဖြန်​နေ့​အ​ဖို့​မ​စိုး​ရိမ်​ကြ​နှင့်။ နက်​ဖြန် နေ့​နှင့်​သက်​ဆိုင်​သည့်​စိုး​ရိမ်​စ​ရာ​များ​ကို​ထို​နေ့​၌ ကြုံ​တွေ့​ဖြေ​ရှင်း​ရ​လိမ့်​မည်။ ယ​နေ့​ကြုံ​တွေ့​ရ​သည့် စိုး​ရိမ်​စ​ရာ​များ​သည်​ယ​နေ့​အ​တွက်​တော်​လောက် ပေ​၏။

ရှင်မဿဲ 6:1-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​တို့​၏​ဖြောင့်မတ်​သော​အမှု​ကို လူ​တို့​မြင်​စေရန် လူ​တို့​ရှေ့၌​မ​ပြု​ကြ​မည့်​အကြောင်း သတိထား​ကြ​လော့။ သို့မဟုတ်​လျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော​သင်​တို့​အဖ​ထံမှ အကျိုးကျေးဇူး​ကို သင်​တို့​ရ​ကြ​လိမ့်မည်​မ​ဟုတ်။ ထို့ကြောင့် သင်​သည် ပေးကမ်း​စွန့်ကြဲ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​သည် လူ​တို့​၏​ချီးမွမ်း​ခြင်း​ကို​ခံရ​ရန်​အတွက် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့် လမ်းကြား​များ​တွင် ပြု​တတ်​ကြ​သကဲ့သို့ မိမိ​၏​ရှေ့၌​တံပိုး​ကို​မ​မှုတ်​စေ​နှင့်။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သင်​မူကား ပေးကမ်း​စွန့်ကြဲ​သောအခါ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​သည် မထင်ရှား​မည့်​အကြောင်း သင်​၏​လက်ယာ​လက်​ပြု​သည့်​အရာ​ကို သင်​၏​လက်ဝဲ​လက်​အား​မ​သိ​စေ​နှင့်။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ သင်​တို့​ဆုတောင်း​သောအခါ​တွင်​လည်း သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် လူ​တို့​မြင်​စေရန် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​နှင့်​လမ်းဆုံလမ်းခွ​များ​တွင် မတ်တတ်ရပ်​လျက် ဆုတောင်း​သည်​ကို နှစ်သက်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သင်​မူကား ဆုတောင်း​သောအခါ သင်​၏​အိမ်​အတွင်း​ခန်း​သို့​ဝင်​၍ တံခါး​ကို​ပိတ်​ပြီးလျှင် မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ထံသို့ ဆုတောင်း​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ ထို့ပြင် သင်​တို့​ဆုတောင်း​သောအခါ သာသနာပ​လူမျိုးခြား​တို့​ကဲ့သို့ တတွတ်တွတ် အချည်းနှီး​မ​ရွတ်ဆို​ကြ​နှင့်။ သူ​တို့​သည် များစွာ​သော​စကား​တို့​ကို​ရွတ်ဆို​လျှင် သူ​တို့​ကို နားထောင်​ပေး​လိမ့်မည်​ဟု ထင်မှတ်​ကြ​၏။ သို့ဖြစ်၍ သူ​တို့​ကဲ့သို့ မ​ပြု​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​မ​တောင်း​မီ​က​ပင် သင်​တို့​လိုအပ်​သော​အရာ​များ​ကို သိ​နှင့်​တော်မူ​၏။ ထို့ကြောင့် ဤသို့​ဆုတောင်း​ကြ​လော့။ ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော အကျွန်ုပ်​တို့​အဖ၊ ကိုယ်တော်​၏​နာမ​တော်​သည် ရိုသေလေးမြတ်​ခြင်း​ခံရ​ပါစေသော။ နိုင်ငံ​တော်​ပေါ်ထွန်း​ပါစေသော။ အလို​တော်​သည် ကောင်းကင်​ဘုံ​၌ ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်၌​လည်း ပြည့်စုံ​ပါစေသော။ အကျွန်ုပ်​တို့​အတွက် တစ်နေ့တာ​လိုအပ်​သော​အစာ​ကို ယနေ့​ပေး​သနား​တော်မူ​ပါ။ အကျွန်ုပ်​တို့​အပေါ် အပြစ်​ကြွေး​ရှိ​သူ​များ​ကို အကျွန်ုပ်​တို့​ခွင့်လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အပြစ်​ကြွေး​များ​ကို​လည်း ခွင့်လွှတ်​တော်မူ​ပါ။ ဖြားယောင်း​သွေးဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ မကောင်း​သော​အမှုအရာ​မှ အကျွန်ုပ်​တို့​ကို ကယ်နုတ်​တော်မူ​ပါ။ [အကြောင်းမူကား နိုင်ငံ​တော်၊ တန်ခိုး​တော်​နှင့် ဘုန်း​အသရေ​တော်​သည် ကမ္ဘာ​အဆက်ဆက် ကိုယ်တော်​၌​ရှိ​ပါ​၏။ အာမင်။] သင်​တို့​သည် သူတစ်ပါး​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​လျှင် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည်​လည်း သင်​တို့​ကို ခွင့်လွှတ်​တော်မူ​လိမ့်မည်။ သို့သော် သင်​တို့​သည် သူတစ်ပါး​ကို​ခွင့်​မ​လွှတ်​လျှင် သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်​မ​ဟုတ်။ သင်​တို့​သည် အစာရှောင်​ကြ​သောအခါ သူတော်ကောင်း​ယောင်ဆောင်​သော​သူ​တို့​ကဲ့သို့ မျက်နှာ​ညှိုးငယ်​ခြင်း​မ​ရှိ​စေ​ကြ​နှင့်။ အကြောင်းမူကား သူ​တို့​သည် မိမိ​တို့​အစာရှောင်​နေ​ကြောင်း လူ​တို့​ရှေ့၌​ထင်ရှား​စေရန် မျက်နှာ​ရှုံ့မဲ့​ထား​တတ်​ကြ​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ သူ​တို့​သည် မိမိ​တို့​၏​အကျိုးကျေးဇူး​ကို​ရ​ကြ​လေ​ပြီ။ သို့သော် သင်​သည် အစာရှောင်​သောအခါ မိမိ​အစာရှောင်​နေ​ကြောင်း​ကို လူ​တို့​ရှေ့၌​မ​ထင်ရှား​စေ​ဘဲ မထင်ရှား​သော​အရပ်​၌​ရှိ​တော်မူ​သော သင်​၏​အဖ​ရှေ့​တော်​၌​သာ ထင်ရှား​စေရန် သင်​၏​ခေါင်း​ကို​ဆီ​လိမ်း​၍ သင်​၏​မျက်နှာ​ကို​သစ်​လော့။ ထိုအခါ မထင်ရှား​သော​အရာ​ကို​မြင်​တော်မူ​သော သင်​၏​အဖ​သည် သင့်​အား ဆုလာဘ်​ကို​ပေး​တော်မူ​လိမ့်မည်။ ပိုးမွှား​နှင့်​သံချေး​ဖျက်ဆီး​တတ်​၍ သူခိုး​များ​ဖောက်ထွင်း​ခိုးယူ​နိုင်​ရာ မြေကြီး​ပေါ်၌ ဥစ္စာ​ဘဏ္ဍာ​များ​ကို သင်​တို့​အတွက် သိုမှီး​မ​ထား​ကြ​နှင့်။ ပိုးမွှား​နှင့်​သံချေး​မ​ဖျက်ဆီး​တတ်၊ သူခိုး​များ​လည်း မ​ဖောက်ထွင်း​မ​ခိုးယူ​နိုင်​ရာ​ကောင်းကင်​ဘုံ​၌ သင်​တို့​အတွက်​ဥစ္စာ​ဘဏ္ဍာ​များ​ကို သိုမှီး​ထား​ကြ​လော့။ အကြောင်းမူကား သင်​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သော​နေရာ​၌ သင်​၏​စိတ်နှလုံး​လည်း ရောက်​တတ်​၏။ မျက်စိ​သည် ကိုယ်ခန္ဓာ​၏​ဆီမီး​ဖြစ်​၏။ ထို့ကြောင့် သင်​၏​မျက်စိ​ကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​တောက်ပ​နေ​လိမ့်မည်။ သို့သော် သင်​၏​မျက်စိ​မကောင်း​လျှင် သင်​၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​မှောင်မိုက်​နေ​လိမ့်မည်။ သို့ဖြစ်၍ သင်​၌​ရှိ​သော​အလင်း​သည် အမှောင်​ဖြစ်​လျှင် ထို​အမှောင်​သည် မည်မျှလောက် မှောင်​လိမ့်မည်​နည်း။ မည်သူမျှ သခင်​နှစ်​ဦး​ကို အစေခံ​၍​မ​ရ​နိုင်။ အကြောင်းမူကား သူ​သည် တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​လိမ့်မည်။ သို့မဟုတ် တစ်​ဦး​ကို​သစ္စာစောင့်​၍ တစ်​ဦး​ကို​မထီမဲ့မြင်​ပြု​လိမ့်မည်။ သင်​တို့​သည် ဘုရားသခင်​နှင့်​လောကီ​စည်းစိမ်​တို့​ကို တစ်ပြိုင်တည်း​အစေခံ​၍​မ​ရ​နိုင်​ကြ။ သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ မိုး​ကောင်းကင်​ငှက်​တို့​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် မျိုးကြဲ​ခြင်း​မ​ရှိ၊ ရိတ်သိမ်း​ခြင်း​နှင့် ကျီ​၌​စုသိမ်း​ခြင်း​တို့​ကို​လည်း မ​ပြု​ကြ။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ၎င်း​တို့​ကို​ကျွေးမွေး​တော်မူ​၏။ သင်​တို့​သည် ထို​ငှက်​တို့​ထက် အဖိုးထိုက်​ကြ​သည်​မ​ဟုတ်​လော။ သင်​တို့​တွင် မည်သူ​သည် စိုးရိမ်​သော​အားဖြင့် မိမိ​၏​အသက်​ကို တစ်​တောင်​ခန့်မျှ ပို၍​ရှည်​စေ​နိုင်​သနည်း။ အဝတ်​အတွက်​လည်း အဘယ်ကြောင့်​စိုးရိမ်​ကြ​သနည်း။ တော​၌​ရှိ​သော​နှင်းပန်း​များ မည်ကဲ့သို့​ကြီးထွား​ကြ​သည်​ကို ကြည့်ရှု​ဆင်ခြင်​ကြ​လော့။ ၎င်း​တို့​သည် အလုပ်​လည်း​မ​လုပ်။ ဗိုင်း​လည်း​မ​ငင်​ကြ​ချေ။ သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား မိမိ​၏​ဘုန်း​အသရေ​ဖြင့်​ပြည့်ဝ​လျက်​ရှိ​သော ရှောလမုန်​ပင်လျှင် ဤ​နှင်းပန်း​တစ်​ပွင့်​ကဲ့သို့ မ​ဆင်မြန်း​ခဲ့​ရ​ပေ။ ယုံကြည်​ခြင်း​အားနည်း​သော​သူ​တို့၊ ယနေ့​ရှင်သန်​လျက်​ရှိ​သော်လည်း မနက်ဖြန်​မီးဖို​ထဲသို့​ပစ်ချ​ခံရ​မည့် တော​မြက်​ပင်​ကို​ပင် ဘုရားသခင်​သည် ဤမျှလောက်​ဆင်ယင်​ပေး​တော်မူ​လျှင် သင်​တို့​ကို ပို၍​ကောင်းစွာ​ဆင်ယင်​ပေး​တော်မူ​လိမ့်မည်​မ​ဟုတ်​လော။ ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ဤ​အရာ​အားလုံး​တို့​ကို ကြိုးစား​ရှာဖွေ​တတ်​ကြ​၏။ သို့သော် ကောင်းကင်ဘုံ​ရှင် သင်​တို့​အဖ​သည် ဤ​အရာ​အားလုံး​ကို သင်​တို့​လိုအပ်​ကြောင်း သိ​တော်မူ​၏။ ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ဦးစွာ​ရှာ​ကြ​လော့။ ထိုအခါ ဤ​အရာ​အားလုံး​တို့​ကို သင်​တို့​အား ထပ်လောင်း​၍​ပေး​တော်မူ​လိမ့်မည်။ ထို့ကြောင့် မနက်ဖြန်​အတွက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား မနက်ဖြန်​သည် မိမိ​အတွက်​စိုးရိမ်​လိမ့်မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့ရ​သည့် မကောင်း​မသင့်​သော​အရာ​သည် ထို​နေ့​အတွက် လုံလောက်​ပေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။