ရှင်မဿဲ 5:38-47
ရှင်မဿဲ 5:38-47 Judson Bible (JBMLE)
သူ့မျက်စိကို ဖျက်လျှင် ကိုယ်မျက်စိဖျက်ခြင်းကို ခံစေ။ သူ့သွားကိုချိုးလျှင် ကိုယ်သွားချိုးခြင်းကို ခံစေဟူသော ပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။- သင့်အင်္ကျီကို ယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။- အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။- တောင်းသောသူအား ပေးလော့။ ချေးငှားလိုသောသူကိုလည်း မငြင်းမပယ်နှင့်။- ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့။ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။- ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ သားဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။- အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်းသောသူ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ မဖြောင့်မတ်သောသူတို့ အပေါ်၌ မိုးကို ရွာစေတော်မူ၏။- သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက် ပြုကြသည်မဟုတ်လော။- အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ ထူးမြတ်သနည်း။ သာသနာပလူ တို့ပင် ထိုအတူ ပြုကြသည်မဟုတ်လော။
ရှင်မဿဲ 5:38-47 Common Language Bible (BCL)
``မျက်စိအစားမျက်စိ၊ သွားအစားသွားဟူ သောပညတ်ကိုသင်တို့ကြားသိရလေပြီ။- သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။- သင်၏အတွင်းအင်္ကျီကိုယူလို၍တရားတွေ့သော သူအားသင်၏ဝတ်လုံကိုလည်းယူခွင့်ပြုလော့။- သင့်အားအနိုင်အထက်ပြု၍ခရီးတစ်မိုင်သွား စေသူနှင့်ခရီးနှစ်မိုင်သွားလော့။- တောင်းခံသူအားပေးကမ်းလော့။ ချေးငှားလိုသူ အားလည်းချေးငှားလော့။ ``မိတ်ဆွေကိုချစ်လော့။ ရန်သူကိုမုန်းလော့ဟူ သောပညတ်ကိုသင်တို့ ကြားသိရလေပြီ။- သို့ရာတွင်ရန်သူကိုချစ်ကြလော့ဟုသင်တို့ အားငါဆို၏။ သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူ တို့အတွက်မေတ္တာပို့ကြလော့။- သို့မှသာသင်တို့သည်ကောင်းကင်ဘုံရှင်သင်တို့ အဖ၏သားများဖြစ်ကြလိမ့်မည်။ ကိုယ်တော်သည် လူဆိုးလူကောင်းများအပေါ်၌နေရောင်ခြည် ကိုသက်ရောက်စေတော်မူ၏။ သူတော်ကောင်း၊ သူ ယုတ်မာများအပေါ်၌မိုးကိုရွာစေတော်မူ၏။- သင်တို့သည်မိမိတို့အားချစ်သောသူများကိုသာ ချစ်တုံ့ပြန်ပါမူ အဘယ်သို့လျှင်ဘုရားသခင်ထံ တော်မှကောင်းချီးကိုခံစားထိုက်ပါမည်နည်း။ အခွန် ခံသူများပင်လျှင်ဤသို့ပြုကြသည်မဟုတ်လော။- ထိုမှတစ်ပါးလည်းသင်တို့သည်ညီအစ်ကိုအချင်း ချင်းနှင့်သာလျှင်နှုတ်ဆက်ကြမည်ဆိုပါက သင်တို့ ၏အပြုအမူသည်အဘယ်သို့ထူးခြားမှုရှိနိုင် ပါမည်နည်း။ ဘုရားသခင်ကိုမသိသောသူများ ပင်လျှင်ဤသို့ပြုကြသည်။
ရှင်မဿဲ 5:38-47 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
‘မျက်စိအစား မျက်စိ၊ သွားအစား သွား’ ဟု ပြောထားသည်ကို သင်တို့ကြားရ၏။ သို့သော် သင်တို့အား ငါဆိုမည်။ မကောင်းသောသူကို အတိုက်အခံမပြုကြနှင့်။ သင်၏ယာဘက်ပါးကိုရိုက်သောသူအား နောက်တစ်ဖက်ကိုလည်း လှည့်ပေးဦးလော့။ သင့်ကိုတရားစွဲ၍ သင်၏အင်္ကျီကို ယူလိုသောသူအား ဝတ်ရုံကိုလည်း ယူခွင့်ပေးလော့။ သင့်ကို ခရီးတစ်မိုင်အတင်းအကျပ်သွားစေသောသူရှိလျှင် ထိုသူနှင့်အတူ နှစ်မိုင်သွားလော့။ သင့်ထံတောင်းသောသူအား ပေးကမ်းလော့။ သင့်ထံမှ ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်။ ‘သင့်ဝန်းကျင်၌ရှိသောသူကိုချစ်၍ သင်၏ရန်သူကို မုန်းရမည်’ ဟု ဆိုထားသည်ကို သင်တို့ကြားရ၏။ သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။ သို့မှသာ သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏သားများဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် မကောင်းသောသူများနှင့်ကောင်းသောသူများအပေါ် မိမိ၏နေကိုထွက်စေတော်မူ၍ ဖြောင့်မတ်သောသူများနှင့်မဖြောင့်မတ်သောသူများအပေါ် မိုးရွာစေတော်မူ၏။ သင်တို့သည် သင်တို့ကိုချစ်သောသူတို့အားချစ်လျှင် သင်တို့၌ မည်သည့်အကျိုးကျေးဇူးရှိသနည်း။ အခွန်ကောက်ခံသူတို့ပင်လျှင် ထိုနည်းတူပြုကြသည်မဟုတ်လော။ ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။