ရှင်မဿဲ 5:1-26
ရှင်မဿဲ 5:1-26 Judson Bible (JBMLE)
ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။- ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသည်မှာ၊- စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။- စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတ္တံ့။- စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတ္တံ့။- ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။- သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့။- စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့။- သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတ္တံ့။- ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။- ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။- ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။- သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်းပျောက်လျှင် ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။- သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။- ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။- ထိုနည်းတူ၊ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။- ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။- ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မီ မပျက်စီးရ။- ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးတို့အားလည်း ထိုအတူသွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူ ဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတစ်ပါးတို့အားလည်း သွန်သင်၏။- ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူ ဖြစ်လိမ့်မည်။ သင်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။- လူအသက်ကို မသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန် အမျက်ထွက်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကို ခံထိုက်ပေ၏။ ညီအစ်ကိုကို ကျိန်ဆဲသောသူသည် ဂေဟင်္နာအရပ် ၌ မီးရှို့ ခြင်းကို ခံထိုက်ပေ၏။- ထိုကြောင့် သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သကာကိုထား၍ သွားလော့။- ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ ပူဇော်သကာကို တင်လော့။- တရားတွေ့ဖက်နှင့်အတူ လမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကို ပြေစေခြင်းငှာ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဖက်သည် တရားသူကြီး၌ အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။- လျော်ပြစ်ငွေရှိသမျှကို မလျော်မီတိုင်အောင် ထောင်ထဲကမထွက်ရဟု ငါအမှန်ဆို၏။
ရှင်မဿဲ 5:1-26 Common Language Bible (BCL)
ကိုယ်တော်သည်လူပရိသတ်တို့ကိုမြင်တော် မူသဖြင့်တောင်ပေါ်သို့တက်တော်မူ၏။ ကိုယ်တော် ထိုင်တော်မူသောအခါတပည့်တော်တို့သည် အထံတော်သို့လာကြ၏။- ထိုအခါကိုယ်တော်သည်သူတို့အားအောက် ပါအတိုင်းဟောပြောသွန်သင်တော်မူ၏။ ``စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာ ရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။ ``ဝမ်းနည်းပူဆွေးသောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အားစိတ်သက်သာ မှုကို ပေးတော်မူလတ္တံ့။ ``စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကတိထားတော် မူသောကောင်းချီးကိုခံစားရကြလတ္တံ့။ ``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။ ``သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ ဘုရားသခင်သည်ထိုသူတို့အား သနားကြင်နာတော်မူလတ္တံ့။ ``စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာ ရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်ကိုဖူးမြင်ရကြလတ္တံ့။ ``ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဘုရားသခင်၏သားများဟု အခေါ်ခံရကြလတ္တံ့။ ``ဘုရားသခင်၏အလိုတော်အတိုင်း ဆောင်ရွက်သဖြင့် နှိပ်စက်ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံ ဖြစ်၏။ ``လူတို့သည်ငါ့ကြောင့်သင်တို့ကိုကဲ့ရဲ့ညှဉ်းဆဲ လျက် မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်စွပ်စွဲကြသော အခါ၊ သင်တို့သည်မင်္ဂလာရှိကြ၏။ ``ဝမ်းမြောက်ရွှင်မြူးကြလော့။ ကောင်းကင်ဘုံတွင် သင်တို့ခံစားရမည့်အကျိုးသည်ကြီးလှပေ၏။ ရှေးပရောဖက်တို့ကိုထိုနည်းတူညှဉ်းဆဲကြပြီ။ ``သင်တို့သည်လောက၏ဆားသဖွယ်ဖြစ်ကြ၏။ ဆားသည်အငန်ကင်းပျောက်သွားလျှင် အဘယ် သို့ပြန်၍ငန်အောင်ပြုလုပ်နိုင်ပါမည်နည်း။ မည် သို့မျှအသုံးမဝင်တော့ဘဲအပြင်သို့ပစ်လိုက် သဖြင့်လူတို့ကျော်နင်းသွားကြ၏။ ``သင်တို့သည်လောက၏အလင်းသဖွယ်ဖြစ် ကြ၏။ တောင်ပေါ်မှာတည်ထားသောမြို့ကိုဖုံး ကွယ်၍မထားနိုင်။- ဆီမီးကိုထွန်းညှိ၍တင်းတောင်းဖြင့်အုပ်၍မ ထားတတ်ကြ။ အိမ်သူအိမ်သားအပေါင်းတို့ အလင်းရောင်ရစေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။- ထိုနည်းတူစွာလူတို့သည်သင်တို့၏ကောင်းသော အကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖ၏ဂုဏ်တော်ကိုချီးကူးစေရန် သင် တို့၏အလင်းကိုလူတို့ရှေ့၌ထွန်းလင်းစေကြ လော့။ ``ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းတို့ကိုဖျက် သိမ်းရန်ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်သိမ်း ရန်လာသည်မဟုတ်။ ထိုကျမ်းများတွင်ဖော်ပြ ပါရှိသည့်အတိုင်းဖြစ်ပျက်စေရန်သာငါလာ သတည်း။- သင်တို့အားအမှန်အကန်ငါဆိုသည်ကားကောင်း ကင်နှင့်မြေကြီးတည်ရှိသမျှကာလပတ်လုံး ပညတ်ကျမ်းမှအက္ခရာတစ်လုံး၊ ဝစ္စတစ်လုံးမျှ ပင်မပျောက်ပျက်ရ။ ထိုကျမ်းတွင်ဖော်ပြသော အမှုအရာအလုံးစုံတို့သည်ဖြစ်ပျက်ရမည်။- အသေးငယ်ဆုံးသောပညတ်ကိုကူးလွန်၍ သူတစ်ပါးတို့ကူးလွန်ရန်ကိုလည်းဟောပြော သွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်အသိမ် ငယ်ဆုံးသောသူဖြစ်လိမ့်မည်။ သို့ရာတွင်ပညတ်တော် များကိုလိုက်နာကျင့်သုံး၍ သူတစ်ပါးတို့လိုက်နာ ကျင့်သုံးရန်ကိုလည်းဟောပြောသွန်သင်သူသည် ကောင်းကင်နိုင်ငံတော်တွင်ကြီးမြတ်သူဖြစ်လိမ့် မည်။- ဘုရားသခင်၏အလိုတော်ကိုလိုက်လျှောက်ကျင့် သုံးရာတွင် သင်တို့သည်ဖာရိရှဲနှင့်ကျမ်းတတ် ဆရာတို့ထက်မသာလျှင် ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်ဟုငါဆို၏။ ``လူ့အသက်ကိုမသတ်ရ။ သတ်သောသူသည် တရားသူကြီး၏ရှေ့မှောက်သို့ရောက်ရမည် ဟူသောပညတ်ကိုသင်တို့ကြားရလေပြီ။- သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။- သို့ဖြစ်၍သင်သည်ယဇ်ပလ္လင်တော်တွင်ပူဇော် သကာဆက်သမည်ပြုစဉ် မိမိအပေါ်၌ညီအစ်ကို တစ်ဦးတစ်ယောက်၏မကျေနပ်မှုကိုသတိရ ခဲ့သော်၊- ပူဇော်သကာကိုထားခဲ့ပြီးလျှင်ထိုသူ၏ကျေ နပ်မှုကိုရယူလော့။ ထိုနောက်ပြန်၍သင်၏ပူဇော် သကာကိုဆက်သလော့။ ``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။- ပေးဆပ်ရန်ရှိသောငွေအကုန်အစင်မပေးမ ဆပ်မချင်းသင်သည်ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟုငါဆို၏။
ရှင်မဿဲ 5:1-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် လူထုပရိသတ်များကိုမြင်သောအခါ တောင်ပေါ်သို့တက်၍ ထိုင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာကြ၏။ ထိုအခါ နှုတ်တော်ကိုဖွင့်၍ သူတို့အား သွန်သင်တော်မူသည်မှာ “စိတ်ဝိညာဉ်ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။ ဝမ်းနည်းကြေကွဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် နှစ်သိမ့်ခြင်းကိုခံစားရကြလိမ့်မည်။ နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။ ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်။ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုမြင်ရကြလိမ့်မည်။ ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။ ဖြောင့်မတ်ခြင်းကြောင့် ညှဉ်းဆဲခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် သူတို့၏နိုင်ငံဖြစ်၏။ ငါ့ကြောင့် လူတို့သည် သင်တို့ကို ကဲ့ရဲ့ပြစ်တင်လျက် ညှဉ်းဆဲကာ မကောင်းသောအရာအမျိုးမျိုးတို့ဖြင့် သင်တို့ကို မဟုတ်မမှန်ဆန့်ကျင်ပြောဆိုကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ဆုလာဘ်သည် ကြီးမားလှပေ၏။ သူတို့သည် သင်တို့ရှေ့က ပရောဖက်များကိုလည်း ထိုနည်းတူညှဉ်းဆဲခဲ့ကြ၏။ သင်တို့သည် ကမ္ဘာမြေ၏ဆားဖြစ်ကြ၏။ သို့သော် ဆားသည် အငန်ဓာတ်ကင်းမဲ့သွားလျှင် ၎င်းကို မည်ကဲ့သို့ပြန်၍ငန်စေမည်နည်း။ မည်သည့်အရာအတွက်မျှ အသုံးမဝင်တော့သဖြင့် အပြင်သို့ပစ်လိုက်၍ လူတို့၏နင်းချေခြင်းခံရရုံသာရှိပေတော့မည်။ သင်တို့သည် လောက၏အလင်းဖြစ်ကြ၏။ တောင်ပေါ်၌တည်ရှိသောမြို့ကို ကွယ်ဝှက်၍မရနိုင်။ ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။ ထိုနည်းတူ လူတို့သည် သင်တို့၏ကောင်းသောအကျင့်များကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဖ၏ဘုန်းတော်ကိုချီးမွမ်းကြမည့်အကြောင်း သင်တို့၏အလင်းကို သူတို့ရှေ့၌ထွန်းလင်းစေကြလော့။ ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကို ပယ်ဖျက်ရန် ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ရန်မဟုတ်ဘဲ ပြည့်စုံစေရန်သာ ငါလာ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီးမကွယ်ပျောက်မီတိုင်အောင်၊ အရာအားလုံးမပြည့်စုံမချင်း ပညတ်တရားကျမ်းထဲမှ အသေးဆုံးအက္ခရာ၊ သို့မဟုတ် ဗိန္ဒုတစ်လုံးမျှကွယ်ပျောက်လိမ့်မည်မဟုတ်။ ထို့ကြောင့် ဤပညတ်ချက်များထဲမှ အသေးငယ်ဆုံးတစ်ခုကိုဖောက်ဖျက်၍ သူတစ်ပါးကိုလည်း ထိုနည်းတူသွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူဟု အခေါ်ခံရလိမ့်မည်။ သို့သော် ၎င်းကိုကျင့်သုံး၍ သွန်သင်သောသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးမြတ်သောသူဟု အခေါ်ခံရလိမ့်မည်။ အမှန်စင်စစ် သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်ဟု သင်တို့အား ငါဆို၏။ ‘လူမသတ်ရ။ မည်သူမဆို လူသတ်လျှင် အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားခဲ့ရ၏။ သို့သော် သင်တို့အား ငါဆိုသည်ကား မိမိညီအစ်ကိုအပေါ် အမျက်ထွက်သောသူတိုင်းသည် အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိညီအစ်ကိုအား ‘အလကားလူ’ဟု ပြောသောသူသည် တရားလွှတ်တော်လက်သို့ အပ်နှံခြင်းခံထိုက်၍ ‘လူမိုက်’ဟု ပြောသောသူသည် ငရဲမီးဒဏ်ကိုခံထိုက်၏။ ထို့ကြောင့် ယဇ်ပလ္လင်၌ သင်၏ပူဇော်သက္ကာကိုဆက်သမည်ပြုစဉ် သင်၏ညီအစ်ကိုသည် သင့်အား အပြစ်တင်စရာတစ်စုံတစ်ခုရှိကြောင်း သင်သတိရလျှင် သင်၏ပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့တွင်ထားခဲ့ပြီး သင်၏ညီအစ်ကိုထံသို့ ဦးစွာသွား၍ သူနှင့်ပြန်လည်သင့်မြတ်အောင်ပြုလော့။ ထို့နောက်မှ ပြန်လာ၍ သင်၏ပူဇော်သက္ကာကို ဆက်သလော့။ သင်သည် သင့်ကိုတရားစွဲဆိုသူနှင့်အတူလမ်း၌ရှိစဉ် သူနှင့်သင့်မြတ်အောင် အလျင်အမြန်ပြုလော့။ သို့မဟုတ်ပါက ထိုတရားစွဲဆိုသူသည် သင့်ကို တရားသူကြီးထံအပ်၍ တရားသူကြီးသည် အစောင့်တပ်သားထံအပ်သဖြင့် သင်သည် ထောင်ထဲ၌ ထည့်ထားခြင်းခံရလိမ့်မည်။ သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေးတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။