YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 3:1-17

ရှင်မဿဲ 3:1-17 Judson Bible (JBMLE)

ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။- ထို​ကြောင့် နောင်​တ​ရ​ကြ​လော့​ဟု ယု​ဒ​တော၌ ဟော​လေ၏။ ပ​ရော​ဖက်​ဟေ​ရှာ​ယ ဟော​ဖူး​သည်​ကား၊ တော၌​ဟစ်​ကျော်​သော​သူ၏ အ​သံ​မှာ၊ ထာ​ဝ​ရ​ဘု​ရား ကြွ​တော်​မူ​ရာ​လမ်း​ကို ပြင်​ကြ​လော့။ လမ်း​ခ​ရီး​တော်​ကို ဖြောင့်​စေ​ကြ​လော့ ဟူ​သော​အ​ချက်၌ ထို​ယော​ဟန်​ကို ဆို​လို​သ​တည်း။ ယော​ဟန်​သည် ကု​လား​အုတ်​အ​မွေး​နှင့်​ရက်​သော အ​ဝတ်​ကို​ဝတ်​လျက်၊ ခါး၌​သား​ရေ​ခါး​ပန်း​ကို စည်း​လျက်၊ ကျိုင်း​ကောင်​နှင့် တော၌​ဖြစ်​သော ပျား​ရည်​ကို စား​လျက်​နေ၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ ယု​ဒ​ပြည်​သူ​ပြည်​သား၊ ယော်​ဒန်​မြစ်​နား​မှာ နေ​သော​သူ​အ​ပေါင်း​တို့​သည် ယော​ဟန်​ထံ​သို့ ထွက်​သွား၍၊ မိ​မိ​တို့​အ​ပြစ်​များ​ကို ဖော်​ပြ​လျက် ယော်​ဒန်​မြစ်၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။ ဖာ​ရိ​ရှဲ​နှင့် ဇ​ဒ္ဒု​ကဲ​အ​များ​တို့​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ လာ​ကြ​သည်​ကို ယော​ဟန်​သည်​မြင်​လျှင်၊ အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ ရောက်​လု​သော​ဘေး​ဒဏ်​မှ ပြေး​သွား​စိမ့်​သော​ငှာ၊ အ​ဘယ်​သူ​သည် သင်​တို့​ကို သ​တိ​ပေး​ဘိ​သ​နည်း။ နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်​သည်​ဟူ၍ စိတ်​ထဲ၌ မ​အောက်​မေ့​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် ဤ​ကျောက်​ခဲ​တို့​မှ အာ​ဗြ​ဟံ​သား​တို့​ကို ထုတ်​ဖော်​ဖန်​ဆင်း​နိုင်​တော်​မူ​သည်​ဟု ငါ​အ​မှန်​ဆို၏။ သစ်​ပင်​အ​မြစ်​နား​မှာ ပု​ဆိန်​ထား​လျက်​ရှိ​သည်​ဖြစ်၍၊ ကောင်း​သော​အ​သီး မ​သီး​သော​အ​ပင် ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​ရ၏။ ငါ​သည် နောင်​တ​အ​ဖို့​အ​လို​ငှာ သင်​တို့​ကို ရေ​နှင့်​ဗ​တ္တိ​ဇံ​ပေး၏။ ငါ့​နောက် ကြွ​လာ​သော​သူ​သည် ငါ့​ထက် တတ်​စွမ်း​နိုင်၏။ ထို​သူ၏​ခြေ​နင်း​တော်​ကို​မျှ ဆောင်​ခြင်း​ငှာ ငါ​မ​ထိုက်။ ထို​သူ​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ မီး​နှင့်​လည်း​ကောင်း၊ သင်​တို့​ကို ဗ​တ္တိ​ဇံ​ပေး​မည်။ လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။ ထို​အ​ခါ ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို ခံ​အံ့​သော​ငှာ ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​နား ယော​ဟန်​ထံ​သို့ ကြွ​တော်​မူ၏။ ယော​ဟန်​က​လည်း၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​မည် အ​ကြောင်း​ရှိ​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထံ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ယေ​ရှု​ကို​ဆီး​တား​လေ၏။ ယေ​ရှု​က​လည်း အ​လုံး​စုံ​သော​တ​ရား​တို့​ကို အ​ကုန်​အ​စင် ကျင့်​သင့်​သည်​ဖြစ်၍ ယ​ခု​အ​ခွင့်​ပေး​ပါ​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ ယော​ဟန်​သည် ဝန်​ခံ​လေ၏။ ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊ ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။

ရှင်မဿဲ 3:1-17 Common Language Bible (BCL)

ထို​အ​ခါ​ကာ​လ​၌​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် သည် ``နောင်​တ​ရ​ကြ​လော့။ ကောင်း​ကင်​နိုင်​ငံ တော်​တည်​လု​နီး​ပြီ'' ဟု​ယု​ဒ​တော​ကန္တာ​ရ​၌ ဟော​ပြော​လျက်​ပေါ်​ထွန်း​လာ​၏။- ပ​ရော​ဖက်​ဟေ​ရှာ​ယ​က၊ `` `ကိုယ်​တော်​ရှင်​ကြွ​တော်​မူ​ရာ​လမ်း​ကို အ​သင့်​ပြင်​ဆင်​ကြ​လော့။ ထို​အ​ရှင်​၏​လမ်း​ကို​ဖြောင့်​တန်း​အောင် ပြု​ကြ​လော့' ဟု တော​ကန္တာ​ရ​၌​လူ​တစ်​ယောက်​ကြွေး​ကြော်​လျက်​နေ​၏'' ဟူ​၍​ဖော်​ပြ​ရာ​၌​ယော​ဟန်​ကို​ပင်​ဆို​လို​သ​တည်း။ ယော​ဟန်​သည်​ကု​လား​အုတ်​မွေး​အ​ဝတ်​ကြမ်း​ကို ဝတ်​၍ သား​ရေ​ခါး​ပန်း​ကြိုး​ကို​စည်း​ထား​၏။ သူ ၏​အ​စား​အ​စာ​မှာ​ကျိုင်း​ကောင်​နှင့်​ပျား​ရည်​ဖြစ်​၏။- ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​လည်း​ကောင်း၊ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​နှင့်​ယော်​ဒန်​မြစ်​ဝှမ်း​ဒေ​သ မှ​လူ​အ​ပေါင်း​တို့​သည်​လည်း​ကောင်း​ယော​ဟန်​ထံ သို့​လာ​ကြ​၏။- သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​ကို​ဖော်​ပြ ဝန်​ခံ​ကြ​သ​ဖြင့် ယော​ဟန်​သည်​ယော်​ဒန်​မြစ် တွင်​သူ​တို့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ​အ​မြောက်​အ​မြား​ပင်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ရန်​လာ​ကြ​သည်​ကို​မြင်​လျှင် ယော​ဟန် က ``အ​ချင်း​မြွေ​ဆိုး​တို့၊ သက်​ရောက်​လတ္တံ့​သော​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​မှ​လွတ်​မြောက်​နိုင်​သည်​ဟု သင်​တို့​အား​အ​ဘယ်​သူ​ပြော​သ​နည်း။- အ​ကယ်​ပင်​နောင်​တ​ရ​ကြောင်း​ကို​သင်​တို့​၏ အ​ကျင့်​အား​ဖြင့်​ပြ​ကြ​လော့။- အာ​ဗြ​ဟံ​သည်​ငါ​တို့​၏​အ​ဖ​ဖြစ်​သည်​ဟူ​၍ ပြော​ဆို​ရုံ​မျှ​ဖြင့် သင်​တို့​သည်​အ​ပြစ်​မှ​လွတ်​ငြိမ်း ခွင့်​ကို​ရ​ရှိ​လိမ့်​မည်​ဟု​မ​ထင်​ကြ​နှင့်။ ဘု​ရား​သ​ခင် သည်​ဤ​ကျောက်​ခဲ​များ​မှ အာ​ဗြ​ဟံ​၏​သား​များ ကို​ဖန်​ဆင်း​တော်​မူ​နိုင်​သည်​ဟု​သင်​တို့​အား ငါ​ဆို​၏။- သစ်​ပင်​များ​အား​အ​မြစ်​ရင်း​မှ​ခုတ်​လှဲ​ပစ်​ရန် ပု​ဆိန်​ကို​အ​သင့်​ထား​ရှိ​ပြီ​ဖြစ်​၍ အ​သီး​ကောင်း ကို​မ​သီး​သည့်​အ​ပင်​ဟူ​သ​မျှ​သည်​ခုတ်​လှဲ​၍ မီး​ထဲ​သို့​ပစ်​ချ​ခြင်း​ခံ​ရ​လိမ့်​မည်။- သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။- လက်​တော်​တွင်​စ​ပါး​လှေ့​ရန်​ဆန်​ကော​ကို​ကိုင်​၍ ထား​တော်​မူ​၏။ မိ​မိ​၏​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​ပြီး​နောက် ဂျုံ​စ​ပါး​ကို​ကျီ​တွင်​စု​သိမ်း ထား​တော်​မူ​လိမ့်​မည်။ အ​ဖျင်း​များ​ကို​မူ​ငြိမ်း သတ်​၍​မ​ရ​နိုင်​သော​မီး​နှင့်​ရှို့​တော်​မူ​လိမ့်​မည်'' ဟု​ဟော​ပြော​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​ယော​ဟန်​ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​ရန်​ဂါ​လိ​လဲ​ပြည်​မှ ယော်​ဒန်​မြစ်​သို့​ကြွ​လာ​တော်​မူ​၏။- သို့​ရာ​တွင်​ယော​ဟန်​က ``အ​ကျွန်ုပ်​သည်​အ​ရှင်​၏ ထံ​တွင် ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ယူ​သင့်​သူ​ဖြစ်​ပါ လျက် အ​ရှင်​သည်​အ​ကျွန်ုပ်​၏​ထံ​သို့​ကြွ​လာ​တော် မူ​ပါ​သ​လော'' ဟု​ဆို​၍​ဆီး​တား​လေ​၏။ သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။ သ​ခင်​ယေ​ရှု​သည်​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ပြီး​လျှင်​ပြီး ချင်း ရေ​မှ​တက်​တော်​မူ​သော​အ​ခါ၊ မိုး​ကောင်း​ကင် သည်​ကိုယ်​တော်​ရှင်​အ​တွက်​ကွဲ​ဟ​လျက် ဘု​ရား သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ချိုး​ငှက်​အ​သွင်​ဖြင့် ကိုယ်​တော်​၏​အ​ပေါ်​မှာ​နား​တော်​မူ​သည်​ကို​မြင် တော်​မူ​၏။- ထို​နောက် ``ဤ​သူ​ကား​ငါ​၏​ချစ်​သား​ဖြစ်​၏။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏'' ဟု​ကောင်း​ကင်​မှ အ​သံ​တော်​ပေါ်​ထွက်​လာ​၏။

ရှင်မဿဲ 3:1-17 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို​နေ့ရက်​ကာလ​၌ ဗတ္တိဇံ​ဆရာ​ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ “ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။ ပရောဖက်​ဟေရှာယ​က “တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့”​ဟု ဆို​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။ ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။ ထိုအခါ ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​တစ်​နယ်​လုံး​နှင့် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​၌​ရှိ​သော​သူ​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။ သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။ သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ‘ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်’​ဟူ၍ သင်​တို့​စိတ်​ထဲ၌​ပြောဆို​ရန်​ပင် မ​စဉ်းစား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက်​သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ ပေါ်ထွန်း​စေ​နိုင်​သည်။ ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို နောင်တ​အတွက် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သို့သော် ငါ့​ထက် ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။ လက်​တော်​၌​လည်း ဆန်ကော​ကို​ကိုင်​ထား​လျက် မိမိ​၏​ကောက်နယ်​တလင်း​ကို အကုန်အစင်​ရှင်းလင်း​ပြီး မိမိ​၏​ဂျုံဆန်​ကို ကျီ​၌​စုသိမ်း​၍ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်မူ​လိမ့်မည်”​ဟု ဆို​လေ​၏။ ထို​ကာလ​တွင် ယေရှု​သည် ယောဟန်​ထံ၌​ဗတ္တိဇံ​ခံ​ရန် ဂါလိလဲ​နယ်​မှ ဂျော်ဒန်​မြစ်​နား​ရှိ ယောဟန်​ထံသို့ ကြွလာ​တော်မူ​၏။ သို့ရာတွင် ယောဟန်​သည် ကိုယ်တော်​ကို​တားဆီး​လျက် “အကျွန်ုပ်​ကသာ​ကိုယ်တော်​ထံ၌ ဗတ္တိဇံ​ခံ​ရ​မည်​ဖြစ်​ပါလျက်နှင့် ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ ကြွလာ​တော်မူ​ပါ​သလော”​ဟု ဆို​၏။ ယေရှု​က​လည်း“ယခု​အခါ​တွင် အခွင့်​ပေး​လော့။ အကြောင်းမူကား ငါ​တို့​သည် ဖြောင့်မတ်​ခြင်း​အလုံးစုံ​ကို ဤသို့​ပြည့်စုံ​စေ​သင့်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​သည် ကိုယ်တော်​ကို​အခွင့်​ပေး​လေ​၏။ ယေရှု​သည် ဗတ္တိဇံ​ခံ​ပြီးနောက် ရေ​ထဲမှ​ထွက်​လာ​သည်နှင့် ကောင်းကင်​သည်​ပွင့်​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​ကာ မိမိ​အပေါ်သို့ ကြွလာ​တော်မူ​သည်​ကို မြင်​တော်မူ​၏။ ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။