YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 3:1-17

ရှင်မဿဲခရစ်ဝင် 3:1-17 MSBU

ထို​နေ့ရက်​ကာလ​၌ ဗတ္တိဇံ​ဆရာ​ယောဟန်​သည်​ပေါ်ထွန်း​လာ​၍ “ကောင်းကင်​နိုင်ငံ​တော်​ပေါ်ထွန်း​လုနီး​ပြီ​ဖြစ်၍ နောင်တရ​ကြ​လော့”​ဟု ယုဒ​နယ်​ရှိ​တော​ကန္တာရ​တွင် ဟောပြော​လေ​၏။ ပရောဖက်​ဟေရှာယ​က “တော​ကန္တာရ​၌ ဟစ်ကြော်​သော​အသံ​မှာ ထာဝရ​ဘုရား​၏​လမ်း​တော်​ကို ပြင်ဆင်​ကြ​လော့။ ကိုယ်တော်​၏​လမ်းကြောင်း​များ​ကို ဖြောင့်တန်း​စေ​ကြ​လော့”​ဟု ဆို​ထား​သည်​မှာ ဤ​သူ​၏​အကြောင်း​ပင်​ဖြစ်​၏။ ယောဟန်​သည် ကုလားအုတ်​အမွေး​ဖြင့်​လုပ်​ထား​သော​အဝတ်​ကို​ဝတ်​၍ ခါး​၌​သားရေ​ခါးပန်း​ကို​စည်း​ထား​၏။ သူ​၏​အစားအစာ​မူကား ကျိုင်းကောင်​နှင့်​တော​ပျားရည်​တို့​ဖြစ်​ကြ​၏။ ထိုအခါ ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​တစ်​နယ်​လုံး​နှင့် ဂျော်ဒန်​မြစ်​ပတ်ဝန်းကျင်​တစ်လျှောက်လုံး​၌​ရှိ​သော​သူ​တို့​သည် ယောဟန်​ထံသို့​သွား​၍ မိမိ​တို့​၏​အပြစ်​များ​ကို​ဖော်ပြ​ဝန်ခံ​လျက် ဂျော်ဒန်​မြစ်​တွင် သူ့​ထံ၌​ဗတ္တိဇံ​ခံ​ကြ​၏။ သို့သော် သူ​၏​ဗတ္တိဇံ​ကို​ခံ​ရန် များစွာ​သော​ဖာရိရှဲ​နှင့်​ဇဒ္ဒုကဲ​တို့​လာ​ကြ​သည်​ကို​မြင်​လျှင် ယောဟန်​က “မြွေဆိုး​အမျိုး​တို့၊ ရောက်လာ​မည့်​အမျက်​တော်​မှ ထွက်ပြေး​ရန် မည်သူ​က သင်​တို့​ကို သတိပေး​ခဲ့​သနည်း။ သို့ဖြစ်၍ နောင်တ​နှင့်​ထိုက်တန်​သော​အသီး​ကို သီး​ကြ​လော့။ ‘ငါ​တို့​တွင် အဖ​အာဗြဟံ​ရှိ​သည်’​ဟူ၍ သင်​တို့​စိတ်​ထဲ၌​ပြောဆို​ရန်​ပင် မ​စဉ်းစား​ကြ​နှင့်။ သင်​တို့​အား ငါ​ဆို​သည်​ကား ဘုရားသခင်​သည် အာဗြဟံ​အတွက်​သားသမီး​များ​ကို ဤ​ကျောက်ခဲ​တို့​ထဲမှ ပေါ်ထွန်း​စေ​နိုင်​သည်။ ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။ ငါ​သည် သင်​တို့​ကို နောင်တ​အတွက် ရေ​၌​ဗတ္တိဇံ​ပေး​၏။ သို့သော် ငါ့​ထက် ကြီးမြတ်​သော​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​မည်။ ထို​အရှင်​၏​ခြေနင်း​တော်​ကို​ချွတ်​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်။ ထို​အရှင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​မီး​၌ သင်​တို့​ကို ဗတ္တိဇံ​ပေး​တော်မူ​လိမ့်မည်။ လက်​တော်​၌​လည်း ဆန်ကော​ကို​ကိုင်​ထား​လျက် မိမိ​၏​ကောက်နယ်​တလင်း​ကို အကုန်အစင်​ရှင်းလင်း​ပြီး မိမိ​၏​ဂျုံဆန်​ကို ကျီ​၌​စုသိမ်း​၍ အဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​ဖြင့်​ရှို့​တော်မူ​လိမ့်မည်”​ဟု ဆို​လေ​၏။ ထို​ကာလ​တွင် ယေရှု​သည် ယောဟန်​ထံ၌​ဗတ္တိဇံ​ခံ​ရန် ဂါလိလဲ​နယ်​မှ ဂျော်ဒန်​မြစ်​နား​ရှိ ယောဟန်​ထံသို့ ကြွလာ​တော်မူ​၏။ သို့ရာတွင် ယောဟန်​သည် ကိုယ်တော်​ကို​တားဆီး​လျက် “အကျွန်ုပ်​ကသာ​ကိုယ်တော်​ထံ၌ ဗတ္တိဇံ​ခံ​ရ​မည်​ဖြစ်​ပါလျက်နှင့် ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ ကြွလာ​တော်မူ​ပါ​သလော”​ဟု ဆို​၏။ ယေရှု​က​လည်း“ယခု​အခါ​တွင် အခွင့်​ပေး​လော့။ အကြောင်းမူကား ငါ​တို့​သည် ဖြောင့်မတ်​ခြင်း​အလုံးစုံ​ကို ဤသို့​ပြည့်စုံ​စေ​သင့်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​သည် ကိုယ်တော်​ကို​အခွင့်​ပေး​လေ​၏။ ယေရှု​သည် ဗတ္တိဇံ​ခံ​ပြီးနောက် ရေ​ထဲမှ​ထွက်​လာ​သည်နှင့် ကောင်းကင်​သည်​ပွင့်​၍ ဘုရားသခင်​၏​ဝိညာဉ်​တော်​သည် ချိုးငှက်​ကဲ့သို့​ဆင်းသက်​ကာ မိမိ​အပေါ်သို့ ကြွလာ​တော်မူ​သည်​ကို မြင်​တော်မူ​၏။ ကောင်းကင်​မှ​လည်း “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​ကို​ငါ​နှစ်သက်​၏”​ဟု အသံ​တော်​ထွက်ပေါ်​လာ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။