YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 27:1-66

ရှင်မဿဲ 27:1-66 Judson Bible (JBMLE)

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊- ကိုယ်​တော်​ကို ချည်​နှောင်​ပြီး​လျှင် မြို့​ဝန်​မင်း ပု​န္တိ​ပိ​လတ်​ထံ​သို့ ဆောင်​သွား၍ အပ်​လိုက်​ကြ၏။- ထို​အ​ခါ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ကိုယ်​တော်၌ သေ​ပြစ်​ကို စီ​ရင်​ကြ​သည်​ကို သိ​မြင်​လျှင်၊ နောင်​တ​ရ၍ ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ လူ​အ​ကြီး​အ​ကဲ​တို့၌ ပြန်​ပေး၍၊- အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊- သူ​သည် ထို​ငွေ​ကို ဗိ​မာန်​တော်၌ ပစ်​ချ​ခဲ့၍ အ​ခြား​သို့​သွား​ပြီး​လျှင် လည်​ကြိုး​တပ်၍ သေ​လေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​သည် ထို​ငွေ​ကို​ယူ၍ အ​သွေး၏​အ​ဖိုး​ဖြစ်၏။ ဘ​ဏ္ဍာ​တော်၌ မ​သွင်း​အပ်​ဟု ပြော​ဆို၊- တိုင်​ပင်​ပြီး​မှ၊ အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို တစ်​ပါး​အ​မျိုး​သား​တို့၏ သင်္ချိုင်း​ဖြစ်​စေ​ဖို့​ရာ ထို​ငွေ​နှင့် ဝယ်​ကြ၏။- ထို​အ​ကြောင်း​ကို အ​စွဲ​ပြု၍ ယ​ခု​တိုင်​အောင် ထို​မြေ​အ​ကွက်​ကို သွေး​မြေ​ဟု ခေါ်​တွင်​ကြ၏။- ပ​ရော​ဖက်​ယေ​ရ​မိ ဟော​သည်​ကား၊ ဣ​သ​ရေ​လ​လူ​တို့​သည် အ​ဖိုး​ဖြတ်​သော​သူ၏ ကိုယ်​ဖိုး​ငွေ​သုံး​ဆယ်​ကို သူ​တို့​သည်​ယူ၍ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊- အိုး​ထိန်း​သ​မား၏ မြေ​အ​ကွက်​ကို ဝယ်​ကြ၏​ဟူ​သော စ​ကား​သည် ထို​အ​ခါ ပြည့်​စုံ​ခြင်း​သို့​ရောက်​လေ၏။ ယေ​ရှု​သည် မြို့​ဝန်​မင်း​ရှေ့​သို့ ရောက်​တော်​မူ​သည်​ရှိ​သော် မြို့​ဝန်​မင်း​က၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု မေး​လျှင်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း မှန်​သည်​ဟု မိန့်​တော်​မူ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် အ​ပြစ်​တင်​ကြ​သော် တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ။- ပိ​လတ်​မင်း​က​လည်း၊ သင့်​တစ်​ဖက်၌ အ​ဘယ်​မျှ​လောက် သက်​သေ​ခံ​ကြ​သည်​ကို သင်​မ​ကြား​သ​လော​ဟု ပြော​ဆို​သော်​လည်း၊- စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ​သည်​ကို မြို့​ဝန်​မင်း​သည် အ​လွန်​အံ့​ဩ​လေ၏။- ထို​ပွဲ၌ မြို့​ဝန်​မင်း​သည် အ​ကျဉ်း​ထား​သော​သူ​တို့​တွင်၊ လူ​များ​တို့ အ​လို​ရှိ​သော​သူ တစ်​ယောက်​ယောက်​ကို လွှတ်​မြဲ​ထုံး​စံ​ရှိ၏။- ထို​အ​ခါ အ​ကျဉ်း​ထား​သော​သူ​တို့​တွင် ဗာ​ရ​ဗ္ဗ​အ​မည်​ရှိ​သော ကျော်​စော​သော​သူ တစ်​ယောက်​ရှိ၏။- လူ​များ​စည်း​ဝေး​ကြ​သည်​ရှိ​သော်၊ ပိ​လတ်​မင်း​က၊ သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း။ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​သ​လော။ ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို လွှတ်​စေ​ချင်​သ​လော​ဟု လူ​များ​တို့​အား မေး​လေ၏။- အ​ဘယ်​ကြောင့် ဤ​သို့ မေး​သ​နည်း​ဟူ​မူ​ကား၊ ထို​သူ​တို့​သည် မ​နာ​လို​သော​စိတ်​နှင့် ယေ​ရှု​ကို​အပ်​နှံ​ကြောင်း​ကို ပိ​လတ်​မင်း​သိ၏။- ထို​မှ​တစ်​ပါး တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​စဉ်​တွင်၊ မိ​မိ​ခင်​ပွန်း​သည် လု​လင်​တစ်​ယောက်​ကို စေ​လွှတ်၍၊ ထို​ဖြောင့်​မတ်​သော​သူ​ကို အ​ဘယ်​သို့​မျှ မ​ပြု​ပါ​နှင့်။ ယ​နေ့​ပင် ကျွန်​မ​သည် ထို​သူ​ကြောင့် အိပ်​မက်၌ ပြင်း​စွာ​ခံ​ရ​ပါ​ပြီ​ဟု မှာ​လိုက်၏။- လူ​အ​စု​အ​ဝေး​တို့​သည် ဗာ​ရ​ဗ္ဗ​ကို​တောင်း၍ ယေ​ရှု​ကို​သတ်​စေ​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့​သည် လူ​များ​ကို တိုက်​တွန်း​သွေး​ဆောင်​ကြ၏။- ထို​ကြောင့် မြို့​ဝန်​မင်း​သည်၊ ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​သည် အ​ဘယ်​သူ​ကို လွှတ်​စေ​ချင်​သ​နည်း​ဟု လူ​များ​ကို တစ်​ဖန် မေး​သော​အ​ခါ၊ ဗာ​ရ​ဗ္ဗ​ကို လွှတ်​စေ​ချင်​ပါ​သည်​ဟု လျှောက်​ကြ၏။- ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် ခ​ရစ်​ဟု​ခေါ်​ဝေါ်​သော ယေ​ရှု​ကို အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟု မေး​ပြန်​သော်၊ ထို​သူ​အ​ပေါင်း​တို့​က၊ သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု ဆို​ကြ၏။- မြို့​ဝန်​မင်း​က​လည်း အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​ပြစ်​ကို ပြု​ဘိ​သ​နည်း​ဟု မေး​လျှင်၊ ထို​သူ​သည် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ခံ​ပါ​လေ​စေ​ဟု လူ​များ​တို့​သည် သာ၍​ဟစ်​ကြ၏။- ပိ​လတ်​မင်း​သည် မိ​မိ​မ​နိုင်၊ လူ​များ​သာ၍ ရုန်း​ရင်း​ခတ်​မျှ ပြု​ကြ​သည်​ကို​မြင်​လျှင်၊ ရေ​ကို​ယူ၍ လူ​များ​ရှေ့​တွင် မိ​မိ​လက်​ကို​ဆေး​လျက်၊ ဤ​ဖြောင့်​မတ်​သော​သူ၏​အ​သွေး​နှင့် ငါ​သည် ကင်း​ရှင်း၏။ ဤ​အ​မှု​ကို သင်​တို့ ကြည့်​ကြ​လော့​ဟု ဆို၏။- ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။- ပိ​လတ်​မင်း​သည်​လည်း ဗာ​ရ​ဗ္ဗ​ကို လူ​များ​တို့​အား လွှတ်​လေ၏။ ယေ​ရှု​ကို​ကား ရိုက်​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ သတ်​စေ​ခြင်း​ငှာ အပ်​လိုက်​လေ၏။ ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊- အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။- ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။- ကိုယ်​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ ကျူ​လုံး​ကို​ယူ၍ ခေါင်း​တော်​ကို ရိုက်​ကြ၏။- ထို​သို့ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​သည်​နောက်၊ မင်း​ဝတ်​လုံ​ကို​ချွတ်၍ အ​ဝတ်​တော်​ကို ဝတ်​ပြန်​စေ​ပြီး​လျှင် လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ငှာ ထုတ်​သွား​ကြ၏။- သွား​ကြ​စဉ်​တွင် ရှိ​မုန်​အ​မည်​ရှိ​သော ကု​ရေ​နေ ပြည်​သား​တစ်​ယောက်​ကို တွေ့​လျှင်၊ အ​နိုင်​ပြု၍ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထမ်း​စေ​ကြ၏။- ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု ဆို​လို​သော ဂေါ​လ​ဂေါ​သ အ​မည်​တွင်​သော​အ​ရပ်​သို့ ရောက်​ကြ​သော်၊- ဆေး​ခါး​နှင့် ရော​သော​ပုံး​ရည်​ကို ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လျှင်၊ မြည်း​စမ်း​တော်​မူ၍ မ​သောက်​ချင်​ဘဲ နေ​လေ၏။- ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပြီး​လျှင် အ​ဝတ်​တော်​တို့​ကို စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။- ထို​အ​ရပ်၌​လည်း ထိုင်​လျက် စောင့်​နေ​ကြ၏။- အ​ပြစ်​ဖော်​ပြ​သော က​မ္ပည်း​လိပ်​စာ​ချက်​ဟူ​မူ​ကား၊ ဤ​သူ​သည် ယု​ဒ​ရှင်​ဘု​ရင် ယေ​ရှု​ပေ​တည်း​ဟု​ရေး၍ ခေါင်း​တော်​ပေါ်​မှာ တပ်​သ​တည်း။- ထို​အ​ခါ ကိုယ်​တော်​နှင့်​တ​ကွ ဓား​ပြ​နှစ်​ယောက်​တို့​ကို လက်​ယာ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝဲ​တော်​ဘက်၌ တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ကြ၏။ လမ်း​မှာ သွား​လာ​သော​သူ​တို့​က​လည်း၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊ ကိုယ်​ကို​ကိုယ်​ကယ်​တင်​လော့။- ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ဆင်း​လော့​ဟု မိ​မိ​တို့​ခေါင်း​ကို​ညိတ်၍ ကဲ့​ရဲ့​သော​စ​ကား​နှင့်​ပြော​ဆို​ကြ၏။- ထို​နည်း​တူ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​တို့​က၊ ဤ​သူ​သည် သူ​တစ်​ပါး​တို့​ကို ကယ်​တင်​တတ်၏။- ကိုယ်​ကို မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​မှန်​လျှင် လက်​ဝါး​ကပ်​တိုင်​မှ ယ​ခု​ဆင်း​ပါ​လေ​စေ။ ဆင်း​လျှင် ငါ​တို့​ယုံ​ကြည်​မည်။- သူ​သည် ဘု​ရား​သ​ခင်​ကို ကိုး​စား​ပြီ။ ငါ​သည် ဘု​ရား​သ​ခင်၏​သား​ဖြစ်၏​ဟု ဆို​ပြီ။ သို့​ဖြစ်၍ ဘု​ရား​သ​ခင်​သည် သူ၌ အ​လို​တော်​ရှိ​လျှင် ယ​ခု​ပင် ကယ်​တင်​တော်​မူ​ပါ​လေ​စေ​ဟု ပြက်​ရယ်​ပြု၍ ပြော​ဆို​ကြ၏။- ထို​နည်း​တူ ကိုယ်​တော်​နှင့်​တ​ကွ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​သော​ဓား​ပြ​တို့​သည်​လည်း ကဲ့​ရဲ့​အ​ပြစ်​တင်​ကြ၏။ မွန်း​တည့်​အ​ချိန်​မှ​စ၍ သုံး​ချက်​တီး​အ​ချိန်​တိုင်​အောင် မြေ​တစ်​ပြင်​လုံး၌ မှောင်​မိုက်​အ​တိ ဖြစ်​လေ၏။- သုံး​ချက်​တီး​အ​ချိန်၌ ယေ​ရှု​က၊ ဧ​လိ၊ ဧ​လိ၊ လာ​မာ​ရှာ​ဗ​ခ​သာ​နိ​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​တော်​မူ၏။ အ​နက်​ကား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့် အ​ကျွန်ုပ်​ကို စွန့်​ပစ်​တော်​မူ​သ​နည်း​ဟု ဆို​လို​သ​တည်း။- ထို​အ​ရပ်၌ ရပ်​နေ​သော​သူ​အ​ချို့​တို့​သည် ကြား​လျှင်၊ သူ​သည် ဧ​လိ​ယ​ကို​ခေါ်​သည်​ဟု ဆို​ကြ၏။- လူ​တစ်​ယောက်​သည် ချက်​ချင်း​ပြေး၍ ရေ​မှို​တစ်​ထွေး​ကို ပုံး​ရည်​နှင့် ပြည့်​စေ​ပြီး​လျှင်၊ ကျူ​လုံး​ဖျား၌​တပ်၍ ကိုယ်​တော်​အား သောက်​စိမ့်​သော​ငှာ ပေး​လေ၏။- ကြွင်း​သော​သူ​တို့​က၊ ရှိ​စေ​တော့။ ဧ​လိ​ယ​သည် သူ့​ကို​ကယ်​တင်​ခြင်း​ငှာ လာ​မည်​မ​လာ​မည်​ကို ကြည့်​ကြ​ကုန်​အံ့​ဟု ဆို​ကြ၏။- ယေ​ရှု​သည် ကြီး​သော​အ​သံ​နှင့် တစ်​ဖန် ကြွေး​ကြော်​ပြီး​လျှင် အ​သက်​တော်​ကို လွှတ်​တော်​မူ၏။- ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။- သင်္ချိုင်း​တွင်း​တို့​သည် ပွင့်​လစ်​သ​ဖြင့် ကျိန်း​စက်​လျက်​ရှိ​သော သန့်​ရှင်း​သူ​တို့၏ အ​လောင်း​များ​စွာ​တို့​သည် ထ​ကြ၍၊- ကိုယ်​တော် ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သူ​တို့​သည် သင်္ချိုင်း​တွင်း​မှ​ထွက်၍ သန့်​ရှင်း​သော​မြို့​ထဲ​သို့ ဝင်​ပြီး​လျှင်၊ လူ​များ​စွာ​တို့​အား ထင်​ရှား​ကြ၏။- ယေ​ရှု​ကို​စောင့်​သော တပ်​မှူး​မှ​စ၍ စစ်​သူ​ရဲ​များ​တို့​သည် မြေ​ကြီး​လှုပ်​ခြင်း​စ​သည်​တို့​ကို မြင်​လျှင် အ​လွန်​ထိတ်​လန့်၍၊ စင်​စစ် ဤ​သူ​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​ပေ၏​ဟု ဆို​ကြ၏။- ဂါ​လိ​လဲ​ပြည်​က ယေ​ရှု​နောက်​တော်၌ အ​လုပ်​အ​ကျွေး လိုက်​လာ​သော မိန်း​မ​အ​များ​တို့​သည်​လည်း ထို​အ​ရပ်၌ အ​ဝေး​က​ကြည့်​ရှု၍ နေ​ကြ၏။- ထို​မိန်း​မ​တို့​တွင် မာ​ဂ​ဒ​လ​မာ​ရိ၊ ယာ​ကုပ်​နှင့် ယော​သေ​တို့၏ အ​မိ​ဖြစ်​သော​မာ​ရိ​နှင့် ဇေ​ဗေ​ဒဲ၏​သား​တို့၏​အ​မိ ပါ​ကြ​သ​တည်း။ ည​အ​ချိန်​ရောက်​မှ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​အ​မည်​ရှိ​သော သူ​ဌေး​သည် ယေ​ရှု၏​တ​ပည့်​တော်​ဖြစ်​သည်​နှင့်၊- ပိ​လတ်​မင်း​ထံ​သို့​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။ ပိ​လတ်​မင်း​သည် အ​လောင်း​တော်​ကို ပေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ​သော်၊- ယော​သပ်​သည် အ​လောင်း​တော်​ကို​ယူ၍ ဖြူ​စင်​သော​ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊- ကျောက်၌ ထွင်း​သော မိ​မိ​သင်္ချိုင်း​တွင်း​သစ်​ထဲ​မှာ ထား​လေ၏။ ကြီး​စွာ​သော ကျောက်​ကို​လည်း တွင်း​ဝ၌ လှိမ့်​ထား​ပြီး​မှ သွား၏။- မာ​ဂ​ဒ​လ​မာ​ရိ​နှင့် အ​ခြား​သော​မာ​ရိ​သည် ထို​အ​ရပ်၌ သင်္ချိုင်း​တော်​ရှေ့​မှာ ထိုင်​လျက်​နေ​ရစ်​ကြ၏။ အ​ဖိတ်​နေ့​လွန်၍ နက်​ဖြန်​နေ့​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​နှင့် ဖာ​ရိ​ရှဲ​တို့​သည် ပိ​လတ်​မင်း​ထံ၌ စု​ဝေး၍၊- ထို​လှည့်​ဖြား​သော​သူ​က၊ ငါ​သည် သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​မည်​ဟု မ​သေ​မီ​ပြော​သည်​ကို အ​ကျွန်ုပ်​တို့ မှတ်​မိ​ပါ​ပြီ။- ထို​ကြောင့် သူ၏​တ​ပည့်​တို့​သည် ည​အ​ခါ​လာ၍ အ​လောင်း​ကို ခိုး​ယူ​ပြီး​လျှင်၊ သူ​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​ပြီ​ဟု လူ​အ​ပေါင်း​တို့​အား ပြော​ဆို​ကြ​သော်၊ ရှေ့​အ​မှား​ထက် နောက်​အ​မှား​သာ၍ ကြီး​မည်​ဟု စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​သည်​ဖြစ်၍၊ သင်္ချိုင်း​တွင်း​ကို သုံး​ရက်​မြောက်​အောင် လုံ​ခြုံ​စွာ​စောင့်​စိမ့်​သော​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​ကြ​လျှင်၊- ပိ​လတ်​မင်း​က၊ သင်​တို့၌ လူ​စောင့်​တစ်​တပ်​ရှိ၏။ သွား​ကြ၊ တတ်​နိုင်​သ​မျှ​အ​တိုင်း လုံ​ခြုံ​စွာ​စောင့်​စေ​ကြ​ဟု ဆို​လေ၏။- ထို​သူ​တို့​သည် သွား၍ ကျောက်​ကို တံ​ဆိပ်​ခတ်​ပြီး​လျှင် အ​စောင့်​ထား​လျက် သင်္ချိုင်း​တွင်း​တော်​ကို လုံ​ခြုံ​စွာ​ပြု​ကြ၏။

ရှင်မဿဲ 27:1-66 Common Language Bible (BCL)

နံ​နက်​စော​စော​၌​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် သ​ခင်​ယေ​ရှု ကို​သတ်​ရန်​တိုင်​ပင်​ကြ​၏။- ထို​နောက်​ကိုယ်​တော်​ကို​ချည်​နှောင်​၍​ရော​မ​ဘု​ရင်​ခံ ပိ​လတ်​မင်း​ထံ​ပို့​ဆောင်​၍​အပ်​လိုက်​ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​ရန်​သူ့​လက်​သို့​အပ်​ခဲ့​သူ ယု​ဒ​သည် ကိုယ်​တော်​သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​ကြောင်း ကို​သိ​မြင်​လျှင် နောင်​တ​ရ​လျက်​ငွေ​သုံး​ဆယ်​ကို ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​ထံ​သို့​ပြန်​၍​ယူ​ခဲ့​ပြီး​လျှင်၊- ``အ​ကျွန်ုပ်​သည်​အ​ပြစ်​ကင်း​သူ​ကို​သေ​စေ​ရန်​အပ် မိ​ပါ​ပြီ'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``ဤ ကိစ္စ​သည်​ငါ​တို့​နှင့်​မည်​သို့​ဆိုင်​ပါ​သ​နည်း။ သင် ၏​တာ​ဝန်​သာ​ဖြစ်​၏'' ဟု​ပြန်​ပြော​ကြ​၏။- ထို​အ​ခါ​ယု​ဒ​သည်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ဗိ​မာန် တော်​တွင်​ပစ်​ချ​ကာ​ထွက်​သွား​၏။ ထို​နောက်​အ​ခြား သို့​သွား​ပြီး​လျှင်​ကြိုး​ဆွဲ​ချ​၍​သေ​လေ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​သည်​ထို​ငွေ​ကို​ကောက်​ယူ ၍ ``ဤ​ငွေ​ကား​သွေး​ဖိုး​ငွေ​ဖြစ်​၏။ သို့​ဖြစ်​၍​ဤ​ငွေ ကို​ဘဏ္ဍာ​တော်​တိုက်​ထဲ​သို့​မ​သွင်း​အပ်'' ဟု​ဆို​ကြ​၏။- သူ​တို့​သည်​ဆွေး​နွေး​တိုင်​ပင်​ကြ​ပြီး​လျှင်​ထို​ငွေ ဖြင့် အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​လူ​မျိုး​ခြား​သား သင်္ချိုင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ဝယ်​ယူ​ကြ​၏။- သို့​ဖြစ်​၍​ထို​လယ်​သည်​ယ​နေ့​တိုင်​အောင် ``သွေး​မြေ'' ဟူ​၍​ခေါ်​တွင်​သ​တည်း။ ပ​ရော​ဖက်​ယေ​ရ​မိ​က ``သူ​တို့​သည်​ထို​သူ​၏ တန်​ဖိုး​အ​ဖြစ်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ကဲ ဖြတ်​ပေး​သည့်​ငွေ​ဒင်္ဂါး​သုံး​ဆယ်​ကို​ယူ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ငါ့​အား​မှာ​ကြား​တော်​မူ​သည့် အ​တိုင်း​အိုး​ထိန်း​သည်​၏​လယ်​မြေ​ကို​ဝယ်​ယူ ကြ​၏'' ဟု​ဟော​ကြား​ခဲ့​သည့်​စ​ကား​သည်​ထို အ​ချိန်​၌​မှန်​၍​လာ​တော့​၏။ ရော​မ​ဘု​ရင်​ခံ​မင်း​၏​ရှေ့​သို့​သ​ခင်​ယေ​ရှု​ရောက်​ရှိ သော​အ​ခါ​ဘု​ရင်​ခံ​မင်း​က ``သင်​သည်​ယု​ဒ​ရှင် ဘု​ရင်​ပေ​လော'' ဟု​မေး​၏။ ကိုယ်​တော်​က ``သင်​ဆို သည်​အ​တိုင်း​ငါ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ ရေး​ခေါင်း​ဆောင်​များ​ပြစ်​တင်​စွပ်​စွဲ​ချက်​များ​ကို ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား​တော်​မ​မူ။ ထို​အ​ခါ​ပိ​လတ်​မင်း​က ``သင့်​အား​ထို​သူ​တို့​သည် မည်​မျှ​ပြစ်​တင်​စွပ်​စွဲ​လျက်​ရှိ​ကြ​သည်​ကို​သင် သည်​မ​ကြား​ပါ​သ​လော'' ဟု​ဆို​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​စ​ကား​တစ်​ခွန်း​ကို​မျှ ပြန်​လည်​မိန့်​ကြား​တော်​မ​မူ။ သို့​ဖြစ်​၍​ဘု​ရင်​ခံ မင်း​သည်​လွန်​စွာ​အံ့​သြ​လေ​၏။ ရော​မ​ဘု​ရင်​ခံ​မင်း​သည်​ပ​သ​ခါ​ပွဲ​အ​ခါ​ကျ တိုင်း လူ​ပ​ရိ​သတ်​တို့​တောင်း​သည့်​အ​ကျဉ်း​သ​မား တစ်​ယောက်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​လေ့ ရှိ​၏။- ထို​အ​ချိန်​၌​ယေ​ရှု​ဗာ​ရဗ္ဗ​ဆို​သူ​နာ​မည်​ဆိုး အ​ကျဉ်း​သ​မား​တစ်​ယောက်​ရှိ​၏။- သို့​ဖြစ်​၍​လူ​တို့​စု​ရုံး​လာ​ကြ​သော​အ​ခါ​ပိ​လတ်​မင်း က ``သင်​တို့​အ​တွက်​မည်​သူ့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​စေ​လို​သ​နည်း။ ယေ​ရှု​ဗာ​ရဗ္ဗ​လော။ ခ​ရစ်​တော် ဆို​သူ​ယေ​ရှု​လော'' ဟု​မေး​၏။- ထို​သူ​တို့​မ​နာ​လို​၍​ယေ​ရှု​အား​မိ​မိ​လက်​သို့ အပ်​နှံ​ကြ​ကြောင်း​ကို​ပိ​လတ်​မင်း​သိ​သ​တည်း။ ပိ​လတ်​မင်း​သည်​တ​ရား​ခွင်​တွင်​ထိုင်​လျက်​နေ​စဉ် သူ​၏​ဇ​နီး​သည်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​၍ ``ထို အ​ပြစ်​ကင်း​သူ​နှင့်​ပတ်​သက်​၍​မည်​သည့်​အ​ရာ ကို​မျှ​မ​ပြု​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​ယ​မန်​ည​က အိပ်​မက်​တွင်​သူ​၏​အ​တွက်​စိတ်​ဒုက္ခ​များ​စွာ ရောက်​ရ​ပါ​၏'' ဟု​ပြော​စေ​၏။ ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည် ``ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​ပါ။ ယေ​ရှု​ကို​သတ်​ပါ'' ဟု​ပိ​လတ်​မင်း ထံ​တောင်း​ဆို​ရန်​ပ​ရိ​သတ်​တို့​အား​တိုက်​တွန်း ကြ​၏။- ဘု​ရင်​ခံ​မင်း​က ``ဤ​သူ​နှစ်​ယောက်​အ​နက်​မည်​သူ့ ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​စေ​လို​သ​နည်း'' ဟု မေး​၏။ လူ​တို့​က ``ဗာ​ရဗ္ဗ​ကို​လွှတ်​ပေး​ပါ'' ဟု​ဆို ကြ​၏။ ပိ​လတ်​မင်း​က ``သို့​ဖြစ်​လျှင်​ခ​ရစ်​တော်​ဆို​သူ ကို​ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​အ​ပေါင်း​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​ဆို​ကြ​၏။ ပိ​လတ်​မင်း​က ``သူ​သည်​အ​ဘယ်​အ​ပြစ်​ကို ကူး​လွန်​သ​နည်း'' ဟု​မေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​က ``သူ့​အား​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု​အ​သံ​ကုန်​ဟစ်​အော် ကြ​၏။ ပိ​လတ်​မင်း​သည်​မိ​မိ​ရှေ့​ဆက်​လက်​ပြော​ဆို​ရန် မ​ဖြစ်၊ ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည့်​အ​ရိပ်​အ​ရောင် ကို​သာ​သိ​မြင်​လာ​သ​ဖြင့်​ရေ​ကို​ယူ​၍ ``ဤ​သူ သေ​ရ​ခြင်း​မှာ​ငါ​၏​တာ​ဝန်​မ​ဟုတ်၊ သင်​တို့​၏ တာ​ဝန်​သာ​ဖြစ်​သည်'' ဟု​ဆို​ကာ​လူ​တို့​ရှေ့​တွင် မိ​မိ​၏​လက်​ကို​ဆေး​၏။ လူ​အ​ပေါင်း​တို့​က ``ထို​သူ​သေ​ရ​ခြင်း​အ​တွက် အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏​သား​မြေး​များ ၏​တာ​ဝန်​ဖြစ်​ပါ​စေ'' ဟု​ဆို​ကြ​၏။ ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ဗာ​ရဗ္ဗ​ကို​လွတ်​ငြိမ်း​ချမ်း သာ​ခွင့်​ပေး​၍​သ​ခင်​ယေ​ရှု​ကို​ကြိမ်​ဒဏ်​ခတ်​စေ​ပြီး လျှင် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန်​အပ်​လိုက်​၏။ ပိ​လတ်​မင်း​၏​စစ်​သား​များ​သည်​သ​ခင်​ယေ​ရှု​ကို ဘု​ရင်​ခံ​မင်း​အိမ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ထို​နောက်​ခြေ​လျင်​တပ်​ခွဲ​တစ်​တပ်​လုံး​သည်​ကိုယ် တော်​ပတ်​လည်​စု​ရုံး​လာ​ကြ​၏။- စစ်​သား​များ​သည်​ကိုယ်​တော်​အား​အ​ဝတ်​တော် ကို​ချွတ်​၍​ကမ္ဗ​လာ​နီ​ဝတ်​လုံ​ကို​ခြုံ​ပေး​ကြ​၏။- ထို​နောက်​ဆူး​ခက်​ဖြင့်​ရက်​သည့်​သ​ရ​ဖူ​ကို​ဆောင်း ပေး​ကြ​၏။ ကူ​ရိုး​တစ်​ချောင်း​ကို​လက်​ယာ​လက်​တော် တွင်​ထည့်​ပေး​ကြ​၏။ ထို​နောက်​ရှေ့​တော်​တွင်​ဒူး​ထောက် လျက် ``ယု​ဒ​ဘု​ရင်၊ သက်​တော်​ရှည်​ပါ​စေ​သော'' ဟု ပြက်​ရယ်​ပြု​ကြ​၏။- သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကူ​ရိုး​ကို​ယူ​၍​ခေါင်း​တော်​ကို​ရိုက်​ကြ​၏။- ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​ကမ္ဗ​လာ​နီ​ဝတ်​လုံ ကို​ချွတ်​၍​ကိုယ်​တော်​၏​အ​ဝတ်​ကို​ပြန်​ဝတ်​ပေး​ကြ ၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ကိုယ်​တော်​ကို​ခေါ်​ဆောင်​သွား​ကြ​၏။ သူ​တို့​သည်​ထွက်​လာ​ကြ​စဉ်​ရှိ​မုန်​နာ​မည်​ရှိ​သူ ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​ကို​တွေ့​သ​ဖြင့် ထို​သူ​အား​အ​တင်း​အ​ကြပ်​ခေါ်​၍​ကိုယ်​တော်​၏ လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​ကြ​၏။- ဦး​ခေါင်း​ခွံ​အ​ရပ်​ဟု​အ​ဋ္ဌိပ္ပါယ်​ရှိ​သော​ဂေါ​လ ဂေါ​သ​နာ​မည်​တွင်​သည့်​အ​ရပ်​သို့​ရောက်​လျှင်၊- သူ​တို့​သည်​ဆေး​ခါး​နှင့်​ရော​စပ်​ထား​သော​စ​ပျစ် ရည်​ကို​ကိုယ်​တော်​အား​တိုက်​ကြ​၏။ ကိုယ်​တော်​သည် မြည်း​စမ်း​ကြည့်​တော်​မူ​ပြီး​လျှင်​မ​သောက်​ဘဲ​နေ တော်​မူ​၏။ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​ကို​လက်​ဝါး​ကပ် တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ အ​ဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲ​ဝေ​ကြ​၏။- ထို​နောက်​ထိုင်​၍​ကိုယ်​တော်​ကို​စောင့်​ကြည့်​နေ​ကြ​၏။- ကိုယ်​တော်​အား​စွဲ​ချက်​တင်​သည့်​အ​ပြစ်​ကို​ဦး​ခေါင်း တော်​အ​ထက်​တွင် ``ဤ​သူ​ကား​ယု​ဒ​ရှင်​ဘု​ရင်​ဖြစ်​၏'' ဟူ​၍​ကမ္ပည်း​ရေး​ထိုး​ထား​ကြ​၏။- ထို​အ​ချိန်​၌​ဋ္ဌား​ပြ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော် နှင့်​အ​တူ​လက်​ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝဲ တော်​ဘက်​တွင်​တစ်​ယောက်၊ လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ လမ်း​သွား​လမ်း​လာ​များ​က​ဦး​ခေါင်း​ခါ​လျက် ``ဗိ​မာန် တော်​ကို​ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​တည် ဆောက်​မည့်​သူ၊ သင့်​ကိုယ်​ကို​သင်​ကယ်​တင်​လော့။ သင် သည်​ဘု​ရား​သ​ခင်​၏​သား​တော်​မှန်​လျှင် လက်​ဝါး ကပ်​တိုင်​ပေါ်​မှ​ဆင်း​ခဲ့​လော့'' ဟု​ကိုယ်​တော်​အား ကဲ့​ရဲ့​ကြ​၏။ ထို​နည်း​တူ​စွာ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ကျမ်း တတ်​ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင် များ​က​လည်း​ပြောင်​လှောင်​ကြ​၏။- ``ဤ​သူ​သည်​သူ​တစ်​ပါး​ကို​ကယ်​တင်​၏။ မိ​မိ ကိုယ်​ကို​မူ​မ​ကယ်​တင်​နိုင်​ပါ​တ​ကား။ သူ​သည် ဣသ​ရေ​လ​ရှင်​ဘု​ရင်​မ​ဟုတ်​ပါ​လော။ လက်​ဝါး ကပ်​တိုင်​မှ​ယ​ခု​ဆင်း​လာ​လျှင်​ငါ​တို့​သူ့​ကို ယုံ​ကြည်​ကြ​ပေ​အံ့။- သူ​သည်​ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​၏။ `ငါ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ဖြစ်​သည်' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ့​ကို​အ​လို​တော် ရှိ​လျှင် ယ​ခု​ပင်​ကယ်​တင်​တော်​မူ​ပါ​စေ'' ဟု​ဆို ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​လက်​ဝါး​ကပ်​တိုင်​တွင်​အ​တင် ခံ​ရ​သူ​ဋ္ဌား​ပြ​များ​က​ပင်​လျှင် ထို​နည်း​တူ​ကိုယ် တော်​ကို​ပြောင်​လှောင်​ကြ​၏။ မွန်း​တည့်​ချိန်​မှ​အ​စ​ပြု​၍​မွန်း​လွဲ​သုံး​နာ​ရီ​တိုင် အောင် မြေ​တစ်​ပြင်​လုံး​တွင်​မှောင်​အ​တိ​ကျ​လေ​၏။- မွန်း​လွဲ​သုံး​နာ​ရီ​အ​ချိန်​၌​သ​ခင်​ယေ​ရှု​သည် ``ဧ​လိ၊ ဧ​လိ၊ လာ​မ​ရှာ​ဗ​ခ​သာ​နိ'' ဟု​ကျယ်​သော​အ​သံ နှင့်​မိန့်​တော်​မူ​၏။ ဆို​လို​သည့်​အ​နက်​ကား ``အ​ကျွန်ုပ် ဘု​ရား၊ အ​ကျွန်ုပ်​ဘု​ရား၊ အ​ဘယ်​ကြောင့်​အ​ကျွန်ုပ် ကို​စွန့်​ပစ်​တော်​မူ​ပါ​သ​နည်း'' ဟူ​၏။ အ​နီး​တွင်​ရပ်​နေ​သူ​လူ​အ​ချို့​တို့​သည်​ထို​စ​ကား​ကို ကြား​လျှင် ``သူ​သည်​ဧ​လိ​ယ​ကို​ခေါ်​နေ​၏'' ဟု​ဆို ကြ​၏။- ထို​သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​ချက်​ချင်း​ပြေး ၍​ပင်​လယ်​ရေ​မြှုပ်​ကို​ယူ​ကာ​ပုံး​ရည်​ကို​စုပ်​ပြီး​လျှင် ထို​ရေ​မြှုပ်​ကို​ကူ​ရိုး​ဖျား​တွင်​ပတ်​၍​ကိုယ်​တော် သောက်​ရန်​ပေး​လေ​၏။ အ​ခြား​သော​သူ​တို့​က ``ရှိ​စေ​တော့။ သူ့​ကို​ကယ်​ရန် ဧ​လိ​ယ​လာ​မ​လာ​ကို​ငါ​တို့​ကြည့်​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​တစ်​ဖန်​ကျယ်​စွာ​ဟစ်​အော်​တော်​မူ ပြီး​လျှင်​အ​သက်​ချုပ်​တော်​မူ​၏။- ထို​အ​ခါ​ဗိ​မာန်​တော်​ကန့်​လန့်​ကာ​သည်​အ​ထက်​စွန်း​မှ အောက်​စွန်း​တိုင်​အောင်​နှစ်​ခြမ်း​ကွဲ​လေ​၏။ မြေ​င​လျင် လှုပ်​၏။ ကျောက်​ဆောင်​များ​ပြို​ကွဲ​ကြ​၏။- သင်္ချိုင်း​ဂူ​များ​ပွင့်​လစ်​သ​ဖြင့်​သေ​လွန်​ပြီး​သူ ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင်​အ​မြောက် အ​မြား​ပင်​ရှင်​ပြန်​ထ​မြောက်​ကြ​ကုန်​၏။- သ​ခင်​ယေ​ရှု​ရှင်​ပြန်​ထ​မြောက်​တော်​မူ​ပြီး​နောက် ထို​သူ​တို့​သည်​သင်္ချိုင်း​ထဲ​မှ​ထွက်​လာ​ကာ သန့်​ရှင်း သော​မြို့​တော်​သို့​ဝင်​သွား​ကြ​သ​ဖြင့်​လူ​အ​များ ပင်​သူ​တို့​ကို​တွေ့​မြင်​ကြ​၏။ တပ်​မှူး​နှင့်​တ​ကွ​သ​ခင်​ယေ​ရှု​ကို​စောင့်​ကြည့် နေ​ကြ​သော​စစ်​သား​များ​သည်​မြေ​င​လျင်​လှုပ် သည်​ကို​လည်း​ကောင်း၊ အ​ခြား​အ​ဖြစ်​အ​ပျက်​များ ကို​လည်း​ကောင်း​တွေ့​မြင်​ကြ​သော​အ​ခါ​လွန်​စွာ ကြောက်​လန့်​ကြ​၍ ``ဤ​သူ​ကား​အ​ကယ်​ပင်​ဘုရား သ​ခင်​၏​သား​တော်​ဖြစ်​၏'' ဟု​ဆို​ကြ​၏။ ထို​အ​ရပ်​တွင်​အ​ဝေး​က​ရပ်​လျက်​ကြည့်​နေ​သော အ​မျိုး​သ​မီး​များ​ရှိ​၏။ သူ​တို့​သည်​ကား​ဂါ​လိ​လဲ ပြည်​မှ​သ​ခင်​ယေ​ရှု​၏​နောက်​တော်​သို့​လိုက်​၍​လုပ် ကျွေး​သ​မှု​ပြု​ကြ​သူ​များ​တည်း။- ထို​သူ​တို့​အ​ထဲ​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ၊ ယာ​ကုပ်​နှင့်​ယော​သပ်​တို့​၏​အ​မိ​ဖြစ်​သူ​မာ​ရိ နှင့်​ဇေ​ဗေ​ဒဲ​၏​သား​များ​၏​အ​မိ​တို့​ပါ​ကြ​၏။ ည​ချမ်း​အ​ချိန်​ကျ​သော​အ​ခါ​အ​ရိ​မ​ဿဲ​မြို့​မှ ယော​သပ်​ဆို​သူ​သူ​ဌေး​တစ်​ယောက်​ရောက်​ရှိ​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​၏​တ​ပည့်​တော်​တစ်​ဦး​ဖြစ်​၏။- သူ​သည်​ပိ​လတ်​မင်း​ထံ​သို့​ဝင်​ပြီး​လျှင်​သ​ခင် ယေ​ရှု​၏​အ​လောင်း​တော်​ကို​တောင်း​၏။ ပိ​လတ်​မင်း သည်​အ​လောင်း​တော်​ကို​ယော​သပ်​အား​ပေး​ရန် အ​မိန့်​ချ​မှတ်​လိုက်​၏။- ယော​သပ်​သည်​အ​လောင်း​တော်​ကို​ယူ​၍​ဖြူ​စင်​သော ပိတ်​ဖြင့်​ပတ်​၏။- ထို​နောက်​ကျောက်​ဆောင်​၌​မ​ကြာ​မီ​က​ထွင်း​ထား​သည့် မိ​မိ​သင်္ချိုင်း​ဂူ​တွင်​သင်္ဂြိုဟ်​ကာ ဂူ​ဝ​ကို​ကျောက်​တုံး​တစ်​ခု လှိမ့်​၍​ပိတ်​ထား​လိုက်​ပြီး​နောက်​ပြန်​သွား​လေ​သည်။- သင်္ချိုင်း​ရှေ့​တွင်​မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့်​အ​ခြား မာ​ရိ​တို့​သည်​ထိုင်​လျက်​ရှိ​နေ​ကြ​၏။ သော​ကြာ​နေ့​ကုန်​လွန်​၍​ဥ​ပုသ်​နေ့​ရောက်​သော် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဖာ​ရိ​ရှဲ​များ​သည် ပိလတ်​မင်း​ထံ​သို့​သွား​ပြီး​လျှင်၊- ``အ​ရှင်၊ ထို​လူ​လိမ်​အ​သက်​ရှင်​စဉ်​အ​ခါ​က၊ `ငါ သည်​သုံး​ရက်​ကြာ​သော်​သေ​ခြင်း​မှ​ထ​မြောက်​မည်' ဟု​ပြော​ဆို​ခဲ့​သည်​ကို​အ​ကျွန်ုပ်​တို့​မှတ်​မိ​ပါ​၏။- သို့​ဖြစ်​၍​သုံး​ရက်​မြောက်​သော​နေ့​အ​ထိ​သင်္ချိုင်း​ဂူ ကို​လုံ​ခြုံ​စွာ​ပိတ်​၍​စောင့်​ကြပ်​စေ​ရန်​အ​မိန့်​ပေး တော်​မူ​ပါ။ သို့​မ​ဟုတ်​ပါ​မူ​သူ​၏​တ​ပည့်​များ​သည် လာ​၍​ရုပ်​အ​လောင်း​ကို​ခိုး​ယူ​ကာ​သူ​သည်​သေ​ခြင်း မှ​ထ​မြောက်​လေ​ပြီ​ဟု​လူ​တို့​အား​ပြော​ကြ​လိမ့်​မည်။ ထို​အ​ခါ​နောက်​ဆုံး​လှည့်​စား​ချက်​သည်​ပ​ထ​မ လှည့်​စား​ချက်​ထက်​ပို​၍​ဆိုး​ပါ​လိမ့်​မည်'' ဟု လျှောက်​ထား​ကြ​၏။ ပိ​လတ်​မင်း​က ``အ​စောင့်​တပ်​တစ်​တပ်​ကို​ခေါ်​၍ သင်္ချိုင်း​ဂူ​ကို​အ​တတ်​နိုင်​ဆုံး​စောင့်​ကြပ်​စေ​လော့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် သင်္ချိုင်း​ဂူ​သို့​သွား​ပြီး​လျှင် ကျောက်​တုံး​ကို​ချိပ်​တံ​ဆိပ်​ခတ်​နှိပ်​ကာ သင်္ချိုင်း​ဂူ​ကို လုံ​ခြုံ​စွာ​ပိတ်​ထား​ကြ​၏။ ထို​နောက်​စောင့်​ကြပ်​ရန် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​ကြ​၏။

ရှင်မဿဲ 27:1-66 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

မိုးလင်း​ချိန်​ရောက်​သောအခါ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​အားလုံး​တို့​သည် ယေရှု​ကို​သေဒဏ်​ချမှတ်​နိုင်​ရန် တိုင်ပင်​ဆွေးနွေး​ကြ​၏။ ထို့နောက် ကိုယ်တော်​ကို​ချည်နှောင်​လျက် ခေါ်ဆောင်​သွား​ကာ ဘုရင်ခံ​ပိလတ်​မင်း​ထံ အပ်နှံ​ကြ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​ယုဒ​သည် ကိုယ်တော်​ပြစ်ဒဏ်​စီရင်​ခြင်း​ခံရ​ကြောင်း​တွေ့မြင်​လျှင် စိတ်မကောင်း​ဖြစ်​ကာ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​ထံ ငွေဒင်္ဂါး​သုံးဆယ်​ကို​ပြန်​ပေး​လျက် “အကျွန်ုပ်​သည် အပြစ်ကင်း​သော​သူ​၏​သွေး​ကို​အပ်နှံ​ပြီး အပြစ်​ပြု​မိ​ပါ​ပြီ”​ဟု ဆို​၏။ သို့သော် ထို​သူ​တို့​က “ငါ​တို့​နှင့် မည်သို့​ဆိုင်​သနည်း။ ကိုယ့်​အမှု​ကို ကိုယ်​ဖြေရှင်း​လော့”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​သည် ထို​ငွေ​ကို ဗိမာန်​တော်​ထဲ၌​ပစ်ချ​ပြီး ထွက်သွား​လေ​၏။ ထို့နောက် အခြား​သို့​သွား​၍ ကြိုးဆွဲချ​သေ​လေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​တို့​သည် ထို​ငွေ​များ​ကို​ယူ​၍ “သွေး​ဖိုး​ငွေ​ဖြစ်​သောကြောင့် ဘဏ္ဍာတိုက်​ထဲသို့​မ​သွင်း​အပ်”​ဟု ဆို​လျက် တိုင်ပင်​ဆွေးနွေး​ကြ​ပြီးမှ သူစိမ်း​ဧည့်သည်​တို့​၏​သင်္ချိုင်း​အတွက် အိုးထိန်းသည်​၏​မြေယာ​ကို ထို​ငွေ​ဖြင့်​ဝယ်ယူ​ကြ​၏။ ထို့ကြောင့် ထို​မြေယာ​ကို ယနေ့​တိုင်အောင် သွေး​မြေ​ဟု​ခေါ်တွင်​ကြ​၏။ ထိုအခါ “သူ​တို့​သည် တန်ဖိုးဖြတ်​ခြင်း​ခံရ​သော​သူ​၏​အဖိုးငွေ​တည်းဟူသော အစ္စရေး​အမျိုးသား​တို့​တန်ဖိုးဖြတ်​ထား​သည့် ငွေဒင်္ဂါး​သုံးဆယ်​ကို​ယူ​၍ အကျွန်ုပ်​အား ထာဝရ​ဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အိုးထိန်းသည်​၏​မြေယာ​အတွက် ထို​ငွေ​တို့​ကို​ပေး​ကြ​၏”​ဟု ပရောဖက်​ယေရမိ​အားဖြင့် မိန့်​တော်မူ​ခဲ့​သော​အရာ​သည် ပြည့်စုံ​ခြင်း​သို့​ရောက်​လေ​၏။ ယေရှု​သည် ဘုရင်ခံ​ရှေ့၌ ရပ်​တော်မူ​ရာ ဘုရင်ခံ​က “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​လော”​ဟု မေး​လေ​၏။ ယေရှု​က​လည်း“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။ သို့သော် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​၏​စွပ်စွဲ​ခြင်း​ကို​ခံရ​သောအခါ ကိုယ်တော်​သည် တစ်စုံတစ်ခု​ကို​မျှ ပြန်​၍​ဖြေ​တော်​မ​မူ။ ထိုအခါ ပိလတ်​မင်း​သည် ကိုယ်တော်​အား “သူ​တို့​သည် သင့်​တစ်ဖက်၌ မည်မျှလောက်​သက်သေခံ​ကြ​သည်​ကို သင်​မ​ကြား​သလော”​ဟု ဆို​၏။ သို့သော် ကိုယ်တော်​သည် စကား​တစ်​ခွန်း​ကို​မျှ ပြန်​၍​မိန့်​တော်​မ​မူ​ဘဲ​နေ​သဖြင့် ဘုရင်ခံ​သည် အလွန်​အံ့ဩ​လေ​၏။ ဘုရင်ခံ​သည် ထို​ပွဲတော်​တွင် လူထု​အတွက် သူ​တို့​အလိုရှိ​သည့်​အကျဉ်းသား​တစ်​ဦး​ကို လွှတ်​ပေး​လေ့​ရှိ​၏။ ထို​အချိန်​တွင် ဗာရဗ္ဗ​ဟု​ခေါ်​သည့် ထင်ပေါ်​ကျော်ကြား​သော အကျဉ်းသား​တစ်​ယောက်​ရှိ​၏။ သို့ဖြစ်၍ လူ​တို့​စုဝေး​ကြ​သောအခါ ပိလတ်​မင်း​က “သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း။ ဗာရဗ္ဗ​လော​၊ သို့မဟုတ် ခရစ်တော်​ဟု​ခေါ်​သော ယေရှု​လော”​ဟု သူ​တို့​အား​မေး​လေ​၏။ ထိုသို့​မေး​ခြင်းမှာ သူ​တို့​သည် မလိုမုန်းထား​စိတ်​ဖြင့် ယေရှု​ကို​အပ်နှံ​ကြ​ကြောင်း ပိလတ်​မင်း​သိ​သောကြောင့်​ဖြစ်​၏။ ပိလတ်​မင်း​သည် တရားပလ္လင်​ပေါ်၌ ထိုင်​နေ​စဉ် သူ​၏​ဇနီးသည်​သည် သူ့​ထံသို့​လူ​လွှတ်​၍ “သင်​သည် ထို​ဖြောင့်မတ်​သော​သူ​နှင့် မည်သို့​မျှ မ​ပတ်သက်​စေ​ပါ​နှင့်။ အကြောင်းမူကား ထို​သူ​ကြောင့် ယနေ့ ကျွန်မ​သည် အိပ်မက်​ထဲ၌ စိတ်ဒုက္ခ​များစွာ​ရောက်​ရ​ပါ​၏”​ဟု မှာ​လိုက်​လေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် သက်ကြီးဝါကြီး​များ​သည် လူထု​ပရိသတ်​အား ဗာရဗ္ဗ​ကို​တောင်း​၍ ယေရှု​ကို​မူကား အဆုံးစီရင်​စေရန် စည်းရုံး​ကြ​၏။ တစ်ဖန် ဘုရင်ခံ​က “ဤ​သူ​နှစ်​ယောက်​တို့​တွင် သင်​တို့​အတွက် မည်သူ့​ကို​လွှတ်​ပေး​စေ​လို​သနည်း”​ဟု မေး​သောအခါ သူ​တို့​က “ဗာရဗ္ဗ”​ဟု ဆို​ကြ​၏။ ပိလတ်​မင်း​က “သို့ဖြစ်လျှင် ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အားလုံး​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။ ပိလတ်​မင်း​က​လည်း “အဘယ်ကြောင့်​နည်း။ သူ​သည် မည်သည့်​မကောင်းမှု​ကို​ပြု​ခဲ့​သနည်း”​ဟု ပြန်​မေး​သော်လည်း သူ​တို့​က “သူ့​ကို​လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် မည်သည့်​အကျိုး​မျှ​မ​ရှိ​ဘဲ ရုန်းရင်းဆန်ခတ်​သာ​ဖြစ်လာ​သည်​ကို​မြင်​၍ လူထု​ပရိသတ်​ရှေ့တွင် ရေ​ကို​ယူ​ပြီး လက်​ကို​ဆေး​ကာ “ဤ​သူ​၏​သွေး​နှင့် ငါ​ကင်းရှင်း​၏။ သင်​တို့​အမှု​ကို သင်​တို့​ဖြေရှင်း​ရ​မည်”​ဟု ဆို​၏။ လူ​အပေါင်း​တို့​က​လည်း “သူ​၏​သွေး​သည် ငါ​တို့​နှင့်​ငါ​တို့​၏​သားသမီး​များ​အပေါ် ကျရောက်​ပါစေ”​ဟု ပြန်ပြော​ကြ​၏။ ထိုအခါ ပိလတ်​မင်း​သည် သူ​တို့​အတွက် ဗာရဗ္ဗ​ကို​လွှတ်​ပေး​လေ​၏။ ယေရှု​ကို​မူကား ကျာပွတ်​ဖြင့်​ရိုက်နှက်​စေ​ပြီးနောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​လိုက်​လေ​၏။ ထို့နောက် ဘုရင်ခံ​၏​စစ်သား​များ​သည် ယေရှု​ကို ရုံးတော်​အတွင်း​သို့​ခေါ်ဆောင်​သွား​၍ တပ်ဖွဲ့​တစ်ဖွဲ့လုံး​ကို ကိုယ်တော်​ထံ​စုဝေး​စေ​ကာ ကိုယ်တော်​၏​အဝတ်​ကို​ချွတ်​ပြီး နီမြန်း​သော​ဝတ်လုံ​ကို ကိုယ်တော်​အား​ခြုံ​စေ​ကြ​၏။ ဆူးပင်​ကို​လည်း​သရဖူ​အဖြစ်​ရစ်ခွေ​ပြီး ကိုယ်တော်​၏​ဦးခေါင်း​ပေါ်၌ ဆောင်း​စေ​၍ ကျူရိုး​တစ်​ချောင်း​ကို လက်ယာ​လက်​ဖြင့် ကိုင်​စေ​ပြီးလျှင် ကိုယ်တော်​၏​ရှေ့၌​ဒူးထောက်​လျက် “ဂျူး​လူမျိုး​တို့​၏​ဘုရင်၊ မင်္ဂလာရှိ​ပါစေသော”​ဟု ပြောင်လှောင်​ပြောဆို​ကြ​၏။ ထို့နောက် ကိုယ်တော်​ကို တံတွေး​နှင့်​ထွေး​၍ ကျူရိုး​ကို​ယူ​ပြီးလျှင် ကိုယ်တော်​၏​ဦးခေါင်း​ကို​ရိုက်​ကြ​၏။ ထိုသို့ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​ပြီးနောက် နီမြန်း​သော​ဝတ်လုံ​ကို​ချွတ်​၍ ကိုယ်တော်​၏​အဝတ်​ကို ပြန်​ဝတ်​စေ​ပြီးလျှင် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ သူ​တို့​ထွက်သွား​ကြ​စဉ် ရှိမုန်​အမည်​ရှိ​သော ကုရေနေ​မြို့သား​တစ်​ဦး​ကို​တွေ့​သဖြင့် ကိုယ်တော်​၏​လက်ဝါးကပ်တိုင်​ကို သူ့​အား အတင်းအကျပ်​ထမ်း​စေ​ကြ​၏။ ဤသို့ဖြင့် ဦးခေါင်းခွံ​အရပ်​ဟု​ခေါ်ဝေါ်​သော ဂေါလဂေါသ​အမည်တွင်​သည့်​အရပ်​သို့ ရောက်​ကြ​လျှင် သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။ ထိုအခါ သူ​တို့​သည် ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍ ခွဲဝေ​ကြ​၏။ ထို့နောက် ထို​နေရာ​၌ ထိုင်​လျက် ကိုယ်တော်​ကို စောင့်ကြည့်​ကြ​၏။ ကိုယ်တော်​၏​ဦးခေါင်း​တော်​အထက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင် ယေရှု​ဖြစ်​၏”​ဟု ရေး​ထား​သည့် ကိုယ်တော်​အပေါ်​တင်​သော​စွဲချက်​ကို တပ်​ထား​ကြ​၏။ ဓားပြ​နှစ်​ယောက်​တို့​ကို​လည်း ကိုယ်တော်​နှင့်အတူ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ ဖြတ်သန်း​သွားလာ​သော​သူ​တို့​သည် မိမိ​တို့​ခေါင်း​ကို​ခါယမ်း​လျက် “ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း​တည်ဆောက်​မည့်​သူ၊ သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပြီး လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ခဲ့​လော့”​ဟု စော်ကား​ပြောဆို​ကြ​၏။ ထိုနည်းတူ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​သည်​လည်း ကျမ်းပြု​ဆရာ​များ၊ သက်ကြီးဝါကြီး​များ​နှင့်အတူ ကိုယ်တော်​ကို ပြောင်လှောင်​ကြ​၍ “သူ​သည် သူတစ်ပါး​တို့​ကို​ကယ်တင်​ခဲ့​သော်လည်း မိမိကိုယ်ကို​မ​ကယ်တင်​နိုင်​ပါ​တကား။ အစ္စရေး​ဘုရင်​ဖြစ်​လျှင် ယခု​ပင် လက်ဝါးကပ်တိုင်​ပေါ်မှ​ဆင်း​လာ​ပါ​စေ။ ထိုအခါ ငါ​တို့​သည် သူ့​ကို​ယုံကြည်​မည်။ သူ​သည် ဘုရားသခင်​ကို​ယုံကြည်​ကိုးစား​ခဲ့​၏။ ဘုရားသခင်​အလို​တော်​ရှိ​လျှင် ယခု​ပင် သူ့​ကို​ကယ်နုတ်​ပါစေ။ အကြောင်းမူကား ‘ငါ​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်’​ဟူ၍ သူ​ပြော​ခဲ့​၏”​ဟု ဆို​ကြ​၏။ ကိုယ်တော်​နှင့်အတူ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း​ခံရ​သော ဓားပြ​တို့​သည်​လည်း ကိုယ်တော်​ကို ထိုနည်းတူ​ကဲ့ရဲ့​ပြစ်တင်​ကြ​၏။ မွန်းတည့်​ချိန်​မှစ၍ မွန်းလွဲ​သုံး​နာရီ​တိုင်အောင် မြေ​တစ်ပြင်လုံး​၌ အမှောင်​ကျရောက်​လေ​၏။ မွန်းလွဲ​သုံး​နာရီ​ခန့်​တွင် ယေရှု​သည် ကျယ်လောင်​သော​အသံ​ဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”​ဟု အော်ဟစ်​တော်မူ​၏။ ၎င်း​၏​အဓိပ္ပာယ်​မှာ“အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​၏​ဘုရား၊ အကျွန်ုပ်​ကို အဘယ်ကြောင့်​စွန့်ပစ်​တော်မူ​သနည်း”​ဟူ၍ ဖြစ်​၏။ ထို​အရပ်​၌ ရပ်​နေ​သော​သူ​အချို့​တို့​သည်​ကြား​လျှင် “ဤ​သူ​သည် ဧလိယ​ကို​ခေါ်​နေ​သည်”​ဟု ဆို​ကြ​၏။ ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။ သို့သော် အခြား​သော​သူ​တို့​က “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို​ကယ်တင်​ရန် လာ​မည်​မ​လာ​မည်​ကို ငါ​တို့ ကြည့်​ကြ​စို့”​ဟု ဆို​ကြ​၏။ ထို့နောက် ယေရှု​သည် နောက်တစ်ဖန် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​ပြီးလျှင် အသက်​ကို​စွန့်​တော်မူ​၏။ ထိုအခါ ဗိမာန်​တော်​ကန့်လန့်ကာ​သည်​အထက်စွန်း​မှ အောက်စွန်း​တိုင်အောင် နှစ်​ခြမ်း​ကွဲ​သွား​လေ​၏။ မြေကြီး​သည်​လှုပ်​၍ ကျောက်​များ​သည် အက်ကွဲ​လေ​၏။ သင်္ချိုင်း​ဂူ​များ​လည်း​ပွင့်​သဖြင့် အိပ်ပျော်​ကြ​ပြီ​ဖြစ်​သော​သန့်ရှင်း​သူ​များစွာ​တို့​၏​ကိုယ်ခန္ဓာ​သည် ထမြောက်​ကြ​၏။ ယေရှု​ထမြောက်​တော်မူ​ပြီးနောက် သူ​တို့​သည် သင်္ချိုင်း​ဂူ​များ​မှ​ထွက်လာ​၍ သန့်ရှင်း​သော​မြို့​တော်​သို့​ဝင်​ကာ များစွာ​သော​သူ​တို့​ထံ ထင်ရှား​ကြ​၏။ တပ်မှူး​မှစ၍ သူ​နှင့်အတူ ယေရှု​ကို​စောင့်ကြည့်​နေ​သော​သူ​တို့​သည် ငလျင်​လှုပ်​ခြင်း​နှင့် ဖြစ်ပျက်​သော​အရာ​များ​ကို​တွေ့မြင်​ကြ​သောအခါ အလွန်​ကြောက်ရွံ့​လျက် “ဤ​သူ​သည် အမှန်ပင် ဘုရားသခင်​၏​သား​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​ကို​လုပ်ကျွေး​ပြုစု​လျက် ဂါလိလဲ​နယ်​မှ နောက်​တော်​သို့​လိုက်​လာ​သည့် များစွာ​သော​အမျိုးသမီး​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​၍ အဝေး​မှ​ကြည့်​နေ​ကြ​၏။ သူ​တို့​အထဲတွင် မာဂဒလ​မြို့သူ​မာရိ၊ ယာကုပ်​နှင့်​ယောသပ်​တို့​၏​မိခင်​ဖြစ်​သော​မာရိ​နှင့် ဇေဗေဒဲ​၏​သား​များ​၏​မိခင်​တို့​ပါ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ အရိမသဲ​မြို့​မှ သူဌေး​ဖြစ်​ပြီး ယေရှု​၏​တပည့်​တော်​လည်း​ဖြစ်​သော ယောသပ်​အမည်​ရှိ​သူ​တစ်​ဦး​သည် ရောက်လာ​၏။ သူ​သည် ပိလတ်​မင်း​ထံသို့​သွား​၍ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။ ထိုအခါ ပိလတ်​မင်း​သည် အလောင်း​တော်​ကို​ပေး​လိုက်​ရန် အမိန့်​ပေး​၏။ ယောသပ်​သည် အလောင်း​တော်​ကို​ယူ​၍ ဖြူစင်​သော​ပိတ်ချော​ဖြင့် ပတ်ရစ်​ပြီးလျှင် ကျောက်ဆောင်​၌​ထွင်း​ထား​သော မိမိ​ပိုင်ဆိုင်​သည့် သင်္ချိုင်း​ဂူ​သစ်​ထဲတွင် သွင်းထား​လေ​၏။ ထို့နောက် ကြီးမား​သော​ကျောက်တုံး​ကို ဂူ​ဝ​သို့​လှိမ့်​ထား​ပြီးမှ ပြန်သွား​လေ​၏။ မာဂဒလ​မြို့သူ​မာရိ​နှင့် အခြား​သော​မာရိ​တို့​သည်​လည်း ထို​နေရာ​၌​ရှိ​လျက် သင်္ချိုင်း​တော်​ရှေ့တွင်​ထိုင်​နေ​ကြ​၏။ ပြင်ဆင်​ရာ​နေ့​အလွန် နောက်တစ်နေ့​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဖာရိရှဲ​များ​သည် ပိလတ်​မင်း​ထံ​စုဝေး​ကြ​လျက် “အရှင်၊ ထို​လှည့်ဖြား​သော​သူ​အသက်ရှင်​စဉ်​က ‘ငါ​သည် သုံး​ရက်​ကြာ​လျှင် ထမြောက်​မည်’​ဟု ပြောဆို​ခဲ့​သည်​ကို အကျွန်ုပ်​တို့ မှတ်မိ​ပါ​သည်။ ထို့ကြောင့် သုံး​ရက်​မြောက်​သော​နေ့​တိုင်အောင် သင်္ချိုင်း​ဂူ​ကို စောင့်ကြပ်​ထား​ရန် အမိန့်​ပေး​ပါ။ သို့မဟုတ်​လျှင် သူ​၏​တပည့်​တို့​သည်​လာ​၍ အလောင်း​ကို​ခိုးယူ​ကာ ‘သူ​သည် သေ​သော​သူ​တို့​ထဲမှ ထမြောက်​ပြီ’​ဟု လူ​တို့​အား​ပြော​ကြ​လိမ့်မည်။ ထိုအခါ နောက်​လှည့်ဖြား​မှု​သည် ယခင်​လှည့်ဖြား​မှု​ထက် ပို၍​ဆိုး​ပါ​လိမ့်မည်”​ဟု လျှောက်ထား​ကြ​၏။ ပိလတ်​မင်း​က​လည်း “သင်​တို့​၌ အစောင့်​တပ်​သား​ရှိ​သည်​မ​ဟုတ်​လော။ သွား​၍ သင်​တို့​တတ်နိုင်​သမျှ​လုံခြုံ​အောင် စောင့်ကြပ်​စေ​ကြ​လော့”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​သည် သွား​၍ ကျောက်တုံး​ကို​တံဆိပ်​ခတ်​ကာ အစောင့်​တပ်သား​ကို​ချ​ထား​လျက် သင်္ချိုင်း​ဂူ​ကို​စောင့်ကြပ်​စေ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။