ရှင်မဿဲ 27:1-26
ရှင်မဿဲ 27:1-26 Judson Bible (JBMLE)
နံနက်အချိန်ရောက်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သော သူအပေါင်းတို့သည် ယေရှုကို သတ်အံ့သောငှာ တိုင်ပင်၍၊- ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြို့ဝန်မင်း ပုန္တိပိလတ်ထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။- ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊- အကျွန်ုပ် ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊- သူသည် ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ အခြားသို့သွားပြီးလျှင် လည်ကြိုးတပ်၍ သေလေ၏။- ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုငွေကိုယူ၍ အသွေး၏အဖိုးဖြစ်၏။ ဘဏ္ဍာတော်၌ မသွင်းအပ်ဟု ပြောဆို၊- တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တစ်ပါးအမျိုးသားတို့၏ သင်္ချိုင်းဖြစ်စေဖို့ရာ ထိုငွေနှင့် ဝယ်ကြ၏။- ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။- ပရောဖက်ယေရမိ ဟောသည်ကား၊ ဣသရေလလူတို့သည် အဖိုးဖြတ်သောသူ၏ ကိုယ်ဖိုးငွေသုံးဆယ်ကို သူတို့သည်ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊- အိုးထိန်းသမား၏ မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည် ထိုအခါ ပြည့်စုံခြင်းသို့ရောက်လေ၏။ ယေရှုသည် မြို့ဝန်မင်းရှေ့သို့ ရောက်တော်မူသည်ရှိသော် မြို့ဝန်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟု မေးလျှင်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် အပြစ်တင်ကြသော် တစ်ခွန်းကိုမျှ ပြန်တော်မမူ။- ပိလတ်မင်းကလည်း၊ သင့်တစ်ဖက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို သင်မကြားသလောဟု ပြောဆိုသော်လည်း၊- စကားတစ်ခွန်းကိုမျှ ပြန်တော်မမူသည်ကို မြို့ဝန်မင်းသည် အလွန်အံ့ဩလေ၏။- ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းထားသောသူတို့တွင်၊ လူများတို့ အလိုရှိသောသူ တစ်ယောက်ယောက်ကို လွှတ်မြဲထုံးစံရှိ၏။- ထိုအခါ အကျဉ်းထားသောသူတို့တွင် ဗာရဗ္ဗအမည်ရှိသော ကျော်စောသောသူ တစ်ယောက်ရှိ၏။- လူများစည်းဝေးကြသည်ရှိသော်၊ ပိလတ်မင်းက၊ သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်း။ ဗာရဗ္ဗကို လွှတ်စေချင်သလော။ ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို လွှတ်စေချင်သလောဟု လူများတို့အား မေးလေ၏။- အဘယ်ကြောင့် ဤသို့ မေးသနည်းဟူမူကား၊ ထိုသူတို့သည် မနာလိုသောစိတ်နှင့် ယေရှုကိုအပ်နှံကြောင်းကို ပိလတ်မင်းသိ၏။- ထိုမှတစ်ပါး တရားပလ္လင်ပေါ်မှာ ထိုင်စဉ်တွင်၊ မိမိခင်ပွန်းသည် လုလင်တစ်ယောက်ကို စေလွှတ်၍၊ ထိုဖြောင့်မတ်သောသူကို အဘယ်သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိပ်မက်၌ ပြင်းစွာခံရပါပြီဟု မှာလိုက်၏။- လူအစုအဝေးတို့သည် ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုသတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် လူများကို တိုက်တွန်းသွေးဆောင်ကြ၏။- ထိုကြောင့် မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေချင်သနည်းဟု လူများကို တစ်ဖန် မေးသောအခါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်ဟု လျှောက်ကြ၏။- ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟုခေါ်ဝေါ်သော ယေရှုကို အဘယ်သို့ ပြုရမည်နည်းဟု မေးပြန်သော်၊ ထိုသူအပေါင်းတို့က၊ သူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု ဆိုကြ၏။- မြို့ဝန်မင်းကလည်း အဘယ်ကြောင့်နည်း။ အဘယ်အပြစ်ကို ပြုဘိသနည်းဟု မေးလျှင်၊ ထိုသူသည် လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ခံပါလေစေဟု လူများတို့သည် သာ၍ဟစ်ကြ၏။- ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းခတ်မျှ ပြုကြသည်ကိုမြင်လျှင်၊ ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျက်၊ ဤဖြောင့်မတ်သောသူ၏အသွေးနှင့် ငါသည် ကင်းရှင်း၏။ ဤအမှုကို သင်တို့ ကြည့်ကြလော့ဟု ဆို၏။- ထိုလူအပေါင်းတို့က သူ၏အသွေးသည် ငါတို့၏ ခေါင်းပေါ်၌လည်းကောင်း၊ သားမြေးတို့ခေါင်းပေါ်၌လည်းကောင်း တည်ရှိပါစေဟု ပြန်ပြောကြ၏။- ပိလတ်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှာ အပ်လိုက်လေ၏။
ရှင်မဿဲ 27:1-26 Common Language Bible (BCL)
နံနက်စောစော၌ယဇ်ပုရောဟိတ်ကြီးများနှင့် ဘာသာရေးခေါင်းဆောင်များသည် သခင်ယေရှု ကိုသတ်ရန်တိုင်ပင်ကြ၏။- ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။ ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊- ``အကျွန်ုပ်သည်အပြစ်ကင်းသူကိုသေစေရန်အပ် မိပါပြီ'' ဟုဆို၏။ သို့ရာတွင်ထိုသူတို့က ``ဤ ကိစ္စသည်ငါတို့နှင့်မည်သို့ဆိုင်ပါသနည်း။ သင် ၏တာဝန်သာဖြစ်၏'' ဟုပြန်ပြောကြ၏။- ထိုအခါယုဒသည်ငွေဒင်္ဂါးသုံးဆယ်ကိုဗိမာန် တော်တွင်ပစ်ချကာထွက်သွား၏။ ထိုနောက်အခြား သို့သွားပြီးလျှင်ကြိုးဆွဲချ၍သေလေ၏။ ယဇ်ပုရောဟိတ်ကြီးများသည်ထိုငွေကိုကောက်ယူ ၍ ``ဤငွေကားသွေးဖိုးငွေဖြစ်၏။ သို့ဖြစ်၍ဤငွေ ကိုဘဏ္ဍာတော်တိုက်ထဲသို့မသွင်းအပ်'' ဟုဆိုကြ၏။- သူတို့သည်ဆွေးနွေးတိုင်ပင်ကြပြီးလျှင်ထိုငွေ ဖြင့် အိုးထိန်းသည်၏လယ်မြေကိုလူမျိုးခြားသား သင်္ချိုင်းအဖြစ်အသုံးပြုရန်ဝယ်ယူကြ၏။- သို့ဖြစ်၍ထိုလယ်သည်ယနေ့တိုင်အောင် ``သွေးမြေ'' ဟူ၍ခေါ်တွင်သတည်း။ ပရောဖက်ယေရမိက ``သူတို့သည်ထိုသူ၏ တန်ဖိုးအဖြစ်ဣသရေလအမျိုးသားတို့အကဲ ဖြတ်ပေးသည့်ငွေဒင်္ဂါးသုံးဆယ်ကိုယူပြီးလျှင် ထာဝရဘုရားငါ့အားမှာကြားတော်မူသည့် အတိုင်းအိုးထိန်းသည်၏လယ်မြေကိုဝယ်ယူ ကြ၏'' ဟုဟောကြားခဲ့သည့်စကားသည်ထို အချိန်၌မှန်၍လာတော့၏။ ရောမဘုရင်ခံမင်း၏ရှေ့သို့သခင်ယေရှုရောက်ရှိ သောအခါဘုရင်ခံမင်းက ``သင်သည်ယုဒရှင် ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``သင်ဆို သည်အတိုင်းငါဖြစ်၏'' ဟုမိန့်တော်မူ၏။ သို့ရာတွင်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာ ရေးခေါင်းဆောင်များပြစ်တင်စွပ်စွဲချက်များကို ကိုယ်တော်သည်မည်သို့မျှဖြေကြားတော်မမူ။ ထိုအခါပိလတ်မင်းက ``သင့်အားထိုသူတို့သည် မည်မျှပြစ်တင်စွပ်စွဲလျက်ရှိကြသည်ကိုသင် သည်မကြားပါသလော'' ဟုဆို၏။ သို့ရာတွင်ကိုယ်တော်သည်စကားတစ်ခွန်းကိုမျှ ပြန်လည်မိန့်ကြားတော်မမူ။ သို့ဖြစ်၍ဘုရင်ခံ မင်းသည်လွန်စွာအံ့သြလေ၏။ ရောမဘုရင်ခံမင်းသည်ပသခါပွဲအခါကျ တိုင်း လူပရိသတ်တို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ ရှိ၏။- ထိုအချိန်၌ယေရှုဗာရဗ္ဗဆိုသူနာမည်ဆိုး အကျဉ်းသမားတစ်ယောက်ရှိ၏။- သို့ဖြစ်၍လူတို့စုရုံးလာကြသောအခါပိလတ်မင်း က ``သင်တို့အတွက်မည်သူ့အားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးစေလိုသနည်း။ ယေရှုဗာရဗ္ဗလော။ ခရစ်တော် ဆိုသူယေရှုလော'' ဟုမေး၏။- ထိုသူတို့မနာလို၍ယေရှုအားမိမိလက်သို့ အပ်နှံကြကြောင်းကိုပိလတ်မင်းသိသတည်း။ ပိလတ်မင်းသည်တရားခွင်တွင်ထိုင်လျက်နေစဉ် သူ၏ဇနီးသည်လူတစ်ယောက်ကိုစေလွှတ်၍ ``ထို အပြစ်ကင်းသူနှင့်ပတ်သက်၍မည်သည့်အရာ ကိုမျှမပြုပါနှင့်။ အကျွန်ုပ်သည်ယမန်ညက အိပ်မက်တွင်သူ၏အတွက်စိတ်ဒုက္ခများစွာ ရောက်ရပါ၏'' ဟုပြောစေ၏။ ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည် ``ဗာရဗ္ဗအားလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပါ။ ယေရှုကိုသတ်ပါ'' ဟုပိလတ်မင်း ထံတောင်းဆိုရန်ပရိသတ်တို့အားတိုက်တွန်း ကြ၏။- ဘုရင်ခံမင်းက ``ဤသူနှစ်ယောက်အနက်မည်သူ့ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသနည်း'' ဟု မေး၏။ လူတို့က ``ဗာရဗ္ဗကိုလွှတ်ပေးပါ'' ဟုဆို ကြ၏။ ပိလတ်မင်းက ``သို့ဖြစ်လျှင်ခရစ်တော်ဆိုသူ ကိုငါအဘယ်သို့ပြုရမည်နည်း'' ဟုမေး၏။ ထိုသူအပေါင်းတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုဆိုကြ၏။ ပိလတ်မင်းက ``သူသည်အဘယ်အပြစ်ကို ကူးလွန်သနည်း'' ဟုမေး၏။ သို့ရာတွင်ထိုသူတို့က ``သူ့အားလက်ဝါးကပ် တိုင်တွင်တင်၍သတ်ပါ'' ဟုအသံကုန်ဟစ်အော် ကြ၏။ ပိလတ်မင်းသည်မိမိရှေ့ဆက်လက်ပြောဆိုရန် မဖြစ်၊ ရုန်းရင်းဆန်ခတ်ဖြစ်မည့်အရိပ်အရောင် ကိုသာသိမြင်လာသဖြင့်ရေကိုယူ၍ ``ဤသူ သေရခြင်းမှာငါ၏တာဝန်မဟုတ်၊ သင်တို့၏ တာဝန်သာဖြစ်သည်'' ဟုဆိုကာလူတို့ရှေ့တွင် မိမိ၏လက်ကိုဆေး၏။ လူအပေါင်းတို့က ``ထိုသူသေရခြင်းအတွက် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့၏သားမြေးများ ၏တာဝန်ဖြစ်ပါစေ'' ဟုဆိုကြ၏။ ထိုအခါပိလတ်မင်းသည်ဗာရဗ္ဗကိုလွတ်ငြိမ်းချမ်း သာခွင့်ပေး၍သခင်ယေရှုကိုကြိမ်ဒဏ်ခတ်စေပြီး လျှင် လက်ဝါးကပ်တိုင်တွင်တင်၍သတ်ရန်အပ်လိုက်၏။
ရှင်မဿဲ 27:1-26 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
မိုးလင်းချိန်ရောက်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးအားလုံးတို့သည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။ ထို့နောက် ကိုယ်တော်ကိုချည်နှောင်လျက် ခေါ်ဆောင်သွားကာ ဘုရင်ခံပိလတ်မင်းထံ အပ်နှံကြ၏။ ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက် “အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။ ထိုအခါ သူသည် ထိုငွေကို ဗိမာန်တော်ထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားသို့သွား၍ ကြိုးဆွဲချသေလေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုငွေများကိုယူ၍ “သွေးဖိုးငွေဖြစ်သောကြောင့် ဘဏ္ဍာတိုက်ထဲသို့မသွင်းအပ်”ဟု ဆိုလျက် တိုင်ပင်ဆွေးနွေးကြပြီးမှ သူစိမ်းဧည့်သည်တို့၏သင်္ချိုင်းအတွက် အိုးထိန်းသည်၏မြေယာကို ထိုငွေဖြင့်ဝယ်ယူကြ၏။ ထို့ကြောင့် ထိုမြေယာကို ယနေ့တိုင်အောင် သွေးမြေဟုခေါ်တွင်ကြ၏။ ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။ ယေရှုသည် ဘုရင်ခံရှေ့၌ ရပ်တော်မူရာ ဘုရင်ခံက “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။ ယေရှုကလည်း“သင်ပြောသည့်အတိုင်းပေတည်း”ဟု မိန့်တော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများ၏စွပ်စွဲခြင်းကိုခံရသောအခါ ကိုယ်တော်သည် တစ်စုံတစ်ခုကိုမျှ ပြန်၍ဖြေတော်မမူ။ ထိုအခါ ပိလတ်မင်းသည် ကိုယ်တော်အား “သူတို့သည် သင့်တစ်ဖက်၌ မည်မျှလောက်သက်သေခံကြသည်ကို သင်မကြားသလော”ဟု ဆို၏။ သို့သော် ကိုယ်တော်သည် စကားတစ်ခွန်းကိုမျှ ပြန်၍မိန့်တော်မမူဘဲနေသဖြင့် ဘုရင်ခံသည် အလွန်အံ့ဩလေ၏။ ဘုရင်ခံသည် ထိုပွဲတော်တွင် လူထုအတွက် သူတို့အလိုရှိသည့်အကျဉ်းသားတစ်ဦးကို လွှတ်ပေးလေ့ရှိ၏။ ထိုအချိန်တွင် ဗာရဗ္ဗဟုခေါ်သည့် ထင်ပေါ်ကျော်ကြားသော အကျဉ်းသားတစ်ယောက်ရှိ၏။ သို့ဖြစ်၍ လူတို့စုဝေးကြသောအခါ ပိလတ်မင်းက “သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟုခေါ်သော ယေရှုလော”ဟု သူတို့အားမေးလေ၏။ ထိုသို့မေးခြင်းမှာ သူတို့သည် မလိုမုန်းထားစိတ်ဖြင့် ယေရှုကိုအပ်နှံကြကြောင်း ပိလတ်မင်းသိသောကြောင့်ဖြစ်၏။ ပိလတ်မင်းသည် တရားပလ္လင်ပေါ်၌ ထိုင်နေစဉ် သူ၏ဇနီးသည်သည် သူ့ထံသို့လူလွှတ်၍ “သင်သည် ထိုဖြောင့်မတ်သောသူနှင့် မည်သို့မျှ မပတ်သက်စေပါနှင့်။ အကြောင်းမူကား ထိုသူကြောင့် ယနေ့ ကျွန်မသည် အိပ်မက်ထဲ၌ စိတ်ဒုက္ခများစွာရောက်ရပါ၏”ဟု မှာလိုက်လေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများသည် လူထုပရိသတ်အား ဗာရဗ္ဗကိုတောင်း၍ ယေရှုကိုမူကား အဆုံးစီရင်စေရန် စည်းရုံးကြ၏။ တစ်ဖန် ဘုရင်ခံက “ဤသူနှစ်ယောက်တို့တွင် သင်တို့အတွက် မည်သူ့ကိုလွှတ်ပေးစေလိုသနည်း”ဟု မေးသောအခါ သူတို့က “ဗာရဗ္ဗ”ဟု ဆိုကြ၏။ ပိလတ်မင်းက “သို့ဖြစ်လျှင် ခရစ်တော်ဟုခေါ်သောယေရှုကို မည်သို့ပြုရမည်နည်း”ဟု မေးပြန်သော် သူတို့အားလုံးက “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ဆိုကြ၏။ ပိလတ်မင်းကလည်း “အဘယ်ကြောင့်နည်း။ သူသည် မည်သည့်မကောင်းမှုကိုပြုခဲ့သနည်း”ဟု ပြန်မေးသော်လည်း သူတို့က “သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ပို၍အော်ဟစ်ကြ၏။ ထိုအခါ ပိလတ်မင်းသည် မည်သည့်အကျိုးမျှမရှိဘဲ ရုန်းရင်းဆန်ခတ်သာဖြစ်လာသည်ကိုမြင်၍ လူထုပရိသတ်ရှေ့တွင် ရေကိုယူပြီး လက်ကိုဆေးကာ “ဤသူ၏သွေးနှင့် ငါကင်းရှင်း၏။ သင်တို့အမှုကို သင်တို့ဖြေရှင်းရမည်”ဟု ဆို၏။ လူအပေါင်းတို့ကလည်း “သူ၏သွေးသည် ငါတို့နှင့်ငါတို့၏သားသမီးများအပေါ် ကျရောက်ပါစေ”ဟု ပြန်ပြောကြ၏။ ထိုအခါ ပိလတ်မင်းသည် သူတို့အတွက် ဗာရဗ္ဗကိုလွှတ်ပေးလေ၏။ ယေရှုကိုမူကား ကျာပွတ်ဖြင့်ရိုက်နှက်စေပြီးနောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် အပ်နှံလိုက်လေ၏။