ရှင်မဿဲ 26:57-67
ရှင်မဿဲ 26:57-67 Judson Bible (JBMLE)
ကိုယ်တော်ကို ဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။- ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကို မတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက်သေခံနှစ်ယောက်တို့သည် လာ၍၊- ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။- ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ဆိုလျှင်၊- ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊- ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။- အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။
ရှင်မဿဲ 26:57-67 Common Language Bible (BCL)
သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။- ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။- ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။- သို့ရာတွင်မတွေ့ကြ။ မုသားသက်သေကားအများ ပင်ရှိ၏။ နောက်ဆုံး၌လူနှစ်ယောက်သည်ရှေ့သို့ထွက် လာပြီးလျှင်၊- ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။ ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။- သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။ သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။ ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။- အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။ ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊
ရှင်မဿဲ 26:57-67 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများစုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။ မမှန်သောသက်သေထွက်ဆိုသောသူ များစွာလာကြသော်လည်း မည်သည့်အထောက်အထားမျှမတွေ့ရကြ။ နောက်ဆုံးတွင် လူနှစ်ဦးသည် လာ၍ “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည်ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ကိုယ်တော်အားမေးလေ၏။ သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။ ယေရှုက“သင်ပြောသည့်အတိုင်းပေတည်း။ ထို့ပြင် သင်တို့အား ငါဆိုမည်။ နောင်တွင် လူ့သားသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၏လက်ယာဘက်၌ထိုင်၍ ကောင်းကင်မိုးတိမ်များစီးလျက်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်