ရှင်မဿဲ 26:36-75
ရှင်မဿဲ 26:36-75 Judson Bible (JBMLE)
ထိုအခါ ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်အရပ်သို့ ရောက်တော်မူလျှင်၊ ငါသည် ဟိုအရပ်သို့ သွား၍ ဆုတောင်းစဉ်တွင် ဤအရပ်၌ ထိုင်နေကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊- ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွား၍၊ နှလုံးမသာ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။- ထိုအခါ ယေရှုက၊ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ ငါနှင့်အတူစောင့်၍ နေကြလော့ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊- ထိုမှ အနည်းငယ်လွန်ပြန်လျှင် ပျပ်ဝပ်၍အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းတော်မူ၏။- တပည့်တော်တို့ရှိရာသို့ ပြန်၍ သူတို့သည် အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ သင်တို့သည် တစ်နာရီခန့်မျှ ငါနှင့်အတူစောင့်၍နေခြင်းငှာ ဤသို့မစွမ်းနိုင်သလော။- စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိငြားသော်လည်း၊ ကိုယ်မူကားအားနည်းသည်ဟု ပေတရုအား မိန့်တော်မူပြီးမှ၊- တစ်ဖန်သွား၍ အကျွန်ုပ်အဘ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်၍မသွားရလျှင် ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသောဟု ဆုတောင်းပြန်၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- သူတို့ကိုထားခဲ့၍ တစ်ဖန်သွားပြီးလျှင် ရှေ့မြွက်ဆိုသည်နည်းတူ သုံးကြိမ်မြောက်အောင် ဆုတောင်းတော်မူ၏။- ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်လာလျှင် ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။- ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကို အပ်နှံသောသူသည် ရောက်လာပြီဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်လာ၏။ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကို ကိုင်လျက်ပါကြ၏။- ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။- ယေရှုကလည်း၊ အဆွေ၊ အဘယ်အခင်းရှိ၍ လာသနည်းဟု မေးတော်မူပြီးမှ၊ ထိုသူများတို့သည် လာ၍ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။- ထိုအခါ ယေရှုနှင့် ပါသောသူတစ်ယောက်သည် လက်ကိုဆန့်၍ ဓားကိုဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တစ်ယောက်ကို ခုတ်သဖြင့် နားရွက်ပြတ်လေ၏။- ယေရှုကလည်း သင့်ဓားကို သူ့နေရာ၌ပြန်ထားလော့။ ဓားကိုကိုင်သောသူ ရှိသမျှတို့သည် ဓားဖြင့်ဆုံးခြင်းသို့ ရောက်ကြလိမ့်မည်။- ယခုပင် ငါ့အဘကို ငါတောင်းနိုင်သည်ကိုလည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်တစ်ဆယ်နှစ်တပ်မက ငါ့ထံသို့ စေလွှတ်တော်မူမည်ကိုလည်းကောင်း၊ သင်သည်မထင်သလော။- သို့ဖြစ်လျှင် ဤသို့သော အမှုအရာတို့သည် ဖြစ်ရမည်ဟူသော ကျမ်းစာချက်သည် အဘယ်သို့ ပြည့်စုံအံ့နည်းဟု မိန့်တော်မူ၏။- ထိုအခါ ယေရှုက၊ သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား။ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက် သင်တို့အလယ်၌ ထိုင်နေစဉ်အခါ၊ သင်တို့သည် ငါ့ကို မဖမ်းဆီးကြ။- ထိုအကြောင်းအရာမူကား၊ အနာဂတ္တိကျမ်းစာ ပြည့်စုံမည်အကြောင်းတည်းဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အပေါင်းတို့သည် ကိုယ်တော်ကို စွန့်ပစ်၍ပြေးကြ၏။ ကိုယ်တော်ကို ဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာ၊ လူအကြီးအကဲများစည်းဝေးရာ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ဆောင်သွားကြ၏။- ပေတရုသည်လည်း၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးတိုင်အောင် ကိုယ်တော်နှင့် ဝေးစွာလိုက်၍ အတွင်းသို့ ဝင်ပြီးလျှင်၊ ထိုအမှု၏ အဆုံးကိုသိမြင်ခြင်းငှာ မင်းလုလင်တို့နှင့်အတူ ထိုင်နေ၏။- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲ၊ လွှတ်အရာရှိအပေါင်းတို့သည် ယေရှုကိုသတ်ရမည်အကြောင်း မမှန်သောသက်သေကို ရှာသော်လည်း မတွေ့ကြ။- မမှန်သောသက်သေခံအများ လာသော်လည်း သက်သေကို မတွေ့ကြ။ နောက်ဆုံး၌ မမှန်သော သက်သေခံနှစ်ယောက်တို့သည် လာ၍၊- ဤသူက ငါသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်နိုင်သည်ဟု ပြောပါသည်ဟု သက်သေခံကြ၏။- ယဇ်ပုရောဟိတ်မင်းသည် ထ၍၊ သင်သည် တစ်ခွန်းမျှ ပြန်၍မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်းဟု ဆိုလျှင်၊- ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း သင်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် မှန်သည် မမှန်သည်ကို ငါတို့အား ပြောစေခြင်းငှာ၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ငါတိုင်တည်၍ သင့်ကို ကျိန်ဆိုစေ၏ဟု ဆိုလျှင်၊- ယေရှုက၊ သင်ဆိုသည်အတိုင်း မှန်၏။ ထိုမျှမက ငါဆိုသည်ကား၊ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏ လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့ မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောပြီ။ အဘယ်သက်သေကိုလိုသေး သနည်း။ ဘုရားကိုလွန်ကျူး၍ပြောသောစကားကို ယခုပင် သင်တို့ ကြားရပြီ။- အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။- အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်၍၊ အချင်းခရစ်တော်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါဟု ဆိုကြ၏။ ပေတရုသည် ပြင်မှာ အိမ်ဦး၌ထိုင်နေစဉ်၊ အစေအပါ မိန်းမတစ်ယောက်သည် သူရှိရာသို့လာ၍ သင်သည်လည်း ဂါလိလဲလူ ယေရှုနှင့် ပေါင်းဖော်သောသူဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက သင်ပြောသောအရာကို ငါမသိဟု လူအပေါင်းတို့ရှေ့၌ ငြင်းခုံလေ၏။- ထိုနောက် ပေတရုသည် အိမ်ဦးရှေ့သို့ ထွက်ပြီးမှ အခြားသောမိန်းမသည် သူ့ကိုမြင်၍ ထိုအရပ်၌ရှိသော သူတို့အား၊ ဤသူလည်း နာဇရက်မြို့သားယေရှုနှင့် ပေါင်းဖော်သောသူ ဖြစ်သည်ဟု ဆိုလျှင်၊- ပေတရုက၊ ထိုသူကို ငါမသိဟု ကျိန်ဆိုလျက် တစ်ဖန် ငြင်းခုံပြန်၏။- ထိုနောက် များမကြာ ထိုအရပ်၌ရပ်နေသော သူတို့သည် ပေတရုအနီးသို့ လာ၍၊ အကယ်စင်စစ် သင်သည်လည်း ထိုသူတို့အဝင် ဖြစ်၏။ သင့်စကားသည် သင့်အကြောင်းကို ထင်ရှားစေ၏ဟု ဆိုကြလျှင်၊- ပေတရုက၊ ထိုသူကို ငါမသိဟု ဓိဋ္ဌာန်ပြု၍ ကျိန်ဆို၏။ ထိုခဏချင်းတွင် ကြက်တွန်လေ၏။- ယေရှုက၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူသောစကားကို ပေတရုသည် သတိရသဖြင့် ပြင်သို့ထွက်၍ ပြင်းစွာ ငိုကြွေးလေ၏။
ရှင်မဿဲ 26:36-75 Common Language Bible (BCL)
ထိုနောက်သခင်ယေရှုသည်တပည့်တော်တို့နှင့် အတူဂေသရှေမန်နာမည်ရှိသောအရပ်သို့ ရောက်ရှိတော်မူ၏။ ကိုယ်တော်က ``ငါသည်ထို နေရာသို့သွား၍ဆုတောင်းနေစဉ်သင်တို့ ဤနေရာတွင်စောင့်နေကြလော့'' ဟုတပည့် တော်တို့အားမှာကြားတော်မူပြီးလျှင်၊- ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊- ``ငါသည်သေလုအောင်စိတ်ဒုက္ခရောက်လှ၏။ သင်တို့သည်ဤနေရာတွင်ငါနှင့်အတူစောင့် နေကြလော့'' ဟုတပည့်တော်သုံးဦးအား မိန့်တော်မူ၏။- ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။ ထိုနောက်ကိုယ်တော်သည်တပည့်တော်သုံးဦးတို့ ထံသို့ပြန်လာတော်မူရာ၊ အိပ်ပျော်လျက်နေ ကြသည်ကိုတွေ့တော်မူသဖြင့် ``သင်တို့သုံး ယောက်သည်တစ်နာရီမျှပင်စောင့်၍မနေ နိုင်ကြသလော။- စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည့်အကြောင်း ဆုတောင်း၍စောင့်နေကြလော့။ စိတ်ဆန္ဒရှိသော်လည်း ကိုယ်ခန္ဓာကားအားနည်း၏'' ဟုပေတရုအား မိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်သည်ဒုတိယအကြိမ်ကြွ သွားတော်မူပြန်၍ ``အကျွန်ုပ်၏အဖ၊ ဤဒုက္ခ ဝေဒနာခွက်ကိုအကျွန်ုပ်ထံမှလွှဲဖယ်၍ မဖြစ်ပါကကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။- ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။ ကိုယ်တော်သည်သူတို့ထံမှတစ်ဖန်ကြွသွား တော်မူပြီးလျှင်ယခင်ကမြွက်ဆိုသည် အတိုင်းတတိယအကြိမ်ဆုတောင်းတော်မူ၏။- ထိုနောက်တပည့်တော်တို့ထံသို့ပြန်လာ၍ ``သင် တို့သည်အိပ်လျက်နားလျက်ပင်ရှိနေကြသေး သလော။ လူသားကိုဆိုးယုတ်သူများလက်သို့ အပ်နှံသည့်အချိန်ရောက်လာပြီ။- ထကြ။ ငါတို့သွားကြကုန်အံ့။ ငါ့ကိုရန်သူ့လက် သို့အပ်မည့်သူရောက်လာပြီ'' ဟုမိန့်တော်မူ၏။ ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်၌ပင်လျှင် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သူယုဒသည်တုတ်၊ ဋ္ဌားကိုင်ဆောင်သူလူအမြောက်အမြားနှင့်အတူ ရောက်ရှိလာလေသည်။ ထိုသူတို့သည်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များ ကစေလွှတ်လိုက်သူများဖြစ်၏။- ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။ ယုဒသည်ချက်ချင်းပင်ကိုယ်တော်၏ထံသို့ချဉ်းကပ် ကာ ``အရှင်ဘုရား၊ မင်္ဂလာရှိပါစေသော'' ဟုဆို ၍ကိုယ်တော်ကိုနမ်းလေ၏။ သခင်ယေရှုက ``အဆွေ၊ သင်ဆောင်ရွက်ရန်လာ သည့်ကိစ္စကိုအမြန်ဆောင်ရွက်လော့'' ဟုမိန့်တော် မူ၏။ လူတို့သည်လာ၍ကိုယ်တော်ကိုဖမ်းဆီးချုပ်ကိုင် ထားကြ၏။- ထိုအခါသခင်ယေရှုနှင့်လိုက်ပါသောလူ တစ်ယောက်သည်ဋ္ဌားကိုဆွဲထုတ်ပြီးလျှင် ယဇ် ပုရောဟိတ်မင်း၏ကျွန်တစ်ယောက်ကိုခုတ်လိုက် ရာထိုသူနားရွက်ပြတ်လေ၏။- သခင်ယေရှုက ``သင်၏ဋ္ဌားကိုဋ္ဌားအိမ်သို့ပြန်သွင်း လော့။ ဋ္ဌားကိုစွဲကိုင်သူသည်ဋ္ဌားအားဖြင့်သေကြေ ပျက်စီးရလိမ့်မည်။- ငါသည်ခမည်းတော်ထံမှအကူအညီတောင်းခံ လျှင်ခမည်းတော်သည်တပ်ကြီးတစ်ဆယ့်နှစ်တပ် ထက်များပြားလှသောကောင်းကင်တမန်တို့ကို ငါ့ထံသို့စေလွှတ်တော်မူမည်ကိုသင်တို့မသိ ကြသလော။- သို့ရာတွင်ငါဤသို့ပြုပါမူကျမ်းစာလာသည် အတိုင်းအဘယ်သို့လျှင်ဖြစ်ပျက်တော့မည်နည်း'' ဟုမိန့်တော်မူ၏။ ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။- သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။ သခင်ယေရှုကိုဖမ်းဆီးကြသောသူတို့သည် ကိုယ်တော်အားယဇ်ပုရောဟိတ်မင်းကယာဖ၏ ကျောင်းတော်သို့ခေါ်ဆောင်သွားကြ၏။ ကျမ်းတတ် ဆရာများနှင့်ဘာသာရေးခေါင်းဆောင်များသည် ထိုအရပ်တွင်စုရုံးလျက်နေကြ၏။- ပေတရုသည်ခပ်လှမ်းလှမ်းကနေ၍ယဇ်ပုရော ဟိတ်မင်း၏ကျောင်းတော်ဝင်းတိုင်အောင်ကိုယ်တော် ၏နောက်ကလိုက်လာခဲ့၏။ ထိုနောက်ဝင်းထဲသို့ ဝင်၍ကိုယ်တော်၏အမှုမည်သို့အဆုံးသတ်မည် ကိုသိရှိနိုင်ရန် ယဇ်ပုရောဟိတ်မင်း၏ကိုယ်ရံတော် တပ်သားများနှင့်အတူထိုင်လျက်နေ၏။- ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။- သို့ရာတွင်မတွေ့ကြ။ မုသားသက်သေကားအများ ပင်ရှိ၏။ နောက်ဆုံး၌လူနှစ်ယောက်သည်ရှေ့သို့ထွက် လာပြီးလျှင်၊- ``ဤသူက `ငါသည်ဘုရားသခင်၏ဗိမာန်တော်ကို ဖြိုဖျက်၍သုံးရက်အတွင်းပြန်လည်ဆောက်နိုင်သည်' ဟုပြောဆိုပါသည်'' ဟူ၍သက်သေခံကြ၏။ ယဇ်ပုရောဟိတ်မင်းသည်နေရာမှထ၍ ``သင့်အား ထိုသူတို့မည်သို့စွပ်စွဲထွက်ဆိုကြပါသနည်း။ သင့်မှာမည်သို့မျှဖြေကြားစရာမရှိပါသလော'' ဟုကိုယ်တော်အားမေး၏။- သို့ရာတွင်သခင်ယေရှုသည်ဆိတ်ဆိတ်နေတော် မူ၏။ ယဇ်ပုရောဟိတ်မင်းက ``သင်သည်ဘုရား သခင်၏သားတော်မေရှိယလော။ ငါ့အားဖြေ ကြားလော့။ အသက်ရှင်တော်မူသောဘုရား သခင်ကိုတိုင်တည်၍သင့်အားငါမေး၏'' ဟု ဆို၏။ သခင်ယေရှုက ``သင်ဆိုသည်အတိုင်းမှန်၏။ သို့ ရာတွင်သင်တို့အားငါဆိုသည်ကားနောင်အခါ တွင်လူသားသည်အနန္တတန်ခိုးရှင်၏လက်ယာ ဘက်တွင်ထိုင်လျက်နေသည်ကိုလည်းကောင်း၊ မိုး တိမ်ကိုစီး၍ကြွလာတော်မူသည်ကိုလည်းကောင်း သင်တို့မြင်ရကြလတ္တံ့'' ဟုမိန့်တော်မူ၏။ ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိ၏အဝတ် ကိုဆွဲဆုတ်ပြီးလျှင် ``ထိုသူသည်ဘုရားသခင်ကို ပြစ်မှားပြောဆိုချေပြီ။ ငါတို့သက်သေများထပ်၍ မလိုတော့ပြီ။ ဘုရားသခင်အားသူပြစ်မှားပြော ဆိုသည်ကိုသင်တို့ယခုကြားရကြပြီ။- အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။ ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊- ``အရှင်မေရှိယ၊ အရှင့်အားမည်သူရိုက်သည်ကို ဟောတော်မူပါ'' ဟုဆိုကြ၏။ ပေတရုသည်အပြင်ဖက်ကျောင်းတော်ဝင်းအတွင်း ၌ထိုင်လျက်နေစဉ်အစေခံမကလေးတစ်ယောက် သည်ရောက်လာ၍ `သင်သည်လည်းဂါလိလဲပြည်သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်'' ဟုဆို၏။ သို့သော်ပေတရုက ``သင်ပြောသည့်အရာကိုငါ မသိ'' ဟုလူအပေါင်းတို့ရှေ့တွင်ငြင်းဆိုပြီး လျှင်အိမ်တော်ဝင်းတံခါးဝသို့ထသွားလေ၏။- အခြားအစေခံမကလေးတစ်ယောက်သည်သူ့ ကိုမြင်လျှင်ထိုနေရာတွင်ရှိသောသူတို့အား ``ဤ သူသည်နာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော် သူဖြစ်၏'' ဟုဆို၏။ ပေတရုက ``ထိုသူကိုငါမသိ'' ဟုကျိန်ဆိုပြန်၏။ ထိုနောက်အချိန်အနည်းငယ်ကြာသောအခါအနီး တွင်ရပ်နေသောသူများသည်ပေတရုထံလာ၍ ``သင် သည်အမှန်ပင်ထိုသူနှင့်အပေါင်းပါဖြစ်ကြောင်းသင် ပြောပုံဆိုပုံအားဖြင့်သိသာ၏'' ဟုဆိုကြ၏။ ပေတရုက ``ထိုသူကိုငါမသိ'' ဟုဘုရားသခင် ကိုတိုင်တည်၍ကျိန်ဆိုလေ၏။ ထိုခဏ၌ကြက်တွန်လေ၏။- ထိုအခါ ``ကြက်မတွန်မီသင်သည်ငါ့ကိုမသိ ဟုသုံးကြိမ်မြောက်အောင်ငြင်းဆိုလိမ့်မည်'' ဟု သခင်ယေရှုမိန့်တော်မူခဲ့သည့်စကားကို ပေတရုသည်ပြန်လည်သတိရသဖြင့်အပြင် သို့ထွက်၍ဝမ်းနည်းပက်လက်ငိုကြွေးလေ၏။
ရှင်မဿဲ 26:36-75 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ယေရှုသည် သူတို့နှင့်အတူ ဂေသရှေမန်ဟုခေါ်သောအရပ်သို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား“ငါသည် ထိုနေရာသို့သွား၍ ဆုတောင်းစဉ်တွင် ဤနေရာ၌ ထိုင်နေကြလော့”ဟု မိန့်တော်မူပြီးလျှင် ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့်စိတ်ပူပန်ခြင်းရှိသဖြင့် “ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။ ထို့နောက် ရှေ့သို့အနည်းငယ်ကြွတော်မူပြီး ပျပ်ဝပ်လျက်“အကျွန်ုပ်၏အဖ၊ ဖြစ်နိုင်လျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွန်သွားစေတော်မူပါ။ သို့သော် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထို့နောက် တပည့်တော်တို့ထံသို့ ပြန်လာ၍ သူတို့အိပ်ပျော်နေကြသည်ကိုတွေ့တော်မူလျှင် ပေတရုအား“သင်တို့သည် တစ်နာရီမျှ ငါနှင့်အတူ သတိနှင့်မစောင့်နိုင်ကြသလော။ ဖြားယောင်းသွေးဆောင်ရာထဲသို့ မကျရောက်စေရန် သတိနှင့်စောင့်နေလျက် ဆုတောင်းကြလော့။ စိတ်ဝိညာဉ်သည် ထက်သန်သော်လည်း ကိုယ်ကာယမူကား အားနည်း၏”ဟု မိန့်တော်မူ၏။ တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။ ထို့နောက် တစ်ဖန်ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် သူတို့ကိုထားခဲ့၍ တစ်ဖန်ကြွသွားလျက် အထက်က တောင်းလျှောက်ခဲ့သည့်အတိုင်း တတိယအကြိမ် ထပ်၍ဆုတောင်းတော်မူ၏။ ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ထံသို့ ပြန်လာ၍“ယခုတိုင်အောင်အိပ်ပျော်လျက် အနားယူနေကြသလော။ ကြည့်ရှုလော့။ အချိန်ရောက်လာပြီ။ လူ့သားသည် အပြစ်သားတို့၏လက်သို့ အပ်နှံခြင်းခံရတော့မည်။ ထကြ။ သွားကြစို့။ ငါ့ကိုအပ်နှံမည့်သူရောက်လာပြီ”ဟု မိန့်တော်မူ၏။ ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးများက စေလွှတ်လိုက်သည့် များစွာသောလူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။ ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ထိုသူပင်ဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။ ထို့ကြောင့် သူသည် ယေရှုထံသို့ ချက်ချင်းချဉ်းကပ်၍ “မင်္ဂလာပါ၊ ရဗ္ဗိ”ဟု ဆိုလျက် ကိုယ်တော်ကိုနမ်းလေ၏။ ယေရှုကလည်း“အဆွေ၊ သင်လာသည့်အကြောင်းကိစ္စကိုဆောင်ရွက်လော့”ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့သည် ချဉ်းကပ်၍ ယေရှုကိုဖမ်းဆီးချုပ်ကိုင်ထားကြ၏။ ထိုစဉ် ယေရှုနှင့်အတူရှိသောသူတို့ထဲမှ တစ်ဦးသည် လက်ကိုဆန့်၍ မိမိ၏ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ထိုသူ၏နားရွက်ပြတ်သွားလေ၏။ ယေရှုကလည်း ထိုသူအား“သင်၏ဓားကို သူ့နေရာ၌ပြန်ထားလော့။ အကြောင်းမူကား ဓားကိုင်သောသူအားလုံးတို့သည် ဓားဖြင့်ပျက်စီးရလိမ့်မည်။ ယခုပင် တစ်ဆယ့်နှစ်တပ်ထက်များပြားသော ကောင်းကင်တမန်ကို ငါ့ထံသို့စေလွှတ်တော်မူမည့်အကြောင်း ခမည်းတော်ထံသို့ ငါမတောင်းနိုင်ဟု သင်ထင်သလော။ သို့ဖြစ်လျှင် ဤသို့ဖြစ်ရမည်ဟုဆိုထားသော ကျမ်းချက်များသည် မည်သို့ပြည့်စုံခြင်းသို့ရောက်နိုင်မည်နည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ယေရှုသည် လူအစုအဝေးတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ ငါသည် နေ့တိုင်း ဗိမာန်တော်၌ထိုင်လျက် သွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကိုမဖမ်းဆီးကြ။ သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။ ယေရှုကိုဖမ်းဆီးသောသူတို့သည် ကျမ်းပြုဆရာများနှင့်သက်ကြီးဝါကြီးများစုဝေးရာ ယဇ်ပုရောဟိတ်မင်းကယာဖထံသို့ ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းအထိ ကိုယ်တော်၏နောက်သို့ မလှမ်းမကမ်းမှလိုက်သွားကာ နောက်ဆုံးမည်သို့ဖြစ်မည်ကိုသိမြင်ရန် အထဲသို့ဝင်၍ အစောင့်တပ်သားများနှင့်အတူထိုင်နေ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် တရားလွှတ်တော်အဖွဲ့ဝင်အားလုံးသည် ယေရှုကို သေဒဏ်ချမှတ်နိုင်ရန် ကိုယ်တော်ကိုဆန့်ကျင်ထွက်ဆိုမည့် မမှန်သောသက်သေကို ရှာကြ၏။ မမှန်သောသက်သေထွက်ဆိုသောသူ များစွာလာကြသော်လည်း မည်သည့်အထောက်အထားမျှမတွေ့ရကြ။ နောက်ဆုံးတွင် လူနှစ်ဦးသည် လာ၍ “ဤသူက ‘ငါသည် ဘုရားသခင်၏ဗိမာန်တော်ကိုဖြိုဖျက်၍ သုံးရက်အတွင်း ပြန်လည်တည်ဆောက်နိုင်သည်’ဟု ပြောပါသည်”ဟူ၍ ထွက်ဆိုကြ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည်ထ၍ “သင်သည် တစ်ခွန်းမျှမဖြေဘဲနေသလော။ ဤသူတို့သည် သင့်တစ်ဖက်၌ သက်သေခံကြသည်မှာ မည်သို့နည်း”ဟု ကိုယ်တော်အားမေးလေ၏။ သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။ ယေရှုက“သင်ပြောသည့်အတိုင်းပေတည်း။ ထို့ပြင် သင်တို့အား ငါဆိုမည်။ နောင်တွင် လူ့သားသည် တန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၏လက်ယာဘက်၌ထိုင်၍ ကောင်းကင်မိုးတိမ်များစီးလျက်ကြွလာသည်ကို သင်တို့မြင်ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။ သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။ ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက် “အချင်းခရစ်တော်၊ သင့်ကိုရိုက်သောသူသည် မည်သူဖြစ်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။ ပေတရုမူကား အိမ်အပြင် ခြံဝင်းအတွင်း၌ ထိုင်နေ၏။ ထိုအခါ အစေခံမိန်းမတစ်ယောက်သည် သူ့ထံသို့ချဉ်းကပ်လာ၍ “သင်သည်လည်း ဂါလိလဲနယ်သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။ သို့သော် ပေတရုက “သင်ပြောနေသည့်အရာကို ငါမသိ”ဟု အားလုံးရှေ့တွင် ငြင်းဆိုလေ၏။ ထို့နောက် ဝင်းတံခါးဘက်သို့ထွက်သွားရာ အခြားအစေခံမိန်းမတစ်ယောက်သည် သူ့ကိုတွေ့သဖြင့် ထိုနေရာ၌ရှိသောသူတို့အား “ဤသူသည် နာဇရက်မြို့သားယေရှုနှင့်အတူရှိခဲ့သည်”ဟု ဆို၏။ ပေတရုကလည်း “ထိုလူကိုငါမသိ”ဟု တစ်ဖန်ကျိန်တွယ်လျက် ငြင်းဆိုလေ၏။ ထို့နောက် ခဏကြာလျှင် အနီးတွင်ရပ်နေသောသူတို့သည် ပေတရုထံသို့ ချဉ်းကပ်လာ၍ “အမှန်စင်စစ် သင်သည်လည်း ထိုသူတို့အထဲမှတစ်ယောက်ဖြစ်သည်။ အကြောင်းမူကား သင်၏ပြောဆိုပုံသည် သင့်ကို သိသာထင်ရှားစေသည်”ဟု ဆိုကြ၏။ ပေတရုကလည်း “ထိုသူကိုငါမသိ”ဟု တိုင်တည်၍ ကျိန်ဆိုသည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။ ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။