YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 26:1-75

ရှင်မဿဲ 26:1-75 Judson Bible (JBMLE)

ထို​ဒေ​သ​နာ​တော်​ရှိ​သ​မျှ​တို့​ကို ယေ​ရှု​သည် အ​ကုန်​အ​စင် ဟော​တော်​မူ​ပြီး​လျှင်၊ တ​ပည့်​တော်​တို့​အား၊- နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး ကျမ်း​ပြု​ဆ​ရာ​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​တို့​သည်၊ က​ယာ​ဖ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး၌ စည်း​ဝေး​ကြ​ပြီး​လျှင်၊- ယေ​ရှု​ကို ပ​ရိ​ယာယ်​အား​ဖြင့် ဖမ်း​ဆီး၍ သတ်​အံ့​သော​ငှာ တိုင်​ပင်​ကြ၏။- သို့​သော်​လည်း လူ​များ​တို့​သည် ရုန်း​ရင်း​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်၍ ပွဲ​နေ့​တွင်​မ​ပြု​နှင့်​ဦး​ဟု ပြော​ဆို​ကြ၏။ ဗေ​သ​နိ​ရွာ​တွင် ရှိ​မုန်​အ​မည်​ရှိ​သော လူ​နူ၏​အိမ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ဖြစ်၍၊- မိန်း​မ​တစ်​ယောက်​သည် အ​ဖိုး​များ​စွာ​ထိုက်​သော ဆီ​မွှေး​ကျောက်​ဖြူ​ခွက် တစ်​လုံး​ကို အ​ထံ​တော်​သို့ ယူ​ခဲ့၍၊ စား​ပွဲ​နား​မှာ လျောင်း​တော်​မူ​သော ကိုယ်​တော်၏​ခေါင်း​ပေါ်၌ သွန်း​လောင်း​လေ၏။- တ​ပည့်​တော်​တို့​သည် မြင်​လျှင် ဒေါ​သ​စိတ်​ရှိ​သည်​ဖြစ်၍ အ​ဘယ်​ကြောင့် အ​ကျိုး​မဲ့​ဆုံး​စေ​သ​နည်း။- ထို​ဆီ​မွှေး​ကို အ​ဖိုး​များ​စွာ​နှင့်​ရောင်း၍ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​စ​ရာ​ကောင်း​သည်​ဟု ဆို​ကြ၏။- ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ ထို​မိန်း​မ​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​ကြ​သ​နည်း။ သူ​သည် ငါ၌ ကောင်း​သော​အ​မှု​ကို​ပြု​ပြီ။- ဆင်း​ရဲ​သော​သူ​တို့​သည် သင်​တို့၌ အ​စဉ်​ရှိ​ကြ၏။ ငါ​မူ​ကား သင်​တို့၌​အ​စဉ် ရှိ​သည်​မ​ဟုတ်။- ဤ​ဆီ​မွှေး​ကို ငါ့​ကိုယ်​အ​ပေါ်၌ သွန်း​လောင်း​သည်​မှာ ငါ့​အ​လောင်း​ကို သင်္ဂြိုဟ်​မည်​ဟု ပြင်​ဆင်​ခြင်း​ငှာ ပြု​သ​တည်း။- ငါ​အ​မှန်​ဆို​သည်​ကား၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မြေ​တစ်​ပြင်​လုံး​တွင် ဟော​သော​အ​ရပ်​ရပ်​တို့၌ ဤ​မိန်း​မ​ကို အောက်​မေ့​စ​ရာ​ဖို့ သူ​ပြု​သော​ဤ​အ​မှု​ကို ကြား​ပြော​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ သွား၍၊- အ​ကျွန်ုပ်​သည် ယေ​ရှု​ကို ကိုယ်​တော်​တို့​လက်​သို့​အပ်​လျှင် အ​ဘယ်​မျှ​လောက် ပေး​ပါ​မည်​နည်း​ဟု လျှောက်​သော်၊ ထို​သူ​တို့​က ငွေ​အ​ကျပ်​သုံး​ဆယ် ပေး​မည်​ဟု ဝန်​ခံ​ကြ၏။- ထို​အ​ခါ​မှ​စ၍ ကိုယ်​တော်​ကို​အပ်​ခြင်း​ငှာ အ​ဆင်​သင့်​သော အ​ချိန်​ကာ​လ​ကို ရှာ​ကြံ​လျက်​နေ၏။ အ​ဇု​မ​ပွဲ​ပ​ထ​မ​နေ့၌ တ​ပည့်​တော်​တို့​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်၍၊ ကိုယ်​တော်​သည် ပ​သ​ခါ​ပွဲ​ကို စား​တော်​မူ​ဖို့​ရာ အ​ဘယ်​အ​ရပ်၌ အ​ကျွန်ုပ်​တို့​သည် ပြင်​ဆင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​နည်း​ဟု မေး​လျှောက်​ကြ​သော်၊- ကိုယ်​တော်​က၊ မြို့​တွင် ဤ​မည်​သော​သူ၏​အိမ်​သို့ သွား​ကြ၊ ဆ​ရာ​မှာ​လိုက်​သည်​ကား၊ ငါ့​အ​ချိန်​နီး​ပြီ။ သင့်​အိမ်၌ ငါ့​တ​ပည့်​တို့​နှင့်​တ​ကွ ပ​သ​ခါ​ပွဲ​ကို ငါ​ခံ​မည်​ဟု ထို​သူ​ကို ပြော​ကြ​လော့​ဟု မိန့်​တော်​မူ၏။- တ​ပည့်​တော်​တို့​သည် စီ​ရင်​တော်​မူ​သည်​အ​တိုင်း​ပြု၍ ပ​သ​ခါ​ပွဲ​ကို ပြင်​ဆင်​ကြ၏။ ညဉ့်​ဦး​ယံ​အ​ချိန်​ရောက်​မှ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​တို့​နှင့် အ​တူ စား​ပွဲ၌​လျောင်း​တော်​မူ၏။- စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း၍ သ​ခင်၊ အ​ကျွန်ုပ်​လော​ဟု အ​သီး​အ​သီး​မေး​လျှောက်​ကြ၏။- ကိုယ်​တော်​က​လည်း ငါ​နှင့်​အ​တူ ပန်း​ကန်​တွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်။- ကျမ်း​စာ​လာ​သည်​အ​တိုင်း လူ​သား​သည် သွား​ရ​မည်။ သို့​သော်​လည်း လူ​သား​ကို​အပ်​နှံ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။ ထို​သူ​သည် ဖွား​မြင်​ခြင်း​ကို​မ​ခံ​ရ​လျှင် အ​နေ​သာ၍​ကောင်း​သည်​ဟု မိန့်​တော်​မူ၏။- ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ ယု​ဒ​ရှ​ကာ​ရုတ်​က​လည်း၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​လော​ဟု မေး​လျှောက်​လျှင်၊ သင်​ဆို​သည်​အ​တိုင်း မှန်​သည်​ဟု ပြန်​ပြော​တော်​မူ၏။ ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။- ခွက်​ကို​လည်း​ယူ၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ သူ​တို့​အား​ပေး​တော်​မူ၍ သင်​တို့​ရှိ​သ​မျှ​သည် သောက်​ကြ​လော့။- ဤ​ခွက်​ကား ပ​ဋိ​ညာဉ်​တ​ရား​သစ်​နှင့်​ဆိုင်၍ လူ​များ​တို့၏​အ​ပြစ်​ကို လွတ်​စေ​ခြင်း​ငှာ သွန်း​သော ငါ၏​အ​သွေး​ဖြစ်၏။- ငါ​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ငါ့​ခ​မည်း​တော်၏​နိုင်​ငံ၌ သင်​တို့​နှင့်​အ​တူ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။- ထို​နောက် သီ​ချင်း​ဆို​ကြ​ပြီး​မှ သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ၏။- ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။- သို့​သော်​လည်း ငါ​သည်​ထ​မြောက်​ပြီး​မှ သင်​တို့​ရှေ့ ဂါ​လိ​လဲ​ပြည်​သို့ သွား​မည်​ဟု မိန့်​တော်​မူ​သော်၊- ပေ​တ​ရု​က၊ ဤ​သူ​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကြောင့် စိတ်​ပျက်​ကြ​သော်​လည်း၊ အ​ကျွန်ုပ်​သည် စိတ်​အ​လျှင်း​မ​ပျက်​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ ယ​နေ့​ည​တွင် ကြက်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​က၊ ကိုယ်​တော်​နှင့်​တ​ကွ သေ​ရ​သော်​လည်း အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ကို မ​ငြင်း​မ​ပယ်​ပါ​ဟု လျှောက်​ပြန်၏။ တ​ပည့်​တော်​အ​ပေါင်း​တို့​သည်​လည်း ထို​နည်း​တူ လျှောက်​ကြ၏။ ထို​အ​ခါ ယေ​ရှု​သည် သူ​တို့​နှင့်​အ​တူ ဂေ​သ​ရှေ​မန်​အ​ရပ်​သို့ ရောက်​တော်​မူ​လျှင်၊ ငါ​သည် ဟို​အ​ရပ်​သို့ သွား၍ ဆု​တောင်း​စဉ်​တွင် ဤ​အ​ရပ်၌ ထိုင်​နေ​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​ပြီး​မှ၊- ပေ​တ​ရု​နှင့် ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား၍၊ နှ​လုံး​မ​သာ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ ငါ​သည် သေ​လောက်​အောင် စိတ်​နှ​လုံး အ​လွန်​ညှိုး​ငယ်​ခြင်း​ရှိ၏။ ဤ​အ​ရပ်၌ ငါ​နှင့်​အ​တူ​စောင့်၍ နေ​ကြ​လော့​ဟု တ​ပည့်​တော်​သုံး​ယောက်​တို့​အား မိန့်​တော်​မူ၍၊- ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ပျပ်​ဝပ်၍​အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​သည် အ​ကျွန်ုပ်​ကို​လွန်​သွား​နိုင်​လျှင် လွန်​သွား​ပါ​စေ​သော။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​လို​ရှိ​သည်​အ​တိုင်း မ​ဖြစ်​ပါ​စေ​နှင့်။ ကိုယ်​တော်​အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​တော်​မူ၏။- တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်၍ သူ​တို့​သည် အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊ သင်​တို့​သည် တစ်​နာ​ရီ​ခန့်​မျှ ငါ​နှင့်​အ​တူ​စောင့်၍​နေ​ခြင်း​ငှာ ဤ​သို့​မ​စွမ်း​နိုင်​သ​လော။- စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​ဟု ပေ​တ​ရု​အား မိန့်​တော်​မူ​ပြီး​မှ၊- တစ်​ဖန်​သွား၍ အ​ကျွန်ုပ်​အ​ဘ၊ ဤ​ခွက်​ကို အ​ကျွန်ုပ်​မ​သောက်​ဘဲ လွန်၍​မ​သွား​ရ​လျှင် ကိုယ်​တော် အ​လို​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​သော​ဟု ဆု​တောင်း​ပြန်၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ လာ၍ သူ​တို့​သည် မျက်​စိ​လေး​လံ​သ​ဖြင့် တစ်​ဖန် အိပ်​ပျော်​လျက် နေ​ကြ​သည်​ကို တွေ့​တော်​မူ​လျှင်၊- သူ​တို့​ကို​ထား​ခဲ့၍ တစ်​ဖန်​သွား​ပြီး​လျှင် ရှေ့​မြွက်​ဆို​သည်​နည်း​တူ သုံး​ကြိမ်​မြောက်​အောင် ဆု​တောင်း​တော်​မူ၏။- ထို​နောက် တ​ပည့်​တော်​တို့​ရှိ​ရာ​သို့ ပြန်​လာ​လျှင် ယ​ခု​အိပ်​ပျော်၍ ငြိမ်​ဝပ်​စွာ​နေ​ကြ​လော့။ လူ​သား​ကို ဆိုး​သော​သူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန် ရောက်​လာ​ပြီ။- ထ​ကြ၊ ငါ​တို့​သည် သွား​ကြ​ကုန်​အံ့။ ငါ့​ကို အပ်​နှံ​သော​သူ​သည် ရောက်​လာ​ပြီ​ဟု မိန့်​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​စဉ်​တွင်​ပင် တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး​အ​ဝင် ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​လာ၏။ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင်​အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ စေ​လွှတ်​သော လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် ဓား​နှင့် တုတ်​များ​ကို ကိုင်​လျက်​ပါ​ကြ၏။- ကိုယ်​တော်​ကို အပ်​နှံ​သော​သူ​က၊ ငါ​နမ်း​သော​သူ​သည် ယေ​ရှု​ပင်​ဖြစ်၏။ သူ့​ကို​ဖမ်း​ကြ​ဟု ထို​သူ​တို့​အား အ​မှတ်​ပေး​ခဲ့​သည်​အ​တိုင်း၊- ကိုယ်​တော်​ရင်း​သို့ ချက်​ချင်း​ချဉ်း​ကပ်၍ အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော​ဟု ဆို​လျက် နမ်း​လေ၏။- ယေ​ရှု​က​လည်း၊ အ​ဆွေ၊ အ​ဘယ်​အ​ခင်း​ရှိ၍ လာ​သ​နည်း​ဟု မေး​တော်​မူ​ပြီး​မှ၊ ထို​သူ​များ​တို့​သည် လာ၍ ကိုယ်​တော်​ကို ဆွဲ​ကိုင်​ဖမ်း​ဆီး​ကြ၏။- ထို​အ​ခါ ယေ​ရှု​နှင့် ပါ​သော​သူ​တစ်​ယောက်​သည် လက်​ကို​ဆန့်၍ ဓား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း၏ ကျွန်​တစ်​ယောက်​ကို ခုတ်​သ​ဖြင့် နား​ရွက်​ပြတ်​လေ၏။- ယေ​ရှု​က​လည်း သင့်​ဓား​ကို သူ့​နေ​ရာ၌​ပြန်​ထား​လော့။ ဓား​ကို​ကိုင်​သော​သူ ရှိ​သ​မျှ​တို့​သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။- ယ​ခု​ပင် ငါ့​အ​ဘ​ကို ငါ​တောင်း​နိုင်​သည်​ကို​လည်း​ကောင်း၊ တောင်း​လျှင် ကောင်း​ကင်​တ​မန်​တစ်​ဆယ်​နှစ်​တပ်​မ​က ငါ့​ထံ​သို့ စေ​လွှတ်​တော်​မူ​မည်​ကို​လည်း​ကောင်း၊ သင်​သည်​မ​ထင်​သ​လော။- သို့​ဖြစ်​လျှင် ဤ​သို့​သော အ​မှု​အ​ရာ​တို့​သည် ဖြစ်​ရ​မည်​ဟူ​သော ကျမ်း​စာ​ချက်​သည် အ​ဘယ်​သို့ ပြည့်​စုံ​အံ့​နည်း​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။- ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။ ကိုယ်​တော်​ကို ဖမ်း​ဆီး​သော​သူ​တို့​သည် ကျမ်း​ပြု​ဆ​ရာ၊ လူ​အ​ကြီး​အ​ကဲ​များ​စည်း​ဝေး​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း က​ယာ​ဖ​ထံ​သို့ ဆောင်​သွား​ကြ၏။- ပေ​တ​ရု​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​မင်း၏ အိမ်​ဦး​တိုင်​အောင် ကိုယ်​တော်​နှင့် ဝေး​စွာ​လိုက်၍ အ​တွင်း​သို့ ဝင်​ပြီး​လျှင်၊ ထို​အ​မှု၏ အ​ဆုံး​ကို​သိ​မြင်​ခြင်း​ငှာ မင်း​လု​လင်​တို့​နှင့်​အ​တူ ထိုင်​နေ၏။- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ၊ လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို​သတ်​ရ​မည်​အ​ကြောင်း မ​မှန်​သော​သက်​သေ​ကို ရှာ​သော်​လည်း မ​တွေ့​ကြ။- မ​မှန်​သော​သက်​သေ​ခံ​အ​များ လာ​သော်​လည်း သက်​သေ​ကို မ​တွေ့​ကြ။ နောက်​ဆုံး၌ မ​မှန်​သော သက်​သေ​ခံ​နှစ်​ယောက်​တို့​သည် လာ၍၊- ဤ​သူ​က ငါ​သည် ဘု​ရား​သ​ခင်၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​နိုင်​သည်​ဟု ပြော​ပါ​သည်​ဟု သက်​သေ​ခံ​ကြ၏။- ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ထ၍၊ သင်​သည် တစ်​ခွန်း​မျှ ပြန်၍​မ​ပြော​သ​လော။ ဤ​သူ​တို့​သည် အ​ဘယ်​သို့ သက်​သေ​ခံ​သ​နည်း​ဟု ဆို​လျှင်၊- ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊- ယေ​ရှု​က၊ သင်​ဆို​သည်​အ​တိုင်း မှန်၏။ ထို​မျှ​မ​က ငါ​ဆို​သည်​ကား၊ နောင်​ကာ​လ၌ လူ​သား​သည် တန်​ခိုး​တော်၏ လက်​ယာ​ဘက်၌​ထိုင်​လျက် မိုး​တိမ်​ကို​စီး၍ ကြွ​လာ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်​လျက် ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ ပြော​ပြီ။ အ​ဘယ်​သက်​သေ​ကို​လို​သေး သ​နည်း။ ဘု​ရား​ကို​လွန်​ကျူး၍​ပြော​သော​စ​ကား​ကို ယ​ခု​ပင် သင်​တို့ ကြား​ရ​ပြီ။- အ​ဘယ်​သို့ ထင်​မှတ်​ကြ​သ​နည်း​ဟု မေး​မြန်း​လျှင်၊ ထို​သူ​တို့​က ဤ​သူ​သည် အ​သေ​ခံ​ထိုက်​ပေ၏​ဟု ပြန်၍​စီ​ရင်​ကြ၏။- ထို​အ​ခါ မျက်​နှာ​တော်​ကို တံ​တွေး​နှင့် ထွေး​ကြ၏။ လက်​သီး​နှင့် ထိုး​ကြ၏။- အ​ချို့​တို့​သည်​လည်း ပါး​တော်​ကို လက်​နှင့်​ပုတ်၍၊ အ​ချင်း​ခ​ရစ်​တော်၊ ကိုယ်​တော်​ကို အ​ဘယ်​သူ​ပုတ်​သည်​ကို ပ​ရော​ဖက်​ပြု၍ ဟော​တော်​မူ​ပါ​ဟု ဆို​ကြ၏။ ပေ​တ​ရု​သည် ပြင်​မှာ အိမ်​ဦး၌​ထိုင်​နေ​စဉ်၊ အ​စေ​အ​ပါ မိန်း​မ​တစ်​ယောက်​သည် သူ​ရှိ​ရာ​သို့​လာ၍ သင်​သည်​လည်း ဂါ​လိ​လဲ​လူ ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ​ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က သင်​ပြော​သော​အ​ရာ​ကို ငါ​မ​သိ​ဟု လူ​အ​ပေါင်း​တို့​ရှေ့၌ ငြင်း​ခုံ​လေ၏။- ထို​နောက် ပေ​တ​ရု​သည် အိမ်​ဦး​ရှေ့​သို့ ထွက်​ပြီး​မှ အ​ခြား​သော​မိန်း​မ​သည် သူ့​ကို​မြင်၍ ထို​အ​ရပ်၌​ရှိ​သော သူ​တို့​အား၊ ဤ​သူ​လည်း နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့် ပေါင်း​ဖော်​သော​သူ ဖြစ်​သည်​ဟု ဆို​လျှင်၊- ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ကျိန်​ဆို​လျက် တစ်​ဖန် ငြင်း​ခုံ​ပြန်၏။- ထို​နောက် များ​မ​ကြာ ထို​အ​ရပ်၌​ရပ်​နေ​သော သူ​တို့​သည် ပေ​တ​ရု​အ​နီး​သို့ လာ၍၊ အ​ကယ်​စင်​စစ် သင်​သည်​လည်း ထို​သူ​တို့​အ​ဝင် ဖြစ်၏။ သင့်​စ​ကား​သည် သင့်​အ​ကြောင်း​ကို ထင်​ရှား​စေ၏​ဟု ဆို​ကြ​လျှင်၊- ပေ​တ​ရု​က၊ ထို​သူ​ကို ငါ​မ​သိ​ဟု ဓိ​ဋ္ဌာန်​ပြု၍ ကျိန်​ဆို၏။ ထို​ခ​ဏ​ချင်း​တွင် ကြက်​တွန်​လေ၏။- ယေ​ရှု​က၊ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့် ပြင်​သို့​ထွက်၍ ပြင်း​စွာ ငို​ကြွေး​လေ၏။

ရှင်မဿဲ 26:1-75 Common Language Bible (BCL)

ဤ​သို့​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​သော​အ​ခါ ကိုယ်​တော်​က၊ ``နောက်​နှစ်​ရက်​မျှ​ကြာ​လျှင်​ပ​သ​ခါ​ပွဲ​ကျ​ရောက် မည်​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ခါ​လူ​သား​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​ရန်​ရန်​သူ့ လက်​သို့​အပ်​ကြ​လိမ့်​မည်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။ ထို​အ​ချိန်​၌​ပင်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည်​က​ယာ​ဖ နာ​မည်​ရှိ​သော​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကျောင်း တော်​ဝင်း​အ​တွင်း​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- သူ​တို့​သည်​သ​ခင်​ယေ​ရှု​ကို​တိတ်​တ​ဆိတ် ဖမ်း​ဆီး​၍​သတ်​ရန်​ဆွေး​နွေး​တိုင်​ပင်​ကြ​၏။- သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည် ကို​စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့်​ပွဲ​တော်​ရက်​အ​တွင်း ၌​မ​ဖမ်း​မ​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။ သ​ခင်​ယေ​ရှု​သည်​ဗေ​သ​နိ​ရွာ​တွင်​အ​ရေ​ပြား ရော​ဂါ​စွဲ​ကပ်​ခဲ့​ဖူး​သူ​ရှိ​မုန်​၏​အိမ်​၌​ရှိ​၍ အ​စား​အ​စာ​သုံး​ဆောင်​လျက်​နေ​တော်​မူ သော​အ​ခါ၊- အ​မျိုး​သ​မီး​တစ်​ယောက်​သည်​အ​လွန်​အ​ဖိုး ထိုက်​သည့်​ဆီ​မွှေး​ကျောက်​ဖြူ​ဗူး​ကို​ယူ​ဆောင်​၍ အ​ထံ​တော်​သို့​လာ​ပြီး​လျှင်​ထို​ဆီ​မွှေး​ကို ကိုယ်​တော်​၏​ခေါင်း​တော်​ထက်​တွင်​သွန်း​လောင်း လေ​သည်။- ထို​အ​ခြင်း​အ​ရာ​ကို​တ​ပည့်​တော်​တို့​မြင်​လျှင် အ​မျက်​ထွက်​၍ ``အဘယ်​ကြောင့်​ဤ​သို့​ဖြုန်း​တီး ပါ​သ​နည်း။- ဤ​ဆီ​မွှေး​ကို​ငွေ​အ​မြောက်​အ​မြား​နှင့်​ရောင်း ၍​ဆင်း​ရဲ​သူ​များ​အား​ပေး​ကမ်း​သင့်​၏'' ဟု ဆို​ကြ​သည်။ သ​ခင်​ယေ​ရှု​သည်​ကြား​သိ​တော်​မူ​သော အ​ခါ ``အ​ဘယ်​ကြောင့်​ဤ​အ​မျိုး​သ​မီး​ကို သင်​တို့​နှောင့်​ယှက်​ကြ​သ​နည်း။ သူ​ပြု​သော အ​မှု​သည်​လွန်​စွာ​လျောက်​ပတ်​ပေ​၏။- ဆင်း​ရဲ​သူ​များ​သည်​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ ကြ​မည်။ ငါ​မူ​ကား​သင်​တို့​နှင့်​အ​မြဲ​ရှိ​နေ မည်​မ​ဟုတ်။- ဤ​အ​မျိုး​သ​မီး​သည်​ငါ့​အ​ပေါ်​သို့​ဆီ​မွှေး သွန်း​လောင်း​သည်​မှာ​ငါ​၏​ရုပ်​အ​လောင်း​ကို သင်္ဂြိုဟ်​ရန်​ပြင်​ဆင်​ခြင်း​ပင်​ဖြစ်​၏။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​တင်း​ကောင်း​ကို​ကမ္ဘာ​အ​ရပ်​ရပ်​တွင်​ကြေ ညာ​သော​အ​ခါ ဤ​အ​မျိုး​သ​မီး​ကို​အောက်​မေ့ သ​တိ​ရ​ကြ​စေ​ရန် သူ​ပြု​ခဲ့​သော​ကောင်း​မှု ကို​ပြော​ကြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​တစ်​ကျိပ်​နှစ်​ပါး​အ​ပါ​အ​ဝင်​ဖြစ်​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ ထံ​သို့​သွား​၍၊- ``ယေ​ရှု​ကို​သင်​တို့​လက်​သို့​အ​ကျွန်ုပ်​ပေး​အပ်​ပါ လျှင်​အ​ကျွန်ုပ်​အား​ငွေ​မည်​မျှ​ပေး​မည်​နည်း'' ဟု မေး​၏။ ထို​သူ​တို့​သည်​လည်း​သူ့​အား​ငွေ​ဒင်္ဂါး သုံး​ဆယ်​ပေး​ကြ​၏။- ထို​အ​ချိန်​မှ​စ​၍​ယု​ဒ​သည်​ကိုယ်​တော်​ကို ရန်​သူ့​လက်​သို့​အပ်​ရန်​အ​ခွင့်​ကောင်း​ကို​ရှာ လျက်​နေ​၏။ တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ​နေ့​၌​တ​ပည့်​တော် တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့​လာ​၍ ``အ​ရှင့် အ​တွက်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​ကျွန်ုပ်​တို့ အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``မြို့​ထဲ​သို့​ဝင်​၍​ဤ​မည်​သော​သူ​ထံ သို့​သွား​၍​ဆ​ရာ​တော်​က `ငါ့​အ​တွက်​သတ်​မှတ် ထား​သည့်​အ​ချိန်​ရောက်​လာ​ပြီ​ဖြစ်​၍​ငါ့​တ​ပည့် များ​နှင့်​အ​တူ​သင်​၏​အိမ်​တွင်​ပ​သ​ခါ​ပွဲ​ကို ကျင်း​ပ​လို​သည်' ဟု​မှာ​ကြား​လိုက်​ကြောင်း​ပြော ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။ တ​ပည့်​တော်​တို့​သည်​လည်း​ကိုယ်​တော်​မိန့်​တော်​မူ သည်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​၍​ပ​သ​ခါ​ပွဲ ကို​အ​သင့်​ပြင်​ကြ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော်​ကိုယ်​တော်​သည်​တစ်​ကျိပ် နှစ်​ပါး​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​၍​ည​စာ​စား တော်​မူ​၏။- ထို​အ​ခါ​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​အ​နက်​က​တစ်​စုံ တစ်​ယောက်​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့ အပ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။- တပည့်​တော်​တို့​သည်​လွန်​စွာ​စိတ်​မ​ချမ်း​မ​သာ​ဖြစ် ကြ​လျက် ``ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​တစ် ဦး​နောက်​တစ်​ဦး​မေး​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``ငါ​နှင့်​အ​တူ​ဟင်း​ခွက်​တွင်​နှိုက်​၍ စား​သော​သူ​သည်​ငါ့​ကို​ရန်​သူ့​လက်​သို့​အပ် လိမ့်​မည်။- ကျမ်း​စာ​လာ​သည်​အ​တိုင်း​လူ​သား​သည်​အ​သေ​ခံ ရန်​သွား​ရ​မည်။ သို့​ရာ​တွင်​လူ​သား​ကို​ရန်​သူ​လက် သို့​အပ်​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏။ မွေး​ဖွား​ခြင်း​ကို မ​ခံ​ရ​လျှင်​သူ့​အ​ဖို့​ကောင်း​သေး​၏'' ဟု​မိန့်​တော် မူ​သည်။ ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​မည့်​သူ​ယု​ဒ က ``အ​ရှင်​ဘု​ရား၊ ထို​သူ​သည်​အ​ကျွန်ုပ်​ပေ​လော'' ဟု​မေး​လျှောက်​လျှင်၊ ကိုယ်​တော်​က ``သင်​ပြော​သည့်​အ​တိုင်း​ပင်​မှန်​၏'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​တ​ပည့်​တော်​တို့​နှင့်​အ​တူ​ညစာ စား​လျက်​နေ​တော်​မူ​စဉ်​မုန့်​ကို​ယူ​၍​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​တော်​မူ​၏။ ထို​နောက်​မုန့်​ကို​ဖဲ့​၍ ``ဤ​မုန့် ကား​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ယူ​၍​စား​ကြ​လော့'' ဟု မိန့်​တော်​မူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​အား​ဝေ​ပေး တော်​မူ​၏။ စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​နောက်​တ​ပည့်​တော်​တို့​အား​ပေး​တော် မူ​၏။ ကိုယ်​တော်​က ``သင်​တို့​အား​လုံး​သောက်​ကြ လော့။- ဤ​စ​ပျစ်​ရည်​ကား​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​သော၊ လူ​တို့​အ​ပြစ်​ပြေ လွှတ်​ရန်​အ​တွက်​သွန်း​သော​ငါ​၏​သွေး​ဖြစ်​၏။- သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​အ​ချိန်​မှ စ​၍​ငါ့​ခ​မည်း​တော်​၏​နိုင်​ငံ​တော်​တွင်​သင်​တို့ နှင့်​အ​တူ​စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့်​နေ့ မ​တိုင်​မီ​ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန် မ​သောက်​တော့​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​ပြီး​နောက်​သံ​လွင်​တောင်​သို့ ထွက်​သွား​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​က ``ကျမ်း​စာ​တော်​တွင် `ဘု​ရား သ​ခင်​သည်​သိုး​ထိန်း​ကို​ရိုက်​သ​ဖြင့်​သိုး​တို့​သည် က​စဥ့်​က​ရဲ​ဖြစ်​ကြ​လိမ့်​မည်' ဟု​ပါ​ရှိ​သည်​နှင့် အ​ညီ​ယ​နေ့​ည​၌​ပင်​လျှင်​သင်​တို့​သည်​ငါ့​ကို စွန့်​ပစ်​၍​ပြေး​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ငါ​သည်​သေ​ခြင်း​မှ​ထ​မြောက် ပြီး​နောက်​သင်​တို့​အ​လျင်​ဂါ​လိ​လဲ​ပြည် သို့​သွား​နှင့်​မည်'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``အ​ခြား​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​စွန့်​ပစ်​ကြ​သော်​လည်း​အ​ကျွန်ုပ် သည်​အ​ဘယ်​အ​ခါ​မျှ​စွန့်​ပစ်​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။- သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။ ပေ​တ​ရု​က ``အ​ကျွန်ုပ်​သည်​ကိုယ်​တော်​နှင့်​အ​တူ သေ​ပင်​သေ​ရ​ပါ​စေ၊ ကိုယ်​တော်​ကို​မ​သိ​ဟု​ငြင်း ဆို​မည်​မ​ဟုတ်​ပါ'' ဟု​လျှောက်​ထား​၏။ အခြား တ​ပည့်​တော်​တို့​သည်​လည်း​ဤ​နည်း​အ​တိုင်း လျှောက်​ထား​ကြ​၏။ ထို​နောက်​သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​တို့​နှင့် အ​တူ​ဂေ​သ​ရှေ​မန်​နာ​မည်​ရှိ​သော​အ​ရပ်​သို့ ရောက်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​က ``ငါ​သည်​ထို နေ​ရာ​သို့​သွား​၍​ဆု​တောင်း​နေ​စဉ်​သင်​တို့ ဤ​နေ​ရာ​တွင်​စောင့်​နေ​ကြ​လော့'' ဟု​တ​ပည့် တော်​တို့​အား​မှာ​ကြား​တော်​မူ​ပြီး​လျှင်၊- ပေ​တ​ရု​နှင့်​ဇေ​ဗေ​ဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​စိတ်​မ​ချမ်း မ​သာ​ဖြစ်​တော်​မူ​လျက်​လွန်​စွာ​သော​က​ရောက် တော်​မူ​သ​ဖြင့်၊- ``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။- ထို​နောက်​ရှေ့​သို့​အ​နည်း​ငယ်​ကြွ​တော်​မူ​၍​မြေ ပေါ်​တွင်​ပျပ်​ဝပ်​တော်​မူ​ပြီး​လျှင် ``အို အ​ကျွန်ုပ် ၏​အ​ဖ၊ ဖြစ်​နိုင်​ပါ​က​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခွက်​ကို အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​ပေး​တော်​မူ​ပါ။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အ​လို​အ​တိုင်း​မ​ဟုတ်​ပါ။ ကိုယ်​တော် ၏​အ​လို​တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​တ​ပည့်​တော်​သုံး​ဦး​တို့ ထံ​သို့​ပြန်​လာ​တော်​မူ​ရာ၊ အိပ်​ပျော်​လျက်​နေ ကြ​သည်​ကို​တွေ့​တော်​မူ​သ​ဖြင့် ``သင်​တို့​သုံး ယောက်​သည်​တစ်​နာ​ရီ​မျှ​ပင်​စောင့်​၍​မ​နေ နိုင်​ကြ​သ​လော။- စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို​ခံ​ရပ်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​၍​စောင့်​နေ​ကြ​လော့။ စိတ်​ဆန္ဒ​ရှိ​သော်​လည်း ကိုယ်​ခန္ဓာ​ကား​အား​နည်း​၏'' ဟု​ပေ​တ​ရု​အား မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ဒု​တိ​ယ​အ​ကြိမ်​ကြွ သွား​တော်​မူ​ပြန်​၍ ``အ​ကျွန်ုပ်​၏​အ​ဖ၊ ဤ​ဒုက္ခ ဝေ​ဒ​နာ​ခွက်​ကို​အ​ကျွန်ုပ်​ထံ​မှ​လွှဲ​ဖယ်​၍ မ​ဖြစ်​ပါ​က​ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု​တောင်း​တော်​မူ​၏။- ကိုယ်​တော်​နောက်​တစ်​ကြိမ်​ပြန်​လာ​တော်​မူ​သော အ​ခါ​တ​ပည့်​တော်​တို့​သည်​မျက်​စိ​လေး​လံ သ​ဖြင့်​အိပ်​ပျော်​လျက်​နေ​ကြ​သည်​ကို​တွေ့ တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​ထံ​မှ​တစ်​ဖန်​ကြွ​သွား တော်​မူ​ပြီး​လျှင်​ယ​ခင်​က​မြွက်​ဆို​သည် အ​တိုင်း​တတိယ​အ​ကြိမ်​ဆု​တောင်း​တော်​မူ​၏။- ထို​နောက်​တ​ပည့်​တော်​တို့​ထံ​သို့​ပြန်​လာ​၍ ``သင် တို့​သည်​အိပ်​လျက်​နား​လျက်​ပင်​ရှိ​နေ​ကြ​သေး သ​လော။ လူ​သား​ကို​ဆိုး​ယုတ်​သူ​များ​လက်​သို့ အပ်​နှံ​သည့်​အ​ချိန်​ရောက်​လာ​ပြီ။- ထ​ကြ။ ငါ​တို့​သွား​ကြ​ကုန်​အံ့။ ငါ့​ကို​ရန်​သူ့​လက် သို့​အပ်​မည့်​သူ​ရောက်​လာ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ယင်း​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​၌​ပင်​လျှင် တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည်​တုတ်၊ ဋ္ဌား​ကိုင်​ဆောင်​သူ​လူ​အ​မြောက်​အ​မြား​နှင့်​အ​တူ ရောက်​ရှိ​လာ​လေ​သည်။ ထို​သူ​တို့​သည်​ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ က​စေ​လွှတ်​လိုက်​သူ​များ​ဖြစ်​၏။- ကိုယ်​တော်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​သူ​က​မိ​မိ နှင့်​လိုက်​ပါ​လာ​သူ​တို့​အား ``ငါ​နမ်း​၍​နှုတ်​ဆက် သူ​သည်​ယေ​ရှု​ဖြစ်​၏။ သူ့​ကို​ဖမ်း​ဆီး​ကြ​လော့'' ဟု အ​ချက်​ပေး​ထား​၏။ ယု​ဒ​သည်​ချက်​ချင်း​ပင်​ကိုယ်​တော်​၏​ထံ​သို့​ချဉ်း​ကပ် ကာ ``အ​ရှင်​ဘု​ရား၊ မင်္ဂ​လာ​ရှိ​ပါ​စေ​သော'' ဟု​ဆို ၍​ကိုယ်​တော်​ကို​နမ်း​လေ​၏။ သ​ခင်​ယေ​ရှု​က ``အ​ဆွေ၊ သင်​ဆောင်​ရွက်​ရန်​လာ သည့်​ကိစ္စ​ကို​အ​မြန်​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော် မူ​၏။ လူ​တို့​သည်​လာ​၍​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ချုပ်​ကိုင် ထား​ကြ​၏။- ထို​အ​ခါ​သ​ခင်​ယေ​ရှု​နှင့်​လိုက်​ပါ​သော​လူ တစ်​ယောက်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင် ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက် ရာ​ထို​သူ​နား​ရွက်​ပြတ်​လေ​၏။- သ​ခင်​ယေ​ရှု​က ``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​သို့​ပြန်​သွင်း လော့။ ဋ္ဌား​ကို​စွဲ​ကိုင်​သူ​သည်​ဋ္ဌား​အား​ဖြင့်​သေ​ကြေ ပျက်​စီး​ရ​လိမ့်​မည်။- ငါ​သည်​ခ​မည်း​တော်​ထံ​မှ​အ​ကူ​အ​ညီ​တောင်း​ခံ လျှင်​ခ​မည်း​တော်​သည်​တပ်​ကြီး​တစ်​ဆယ့်​နှစ်​တပ် ထက်​များ​ပြား​လှ​သော​ကောင်း​ကင်​တ​မန်​တို့​ကို ငါ့​ထံ​သို့​စေ​လွှတ်​တော်​မူ​မည်​ကို​သင်​တို့​မ​သိ ကြ​သ​လော။- သို့​ရာ​တွင်​ငါ​ဤ​သို့​ပြု​ပါ​မူ​ကျမ်း​စာ​လာ​သည် အ​တိုင်း​အ​ဘယ်​သို့​လျှင်​ဖြစ်​ပျက်​တော့​မည်​နည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​က​လူ​ပ​ရိ​သတ်​တို့​အား``သင် တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန် တုတ်​များ​ဋ္ဌား​များ​နှင့်​လာ​ကြ​သ​လော။ ငါ​သည် နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​ထိုင်​၍​ဟော​ပြော သွန်​သင်​နေ​စဉ်​အ​ခါ​သင်​တို့​သည်​ငါ့​ကို​မ​ဖမ်း မ​ဆီး​ခဲ့​ကြ။- သို့​သော်​ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရ​ခြင်း​မှာ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​များ​ဟော​ကြား​ခဲ့ သ​မျှ​အ​တိုင်း အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန် ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ ထို​အခါ​တပည့်​တော်​အပေါင်း​တို့​သည် ကိုယ်​တော် ကို​စွန့်​ပစ်​၍​ပြေး​ကြ​၏။ သ​ခင်​ယေ​ရှု​ကို​ဖမ်း​ဆီး​ကြ​သော​သူ​တို့​သည် ကိုယ်​တော်​အား​ယဇ်​ပု​ရော​ဟိတ်​မင်း​က​ယာ​ဖ​၏ ကျောင်း​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။ ကျမ်း​တတ် ဆ​ရာ​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ​သည် ထို​အ​ရပ်​တွင်​စု​ရုံး​လျက်​နေ​ကြ​၏။- ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍​ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​တိုင်​အောင်​ကိုယ်​တော် ၏​နောက်​က​လိုက်​လာ​ခဲ့​၏။ ထို​နောက်​ဝင်း​ထဲ​သို့ ဝင်​၍​ကိုယ်​တော်​၏​အ​မှု​မည်​သို့​အ​ဆုံး​သတ်​မည် ကို​သိ​ရှိ​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ​ထိုင်​လျက်​နေ​၏။- ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​တ​ကွ​ယု​ဒ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​သည်​သ​ခင်​ယေ​ရှု အား သေ​ဒဏ်​ပေး​နိုင်​ရန်​မ​ဟုတ်​မ​မှန်​သော​သက်​သေ ကို​ရှာ​ကြ​၏။- သို့​ရာ​တွင်​မ​တွေ့​ကြ။ မု​သား​သက်​သေ​ကား​အ​များ ပင်​ရှိ​၏။ နောက်​ဆုံး​၌​လူ​နှစ်​ယောက်​သည်​ရှေ့​သို့​ထွက် လာ​ပြီး​လျှင်၊- ``ဤ​သူ​က `ငါ​သည်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ဖြို​ဖျက်​၍​သုံး​ရက်​အ​တွင်း​ပြန်​လည်​ဆောက်​နိုင်​သည်' ဟု​ပြော​ဆို​ပါ​သည်'' ဟူ​၍​သက်​သေ​ခံ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​နေ​ရာ​မှ​ထ​၍ ``သင့်​အား ထို​သူ​တို့​မည်​သို့​စွပ်​စွဲ​ထွက်​ဆို​ကြ​ပါ​သ​နည်း။ သင့်​မှာ​မည်​သို့​မျှ​ဖြေ​ကြား​စ​ရာ​မ​ရှိ​ပါ​သ​လော'' ဟု​ကိုယ်​တော်​အား​မေး​၏။- သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​ဆိတ်​ဆိတ်​နေ​တော် မူ​၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က ``သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​မေ​ရှိ​ယ​လော။ ငါ့​အား​ဖြေ ကြား​လော့။ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား သ​ခင်​ကို​တိုင်​တည်​၍​သင့်​အား​ငါ​မေး​၏'' ဟု ဆို​၏။ သ​ခင်​ယေ​ရှု​က ``သင်​ဆို​သည်​အ​တိုင်း​မှန်​၏။ သို့ ရာ​တွင်​သင်​တို့​အား​ငါ​ဆို​သည်​ကား​နောင်​အ​ခါ တွင်​လူ​သား​သည်​အ​နန္တ​တန်​ခိုး​ရှင်​၏​လက်​ယာ ဘက်​တွင်​ထိုင်​လျက်​နေ​သည်​ကို​လည်း​ကောင်း၊ မိုး တိမ်​ကို​စီး​၍​ကြွ​လာ​တော်​မူ​သည်​ကို​လည်း​ကောင်း သင်​တို့​မြင်​ရ​ကြ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​မိ​မိ​၏​အ​ဝတ် ကို​ဆွဲ​ဆုတ်​ပြီး​လျှင် ``ထို​သူ​သည်​ဘု​ရား​သ​ခင်​ကို ပြစ်​မှား​ပြော​ဆို​ချေ​ပြီ။ ငါ​တို့​သက်​သေ​များ​ထပ်​၍ မ​လို​တော့​ပြီ။ ဘု​ရား​သ​ခင်​အား​သူ​ပြစ်​မှား​ပြော ဆို​သည်​ကို​သင်​တို့​ယ​ခု​ကြား​ရ​ကြ​ပြီ။- အ​ဘယ်​သို့​ဆုံး​ဖြတ်​ချက်​ချ​ရ​မည်​နည်း'' ဟု​မေး​၏။ ထို​သူ​တို့​က ``ပြစ်​မှု​ထင်​ရှား​သ​ဖြင့်​သူ့​ကို​သေ​ဒဏ် ပေး​ရ​မည်'' ဟု​ဆို​ကြ​၏။ ထို​နောက်​သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကိုယ်​တော်​ကို​လက်​သီး​နှင့် ထိုး​ကြ​၏။ အ​ချို့​သော​သူ​တို့​သည်​ပါး​တော်​ကို လက်​ဝါး​ဖြင့်​ရိုက်​ပြီး​လျှင်၊- ``အ​ရှင်​မေ​ရှိ​ယ၊ အ​ရှင့်​အား​မည်​သူ​ရိုက်​သည်​ကို ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ပေ​တ​ရု​သည်​အ​ပြင်​ဖက်​ကျောင်း​တော်​ဝင်း​အ​တွင်း ၌​ထိုင်​လျက်​နေ​စဉ်​အ​စေ​ခံ​မ​က​လေး​တစ်​ယောက် သည်​ရောက်​လာ​၍ `သင်​သည်​လည်း​ဂါလိလဲ​ပြည်​သား ယေ​ရှု​နှင့်​ပေါင်း​ဖော်​သူ​ဖြစ်​သည်'' ဟု​ဆို​၏။ သို့​သော်​ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ မ​သိ'' ဟု​လူ​အ​ပေါင်း​တို့​ရှေ့​တွင်​ငြင်း​ဆို​ပြီး လျှင်​အိမ်​တော်​ဝင်း​တံ​ခါး​ဝ​သို့​ထ​သွား​လေ​၏။- အ​ခြား​အ​စေ​ခံ​မ​က​လေး​တစ်​ယောက်​သည်​သူ့ ကို​မြင်​လျှင်​ထို​နေ​ရာ​တွင်​ရှိ​သော​သူ​တို့​အား ``ဤ သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​နှင့်​ပေါင်း​ဖော် သူ​ဖြစ်​၏'' ဟု​ဆို​၏။ ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ကျိန်​ဆို​ပြန်​၏။ ထို​နောက်​အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​အ​နီး တွင်​ရပ်​နေ​သော​သူ​များ​သည်​ပေ​တ​ရု​ထံ​လာ​၍ ``သင် သည်​အ​မှန်​ပင်​ထို​သူ​နှင့်​အ​ပေါင်း​ပါ​ဖြစ်​ကြောင်း​သင် ပြော​ပုံ​ဆို​ပုံ​အား​ဖြင့်​သိ​သာ​၏'' ဟု​ဆို​ကြ​၏။ ပေ​တ​ရု​က ``ထို​သူ​ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင် ကို​တိုင်​တည်​၍​ကျိန်​ဆို​လေ​၏။ ထို​ခ​ဏ​၌​ကြက်​တွန်​လေ​၏။- ထို​အ​ခါ ``ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို​မ​သိ ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့်​စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ​သ​ဖြင့်​အ​ပြင် သို့​ထွက်​၍​ဝမ်း​နည်း​ပက်​လက်​ငို​ကြွေး​လေ​၏။

ရှင်မဿဲ 26:1-75 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် ဤ​တရား​စကား​အားလုံး​တို့​ကို မိန့်​တော်မူ​ပြီး​သောအခါ တပည့်​တော်​တို့​အား “ပသခါ​ပွဲတော်​ကျရောက်​ရန် နှစ်​ရက်​သာ​လို​တော့​သည်​ကို သင်​တို့​သိ​ကြ​၏။ ထိုအခါ လူ့သား​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ရန် အပ်နှံ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​သည် ကယာဖ​ဟု​ခေါ်​သော ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​ထဲ၌ စုဝေး​လျက် ယေရှု​ကို ပရိယာယ်​အားဖြင့်​ဖမ်းဆီး​၍ သတ်ဖြတ်​ရန် တိုင်ပင်​ကြ​၏။ သို့သော် သူ​တို့​က “လူထု​ကြား​ထဲတွင် ရုန်းရင်းဆန်ခတ်​ဖြစ်​မည်​ကို စိုးရိမ်​ရ​သည်​ဖြစ်၍ ပွဲတော်​အတွင်း မ​ဖမ်း​ကြ​နှင့်”​ဟု ပြောဆို​ကြ​၏။ ဗေသနိ​ရွာ​တွင် အနာကြီး​ရောဂါသည်​ရှိမုန်​၏​အိမ်​၌ ယေရှု​ရှိ​တော်မူ​စဉ် အလွန်​တန်ဖိုးကြီး​သော​ဆီမွှေး​ထည့်​ထား​သည့် ကျောက်ဖြူ​ဘူး​ပါ​သော အမျိုးသမီး​တစ်​ဦး​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ စားပွဲ​၌​ထိုင်​နေ​သော ကိုယ်တော်​၏​ခေါင်း​ပေါ်၌ ထို​ဆီမွှေး​ကို သွန်းလောင်း​လေ​၏။ တပည့်​တော်​တို့​သည် ထို​အခြင်းအရာ​ကို​မြင်​လျှင် စိတ်ဆိုး​လျက် “အဘယ်ကြောင့် ဤသို့​ဖြုန်းတီး​ရ​သနည်း။ ဤ​ဆီမွှေး​ကို အဖိုး​များစွာ​နှင့်​ရောင်း​၍ ဆင်းရဲသား​တို့​ကို ပေးကမ်း​နိုင်​သည်”​ဟု ဆို​ကြ​၏။ ယေရှု​သည် သိ​တော်မူ​၍“ဤ​အမျိုးသမီး​ကို အဘယ်ကြောင့် နှောင့်ယှက်​ကြ​သနည်း။ အမှန်စင်စစ် သူ​သည် ငါ့​အတွက် ကောင်း​သော​အမှု​ကို​ပြု​လေ​ပြီ။ အကြောင်းမူကား ဆင်းရဲသား​တို့​သည် သင်​တို့​နှင့်အတူ အစဉ်​ရှိ​ကြ​၏။ ငါ​မူကား သင်​တို့​နှင့်အတူ အစဉ်​ရှိ​သည်​မ​ဟုတ်။ ဤ​အမျိုးသမီး​သည် ဆီမွှေး​ကို ငါ့​ကိုယ်​ပေါ်၌ သွန်းလောင်း​ခဲ့​ခြင်း​မှာ ငါ့​ကို​သင်္ဂြိုဟ်​ရန် ပြင်ဆင်​ခြင်း​ဖြစ်​၏။ သင်​တို့​အား ငါ​အမှန်​ဆို​မည်။ ကမ္ဘာ​တစ်ဝန်းလုံး​တွင် ကောင်းမြတ်​သော​သတင်း​ကို ဟောပြော​သည့်​နေရာ​တိုင်း​၌ ဤ​အမျိုးသမီး​ပြု​ခဲ့​သော​အမှုအရာ​ကို​လည်း သူ​၏​အမှတ်တရ​အဖြစ် ပြောကြား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​ဣရှကာရုတ်​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့​သွား​၍ “ယေရှု​ကို သင်​တို့​လက်​သို့​အပ်နှံ​လျှင် သင်​တို့​သည် အကျွန်ုပ်​အား ငွေ​မည်မျှ​ပေး​မည်နည်း”​ဟု ဆို​သော် သူ​တို့​သည် ယုဒ​အား ငွေဒင်္ဂါး​သုံးဆယ်​ကို သတ်မှတ်​ပေး​ကြ​၏။ ထို​အချိန်​မှစ၍ ယုဒ​သည် ကိုယ်တော်​ကို​အပ်နှံ​ရန် အခွင့်ကောင်း​ကို​ရှာကြံ​လျက်​နေ​၏။ တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တွင် တပည့်​တော်​တို့​သည် ယေရှု​ထံသို့​ချဉ်းကပ်​၍ “ပသခါ​ပွဲတော်​ညစာ​ကို ကိုယ်တော်​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​၌ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“မြို့​ထဲသို့​သွား​၍ တစ်​ယောက်​သော​သူ​အား ‘ငါ​၏​အချိန်​နီး​ပြီ။ ပသခါ​ပွဲတော်​ကို သင့်​ထံ၌ ငါ​၏​တပည့်​များ​နှင့်အတူ​ကျင်းပ​မည်’​ဟူ၍ ဆရာ​က​မှာ​လိုက်​သည်​ဟု ထို​သူ​အား ပြော​ကြ​လော့”​ဟူ၍ မိန့်​တော်မူ​၏။ ထို့ကြောင့် တပည့်​တော်​တို့​သည် မိမိ​တို့​အား ယေရှု​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဆောင်ရွက်​ကြ​ပြီး ပသခါ​ပွဲတော်​ကို​ပြင်ဆင်​ကြ​၏။ ညနေချမ်း​အချိန်​ရောက်​သောအခါ ကိုယ်တော်​သည် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​နှင့်အတူ စားပွဲ​၌​ထိုင်​တော်မူ​၏။ သူ​တို့​သည်​စား​လျက်​နေ​ကြ​စဉ် ကိုယ်တော်​က“သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား သင်​တို့​အထဲမှ​တစ်​ယောက်​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​တို့​သည် အလွန်​စိတ်မကောင်း​ဖြစ်​ကြ​လျက် “သခင်​ဘုရား၊ အကျွန်ုပ်​လော”​ဟု ကိုယ်တော်​အား တစ်ဦး​ပြီး​တစ်ဦး​မေးလျှောက်​ကြ​၏။ ကိုယ်တော်​က​လည်း“ငါ​နှင့်အတူ​တစ်​ပန်းကန်​ထဲတွင် လက်​နှိုက်​သော​သူ​သည် ငါ့​ကို​အပ်နှံ​လိမ့်မည်။ လူ့သား​သည် မိမိ​နှင့်​ပတ်သက်၍ ရေး​ထား​သည့်​အတိုင်း သွား​ရ​မည်​မှန်​၏။ သို့သော် လူ့သား​ကို​အပ်နှံ​သော​သူ​သည် အမင်္ဂလာရှိ​၏။ ထို​သူ​သည် မ​မွေးဖွား​လာ​ခဲ့​လျှင် သူ့​အတွက် သာ၍​ကောင်း​ပေ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ကိုယ်တော်​ကို​အပ်နှံ​တော့​မည့်​ယုဒ​က “ရဗ္ဗိ၊ အကျွန်ုပ်​လော”​ဟု မေးလျှောက်​သော် ကိုယ်တော်​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​စား​လျက်​နေ​ကြ​စဉ် ယေရှု​သည် မုန့်​ကို​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် မုန့်​ကို​ဖဲ့​၍ တပည့်​တော်​တို့​အား​ပေး​လျက်“ယူ​၍​စား​ကြ​လော့။ ဤ​မုန့်​ကား ငါ​၏​ကိုယ်ခန္ဓာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ခွက်​ကို​လည်း​ယူ​၍ ကျေးဇူး​တော်​ချီးမွမ်း​ပြီးလျှင် သူ​တို့​အား​ပေး​လျက်“သင်​တို့​အားလုံး ဤ​ခွက်​ကို​သောက်​ကြ​လော့။ ဤသည်ကား အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် လူ​များစွာ​အဖို့​သွန်းလောင်း​သည့် ပဋိညာဉ်​နှင့်ဆိုင်သော ငါ​၏​သွေး​ဖြစ်​၏။ သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခမည်းတော်​၏​နိုင်ငံ​တော်​၌ သင်​တို့​နှင့်အတူ​အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် ယခု​မှစ၍ စပျစ်​သီး​မှ​ဖြစ်​သော​ဤ​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။ ထိုအခါ ယေရှု​က“ ‘ငါ​သည် သိုးထိန်း​ကို​ခုတ်​သတ်​သဖြင့် သိုး​အုပ်​သည် ကွဲလွင့်​သွား​ရ​လိမ့်မည်’ဟု ကျမ်းစာ​၌​ရေး​ထား​သည်​ဖြစ်၍ ဤ​ည​၌ သင်​တို့​အားလုံး​သည် ငါ့​ကြောင့်​စိတ်ပျက်​ကြ​လိမ့်မည်။ သို့သော် ငါ​သည် ထမြောက်​ပြီးနောက် ဂါလိလဲ​နယ်​သို့ သင်​တို့​ထက် အလျင်​ဦးစွာ​သွား​နှင့်​မည်”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ပေတရု​က “ကိုယ်တော်​ကြောင့် အားလုံး​စိတ်ပျက်​ကြ​လျှင်​လည်း အကျွန်ုပ်​သည် မည်သည့်​အခါ​မျှ စိတ်ပျက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်လျှောက်​လေ​၏။ ယေရှု​က​လည်း“သင့်​အား ငါ​အမှန်​ဆို​သည်​ကား ဤ​ည​တွင်​ပင် ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင် ငြင်းပယ်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ပေတရု​က “အကျွန်ုပ်​သည် ကိုယ်တော်​နှင့်အတူ​သေ​ရ​လျှင်​ပင် ကိုယ်တော်​ကို လုံးဝ​မ​ငြင်းပယ်​ပါ”​ဟု လျှောက်​လေ​၏။ တပည့်​တော်​အားလုံး​တို့​သည်​လည်း ထိုနည်းတူ​လျှောက်​ကြ​၏။ ထို့နောက် ယေရှု​သည် သူ​တို့​နှင့်အတူ ဂေသရှေမန်​ဟု​ခေါ်​သော​အရပ်​သို့ ရောက်​တော်မူ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​အား“ငါ​သည် ထို​နေရာ​သို့​သွား​၍ ဆုတောင်း​စဉ်​တွင် ဤ​နေရာ​၌ ထိုင်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​ပြီးလျှင် ပေတရု​နှင့် ဇေဗေဒဲ​၏​သား​နှစ်​ယောက်​တို့​ကို ခေါ်သွား​တော်မူ​၏။ ထိုအခါ ကိုယ်တော်​သည် ဝမ်းနည်း​ခြင်း​နှင့်​စိတ်ပူပန်​ခြင်း​ရှိ​သဖြင့် “ငါ​၏​စိတ်​ဝိညာဉ်​သည် သေ​လုမတတ် အလွန်​ဝမ်းနည်း​ခြင်း​ရှိ​၏။ ဤ​နေရာ​၌​နေ​၍ ငါ​နှင့်အတူ သတိ​နှင့်​စောင့်​နေ​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထို့နောက် ရှေ့သို့​အနည်းငယ်​ကြွ​တော်မူ​ပြီး ပျပ်ဝပ်​လျက်“အကျွန်ုပ်​၏​အဖ၊ ဖြစ်နိုင်​လျှင် ဤ​ခွက်​ကို အကျွန်ုပ်​ထံမှ လွန်​သွား​စေ​တော်မူ​ပါ။ သို့သော် အကျွန်ုပ်​၏​အလို​အတိုင်း​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍ သူ​တို့​အိပ်ပျော်​နေ​ကြ​သည်​ကို​တွေ့​တော်မူ​လျှင် ပေတရု​အား“သင်​တို့​သည် တစ်​နာရီ​မျှ ငါ​နှင့်အတူ သတိ​နှင့်​မ​စောင့်​နိုင်​ကြ​သလော။ ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့ မ​ကျရောက်​စေရန် သတိ​နှင့်​စောင့်​နေ​လျက် ဆုတောင်း​ကြ​လော့။ စိတ်​ဝိညာဉ်​သည် ထက်သန်​သော်လည်း ကိုယ်ကာယ​မူကား အားနည်း​၏”​ဟု မိန့်​တော်မူ​၏။ တစ်ဖန် ဒုတိယ​အကြိမ်​ထွက်သွား​၍“အကျွန်ုပ်​၏​အဖ၊ ဤ​ခွက်​ကို အကျွန်ုပ်​မ​သောက်​ဘဲ လွန်​သွား​ရန် မ​ဖြစ်နိုင်​ပါက ကိုယ်တော်​၏​အလို​တော်​အတိုင်း ဖြစ်​စေ​တော်မူ​ပါ”​ဟု ဆုတောင်း​တော်မူ​၏။ ထို့နောက် တစ်ဖန်​ပြန်လာ​၍ တပည့်​တော်​တို့​သည် မျက်စိ​လေးလံ​သဖြင့် အိပ်ပျော်​နေ​ကြ​သည်​ကို တွေ့​လျှင် သူ​တို့​ကို​ထားခဲ့​၍ တစ်ဖန်​ကြွသွား​လျက် အထက်​က တောင်းလျှောက်​ခဲ့​သည့်​အတိုင်း တတိယ​အကြိမ် ထပ်၍​ဆုတောင်း​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် တပည့်​တော်​တို့​ထံသို့ ပြန်လာ​၍“ယခု​တိုင်အောင်​အိပ်ပျော်​လျက် အနားယူ​နေ​ကြ​သလော။ ကြည့်ရှု​လော့။ အချိန်​ရောက်လာ​ပြီ။ လူ့သား​သည် အပြစ်သား​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်။ ထ​ကြ။ သွား​ကြ​စို့။ ငါ့​ကို​အပ်နှံ​မည့်​သူ​ရောက်လာ​ပြီ”​ဟု မိန့်​တော်မူ​၏။ ထိုသို့ ကိုယ်တော်​မိန့်​တော်မူ​စဉ် တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ထဲမှ တစ်​ပါး​ဖြစ်​သော​ယုဒ​သည် ရောက်လာ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​သက်ကြီးဝါကြီး​များ​က စေလွှတ်​လိုက်​သည့် များစွာ​သော​လူ​အစုအဝေး​တို့​သည်​လည်း တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် သူ​နှင့်အတူ​ပါ​လာ​၏။ ကိုယ်တော်​ကို​အပ်နှံ​သော​သူ​က “ငါ​နမ်း​သော​သူ​သည် ထို​သူ​ပင်​ဖြစ်​၏။ သူ့​ကို​ဖမ်းဆီး​ကြ​လော့”​ဟု ဆို​လျက် အချက်ပြ​အမှတ်အသား​ကို သူ​တို့​အား​ပေး​ထား​၏။ ထို့ကြောင့် သူ​သည် ယေရှု​ထံသို့ ချက်ချင်း​ချဉ်းကပ်​၍ “မင်္ဂလာ​ပါ၊ ရဗ္ဗိ”​ဟု ဆို​လျက် ကိုယ်တော်​ကို​နမ်း​လေ​၏။ ယေရှု​က​လည်း“အဆွေ၊ သင်​လာ​သည့်​အကြောင်း​ကိစ္စ​ကို​ဆောင်ရွက်​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ လူ​တို့​သည် ချဉ်းကပ်​၍ ယေရှု​ကို​ဖမ်းဆီး​ချုပ်ကိုင်​ထား​ကြ​၏။ ထိုစဉ် ယေရှု​နှင့်အတူ​ရှိ​သော​သူ​တို့​ထဲမှ တစ်​ဦး​သည် လက်​ကို​ဆန့်​၍ မိမိ​၏​ဓား​ကို​ဆွဲထုတ်​ကာ ယဇ်ပုရောဟိတ်​မင်း​၏​အစေအပါး​တစ်​ဦး​ကို​ခုတ်​သဖြင့် ထို​သူ​၏​နားရွက်​ပြတ်​သွား​လေ​၏။ ယေရှု​က​လည်း ထို​သူ​အား“သင်​၏​ဓား​ကို သူ့​နေရာ​၌​ပြန်ထား​လော့။ အကြောင်းမူကား ဓား​ကိုင်​သော​သူ​အားလုံး​တို့​သည် ဓား​ဖြင့်​ပျက်စီး​ရ​လိမ့်မည်။ ယခု​ပင် တစ်ဆယ့်နှစ်​တပ်​ထက်​များပြား​သော ကောင်းကင်တမန်​ကို ငါ့​ထံသို့​စေလွှတ်​တော်မူ​မည့်​အကြောင်း ခမည်းတော်​ထံသို့ ငါ​မ​တောင်း​နိုင်​ဟု သင်​ထင်​သလော။ သို့ဖြစ်လျှင် ဤ​သို့​ဖြစ်​ရ​မည်​ဟု​ဆို​ထား​သော ကျမ်းချက်​များ​သည် မည်သို့​ပြည့်စုံ​ခြင်း​သို့​ရောက်​နိုင်​မည်နည်း”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယေရှု​သည် လူ​အစုအဝေး​တို့​အား“သင်​တို့​သည် ဓားပြ​ကို​ဖမ်း​သကဲ့သို့ တုတ်၊ ဓား​များ​ကိုင်ဆောင်​လျက် ငါ့​ကို​ဖမ်းဆီး​ရန်​လာ​ကြ​သလော။ ငါ​သည် နေ့တိုင်း ဗိမာန်​တော်​၌​ထိုင်​လျက် သွန်သင်​နေ​ခဲ့​သော်လည်း သင်​တို့​သည် ငါ့​ကို​မ​ဖမ်းဆီး​ကြ။ သို့သော် ဤ​အမှုအရာ​အားလုံး​ဖြစ်ပျက်​ရ​ခြင်း​မှာ ပရောဖက်​ကျမ်း​များ​ပြည့်စုံ​ခြင်း​သို့​ရောက်​မည့်​အကြောင်း​တည်း”​ဟု မိန့်​တော်မူ​၏။ ထိုအခါ တပည့်​တော်​အားလုံး​တို့​သည် ကိုယ်တော်​ကို​စွန့်ခွာ​၍ ထွက်ပြေး​ကြ​၏။ ယေရှု​ကို​ဖမ်းဆီး​သော​သူ​တို့​သည် ကျမ်းပြု​ဆရာ​များ​နှင့်​သက်ကြီးဝါကြီး​များ​စုဝေး​ရာ ယဇ်ပုရောဟိတ်​မင်း​ကယာဖ​ထံသို့ ကိုယ်တော်​ကို​ခေါ်ဆောင်​သွား​ကြ​၏။ ပေတရု​သည်​လည်း ယဇ်ပုရောဟိတ်​မင်း​၏​ခြံဝင်း​အထိ ကိုယ်တော်​၏​နောက်​သို့ မလှမ်းမကမ်း​မှ​လိုက်​သွား​ကာ နောက်ဆုံး​မည်သို့​ဖြစ်​မည်​ကို​သိမြင်​ရန် အထဲ​သို့​ဝင်​၍ အစောင့်​တပ်သား​များ​နှင့်အတူ​ထိုင်​နေ​၏။ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။ မမှန်​သော​သက်သေ​ထွက်ဆို​သော​သူ များစွာ​လာ​ကြ​သော်လည်း မည်သည့်​အထောက်အထား​မျှ​မ​တွေ့​ရ​ကြ။ နောက်ဆုံး​တွင် လူ​နှစ်​ဦး​သည် လာ​၍ “ဤ​သူ​က ‘ငါ​သည် ဘုရားသခင်​၏​ဗိမာန်​တော်​ကို​ဖြိုဖျက်​၍ သုံး​ရက်​အတွင်း ပြန်လည်​တည်ဆောက်​နိုင်​သည်’​ဟု ပြော​ပါ​သည်”​ဟူ၍ ထွက်ဆို​ကြ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည်​ထ​၍ “သင်​သည် တစ်ခွန်းမျှ​မ​ဖြေ​ဘဲ​နေ​သလော။ ဤ​သူ​တို့​သည် သင့်​တစ်ဖက်​၌ သက်သေခံ​ကြ​သည်​မှာ မည်သို့​နည်း”​ဟု ကိုယ်တော်​အား​မေး​လေ​၏။ သို့သော် ယေရှု​သည် တိတ်ဆိတ်​စွာ​နေ​တော်မူ​၏။ ယဇ်ပုရောဟိတ်​မင်း​က​လည်း “သင်​သည် ဘုရားသခင်​၏​သား​တော် ခရစ်တော်​ဟုတ်​၊ မဟုတ် ငါ​တို့​အား​ပြော​ရန် အသက်ရှင်​တော်မူ​သော​ဘုရားသခင်​၏​နာမ​တော်​ကို​တိုင်တည်​၍ သင့်​အား ငါ​အမိန့်​ပေး​၏”​ဟု ဆို​၏။ ယေရှု​က“သင်​ပြော​သည့်​အတိုင်း​ပေတည်း။ ထို့ပြင် သင်​တို့​အား ငါ​ဆို​မည်။ နောင်တွင် လူ့သား​သည် တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော​အရှင်​၏​လက်ယာ​ဘက်​၌​ထိုင်​၍ ကောင်းကင်​မိုးတိမ်​များ​စီး​လျက်​ကြွလာ​သည်​ကို သင်​တို့​မြင်​ရ​ကြ​လိမ့်မည်”​ဟု ပြန်၍​မိန့်​တော်မူ​၏။ ထိုအခါ ယဇ်ပုရောဟိတ်​မင်း​သည် မိမိ​၏​ဝတ်ရုံ​ကို​ဆုတ်ဖြဲ​လျက် “သူ​သည် ဘုရားသခင်​ကို စော်ကား​ပြောဆို​လေ​ပြီ။ နောက်ထပ် မည်သည့်​သက်သေ​များ​လို​သေး​သနည်း။ ဘုရားသခင်​အား​စော်ကား​ပြောဆို​သော​စကား​ကို ယခု​ပင် သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​မည်သို့​ထင်မြင်​ကြ​သနည်း”​ဟု ဆို​သော် သူ​တို့​က “သူ​သည် သေဒဏ်​ခံထိုက်​၏”​ဟု ပြန်ပြော​ကြ​၏။ ထို့နောက် သူ​တို့​သည် ကိုယ်တော်​၏​မျက်နှာ​တော်​ကို တံတွေး​နှင့်​ထွေး​လျက် ကိုယ်တော်​ကို​ထိုးနှက်​ကြ​၏။ အချို့​တို့​သည်​လည်း ကိုယ်တော်​ကို​ရိုက်ပုတ်​လျက် “အချင်း​ခရစ်တော်၊ သင့်​ကို​ရိုက်​သော​သူ​သည် မည်သူ​ဖြစ်​သည်​ကို ဟော​ကြည့်​ပါ”​ဟု ဆို​ကြ​၏။ ပေတရု​မူကား အိမ်​အပြင် ခြံဝင်း​အတွင်း​၌ ထိုင်​နေ​၏။ ထိုအခါ အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ထံသို့​ချဉ်းကပ်​လာ​၍ “သင်​သည်​လည်း ဂါလိလဲ​နယ်သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ သို့သော် ပေတရု​က “သင်​ပြော​နေ​သည့်​အရာ​ကို ငါ​မ​သိ”​ဟု အားလုံး​ရှေ့​တွင် ငြင်းဆို​လေ​၏။ ထို့နောက် ဝင်း​တံခါး​ဘက်​သို့​ထွက်သွား​ရာ အခြား​အစေခံ​မိန်းမ​တစ်​ယောက်​သည် သူ့​ကို​တွေ့​သဖြင့် ထို​နေရာ​၌​ရှိ​သော​သူ​တို့​အား “ဤ​သူ​သည် နာဇရက်​မြို့သား​ယေရှု​နှင့်အတူ​ရှိ​ခဲ့​သည်”​ဟု ဆို​၏။ ပေတရု​က​လည်း “ထို​လူ​ကို​ငါ​မ​သိ”​ဟု တစ်ဖန်​ကျိန်တွယ်​လျက် ငြင်းဆို​လေ​၏။ ထို့နောက် ခဏ​ကြာ​လျှင် အနီး​တွင်​ရပ်​နေ​သော​သူ​တို့​သည် ပေတရု​ထံသို့ ချဉ်းကပ်​လာ​၍ “အမှန်စင်စစ် သင်​သည်​လည်း ထို​သူ​တို့​အထဲမှ​တစ်​ယောက်​ဖြစ်​သည်။ အကြောင်းမူကား သင်​၏​ပြောဆို​ပုံ​သည် သင့်​ကို သိသာ​ထင်ရှား​စေ​သည်”​ဟု ဆို​ကြ​၏။ ပေတရု​က​လည်း “ထို​သူ​ကို​ငါ​မ​သိ”​ဟု တိုင်တည်​၍ ကျိန်ဆို​သည်​နှင့် ချက်ချင်း​ပင် ကြက်​တွန်​လေ​၏။ ထိုအခါ ပေတရု​သည်“ကြက်​မ​တွန်​မီ သင်​သည် ငါ့​ကို သုံး​ကြိမ်​တိုင်တိုင်​ငြင်းပယ်​လိမ့်မည်”​ဟု ယေရှု​မိန့်​တော်မူ​ခဲ့​သည့်​စကား​ကို သတိရ​သဖြင့် အပြင်​သို့​ထွက်​၍ သည်းထန်​စွာ​ငိုကြွေး​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။