ရှင်မဿဲ 24:3-51
ရှင်မဿဲ 24:3-51 Judson Bible (JBMLE)
ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲ ချဉ်းကပ်၍၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။- ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။- အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်း မရှိစေခြင်းငှာ သတိပြုကြလော့။ ထိုအမှုအရာများသည် ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။- လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။- ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံကြလိမ့်မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။- ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ်ကြလိမ့်မည်။- အချင်းချင်း မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍ လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။- မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။- အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။- လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။ ထိုကြောင့် ပရောဖက်ဒံယေလ ဟောသည်အတိုင်း ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် သန့်ရှင်းသောအရပ်ဌာန၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကိုကြည့်သောသူသည် နားလည်ပါစေ။- ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။- အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲက ဥစ္စာကိုယူခြင်းငှာ မဆင်းစေနှင့်။- လယ်၌ရှိသောသူလည်း မိမိအဝတ်ကို ယူခြင်းငှာ နောက်သို့ မပြန်စေနှင့်။- ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။- သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်းကြလော့။- အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။- ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူတို့အဖို့အလို့ငှာ ထိုကာလသည် တိုလိမ့်မည်။ ထိုအခါ သူတစ်ပါးက ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကို ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။- ထိုအကြောင်းအရာတို့ကို ငါပြောနှင့်ပြီ။- ထိုကြောင့် သူတို့က ခရစ်တော်သည် တော၌ရှိသည်ဟု ဆိုသော်လည်း မထွက်မသွားကြနှင့်။ တိုက်ခန်း၌ ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။- လျှပ်စစ်သည် အရှေ့မှပြက်၍ အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတ္တံ့။- အသေကောင်ရှိရာ၌ ရွှေလင်းတတို့သည် စုဝေးကြလတ္တံ့။ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။ ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။- ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။- လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကို ပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေးချယ်တော်မူသော သူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတ္တံ့။ သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။- ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကို မြင်ရလျှင် လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။- ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သောလူများ မကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။- ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကား တည်လိမ့်မည်။- ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။- ရေလွှမ်းမိုးခြင်း မဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သော နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက် နေ၍၊- ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည် တိုင်အောင် သတိမဲ့နေကြသည် နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။- ထိုအခါ လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- ကြိတ်ဆုံကြိတ်သော သူနှစ်ယောက်တို့တွင် တစ်ယောက်ကိုသိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတ္တံ့။- သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။- သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကို မထွင်းမဖောက်စေခြင်းငှာ၊ စောင့်နေလိမ့်မည်ကို သင်တို့သိကြ၏။- ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။ အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေခြင်းငှာ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။- အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။- ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။- သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲလိမ့်မည်ဟု စိတ်ထဲ၌ အောက်မေ့သည်နှင့်၊- ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသော သူတို့နှင့်တကွ စားသောက်လျက်နေ၏။- ထိုကျွန် မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသော အချိန်နာရီ၌ သခင်သည် ရောက်လာလျှင်၊- ထိုကျွန်ကို ပြင်းပြစွာ ကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတ္တံ့။
ရှင်မဿဲ 24:3-51 Common Language Bible (BCL)
ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။ သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။- `ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။- သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။- လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။- ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။ ``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။- ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။- တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။- ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။- သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။- နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။ ``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)- ထိုသို့မြင်ရသောအခါယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ပြေးကြစေ။- အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။- လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံယူရန် အိမ်သို့မပြန်စေနှင့်။- ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။- သင်တို့သည်ထွက်ပြေးရမည့်အချိန်ကာလသည် ဆောင်းဥတု၌သော်လည်းကောင်း၊ ဥပုသ်နေ့၌ သော်လည်းကောင်းမကျမရောက်ပါစေနှင့်ဟု ဆုတောင်းကြလော့။- ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။- ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။'' ``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုလျှင်မယုံကြနှင့်။- မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။- ဤအကြောင်းအရာများမဖြစ်ပေါ်မီသင်တို့ အားကြိုတင်၍ငါဖော်ပြပြီ။'' ``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။- လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။'' ``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။'' ``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။- ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။- ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။ ``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကိုသင်ယူ ကြလော့။ ထိုအပင်တွင်အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါနွေကာလနီးသည်ကို သင်တို့သိကြ၏။- ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီးတံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။- အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။- ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။'' ``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။- နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။- ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။- သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။- ထိုအခါလယ်ထဲတွင်ရှိသူလူနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။- ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။- သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။- အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။- လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။ ``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။- သူသည်မိမိတာဝန်ကိုသစ္စာရှိစွာဆောင်ရွက်နေ သည်ကိုသခင်ပြန်လာချိန်၌တွေ့ရလျှင်မင်္ဂလာ ရှိ၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။- သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊- ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။- ထိုနောက်ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင် သည့်အချိန်၌သူ့သခင်သည်ပြန်လာ၍၊- သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။
ရှင်မဿဲ 24:3-51 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။ ယေရှုကလည်း“မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည်ခရစ်တော်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။ ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။ ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။ များစွာသောပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ တရားမဲ့ခြင်းသည်လည်း များပြားလာသဖြင့် များစွာသောလူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။ ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ ထွက်ပြေးကြစေ။ လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။ လယ်၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။ ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ သင်တို့ထွက်ပြေးရမည့်အချိန်သည် ဆောင်းရာသီနှင့်ဥပုသ်နေ့တို့မဖြစ်စေရန် ဆုတောင်းကြလော့။ အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။ ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။ ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။ အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။ နားထောင်ကြလော့။ သင်တို့အား ငါကြိုတင်ပြောထားပြီ။ ထို့ကြောင့် လူတို့က ‘ကြည့်လော့။ ကိုယ်တော်သည် တောကန္တာရ၌ရှိသည်’ဟု ပြောလျှင်လည်း ထွက်မသွားကြနှင့်။ ‘ကြည့်လော့။ အိမ်အတွင်းခန်းထဲ၌ရှိသည်’ဟု ပြောလျှင်လည်း မယုံကြနှင့်။ အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။ အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။ ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။ သဖန်းပင်မှ ပုံဥပမာကို သင်ယူကြလော့။ ၎င်း၏အကိုင်းအခက်သည်နုလာပြီး အရွက်များထွက်လာသောအခါ နွေရာသီနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။ ထိုနည်းတူ သင်တို့သည်လည်း ဤအရာအားလုံးကိုမြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီတိုင်အောင် ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ ထိုနေ့ရက်၊ ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်တစ်ပါးတည်းမှလွဲ၍ မည်သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။ လူ့သား၏ကြွလာခြင်းသည် နောဧ၏နေ့ရက်များကဲ့သို့ဖြစ်လိမ့်မည်။ မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ သင်တို့သခင်သည် မည်သည့်နေ့ရက်၌ကြွလာမည်ကို သင်တို့မသိကြ။ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် သတိနှင့်စောင့်နေလျက် မိမိအိမ်ကိုဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။ ထို့ကြောင့် လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့။ မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။ မိမိသခင်ပြန်လာသောအခါ ထိုအတိုင်းဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကိုထိန်းသိမ်းစောင့်ရှောက်ရန် သူ့ကိုခန့်ထားလိမ့်မည်။ သို့သော် ဆိုးယုတ်သောအစေအပါးသည် မိမိ၏စိတ်ထဲ၌ ‘ငါ့သခင်ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင် ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင်ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။