ထို့နောက် သံလွင်တောင်ပေါ်၌ ကိုယ်တော်ထိုင်နေတော်မူစဉ် တပည့်တော်တို့သည် သူတို့ချည်းသာ အထံတော်သို့ချဉ်းကပ်လာ၍ “ထိုအရာများသည် မည်သည့်အချိန်၌ဖြစ်ပျက်မည်ကိုလည်းကောင်း၊ ကိုယ်တော်ကြွလာတော်မူချိန်နှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်တို့၌ မည်သည့်အတိတ်နိမိတ်ဖြစ်ပေါ်မည်ကိုလည်းကောင်း အကျွန်ုပ်တို့အား မိန့်တော်မူပါ”ဟု လျှောက်ကြ၏။ ယေရှုကလည်း“မည်သူမျှ သင်တို့ကိုမလှည့်ဖြားစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောသူတို့သည် ငါ၏နာမကိုခံယူသုံးစွဲ၍ ရောက်လာကာ ‘ငါသည်ခရစ်တော်ဖြစ်၏’ဟု ဆိုကြပြီး လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။ ဤအရာအားလုံးတို့သည် သားဖွားခြင်းဝေဒနာ၏အစဖြစ်၏။ ထို့နောက် လူတို့သည် သင်တို့ကိုနှိပ်စက်ရန် အပ်နှံ၍ သင်တို့ကို သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ့နာမကြောင့် လူမျိုးတကာတို့၏မုန်းတီးခြင်းကို ခံရကြလိမ့်မည်။ ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။ များစွာသောပရောဖက်အတုအယောင်တို့သည် ပေါ်လာ၍ လူအမြောက်အမြားတို့ကို လှည့်ဖြားကြလိမ့်မည်။ တရားမဲ့ခြင်းသည်လည်း များပြားလာသဖြင့် များစွာသောလူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။ သို့သော် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။ ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် မိန့်တော်မူခဲ့သည့် ပျက်စီးဆိတ်သုဉ်းခြင်းနှင့်ဆိုင်သောရွံရှာဖွယ်အရာ သည် သန့်ရှင်းသောနေရာ၌ ရပ်နေသည်ကို သင်တို့မြင်ကြသောအခါ (ဖတ်သောသူနားလည်ပါစေ) ယုဒနယ်၌ရှိသောသူတို့သည် တောင်များပေါ်သို့ ထွက်ပြေးကြစေ။ လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။ လယ်၌ရှိသောသူသည်လည်း မိမိ၏ဝတ်ရုံကိုယူရန် နောက်သို့ပြန်မလှည့်စေနှင့်။ ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့စို့ကလေးငယ်ရှိသောမိခင်များသည် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြလိမ့်မည်။ သင်တို့ထွက်ပြေးရမည့်အချိန်သည် ဆောင်းရာသီနှင့်ဥပုသ်နေ့တို့မဖြစ်စေရန် ဆုတောင်းကြလော့။ အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်တွင်လည်း လုံးဝဖြစ်မည်မဟုတ်သော ကြီးမားသည့် ဆင်းရဲဒုက္ခမျိုးသည် ထိုကာလ၌ ကျရောက်လိမ့်မည်။ ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူလိမ့်မည်။ ထိုအခါ တစ်စုံတစ်ယောက်က သင်တို့အား ‘ကြည့်လော့။ ခရစ်တော်သည် ဤအရပ်၌ရှိ၏’ သို့မဟုတ် ‘ထိုအရပ်၌ရှိ၏’ဟု ဆိုလျှင်လည်း မယုံကြနှင့်။ အကြောင်းမူကား ခရစ်တော်အတုအယောင်များနှင့် ပရောဖက်အတုအယောင်များပေါ်လာ၍ ဖြစ်နိုင်လျှင် ရွေးကောက်ခံရသောသူတို့ကိုပင် လှည့်ဖြားရန် ကြီးမားသောနိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်ရာများကို ပြုကြလိမ့်မည်။ နားထောင်ကြလော့။ သင်တို့အား ငါကြိုတင်ပြောထားပြီ။ ထို့ကြောင့် လူတို့က ‘ကြည့်လော့။ ကိုယ်တော်သည် တောကန္တာရ၌ရှိသည်’ဟု ပြောလျှင်လည်း ထွက်မသွားကြနှင့်။ ‘ကြည့်လော့။ အိမ်အတွင်းခန်းထဲ၌ရှိသည်’ဟု ပြောလျှင်လည်း မယုံကြနှင့်။ အကြောင်းမူကား လျှပ်စီးသည် အရှေ့အရပ်မှလက်ပြီး အနောက်အရပ်တိုင်အောင် ထွန်းလင်းသကဲ့သို့ လူ့သား၏ကြွလာခြင်းသည်လည်း ထိုနည်းတူဖြစ်လိမ့်မည်။ အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်။ ထိုနေ့ရက်တို့၏ဆင်းရဲဒုက္ခပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မည်းသွား၍ လသည်လည်း မိမိ၏အလင်းရောင်ကိုမပေးဘဲနေလိမ့်မည်။ ကြယ်တို့သည်လည်း ကောင်းကင်မှကြွေကျကာ အာကာသကောင်းကင်၏စွမ်းအားတို့သည် တုန်လှုပ်ကြလိမ့်မည်။ ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ထို့နောက် လူ့သားသည် ကျယ်လောင်သောတံပိုးမှုတ်သံနှင့်အတူ မိမိ၏ကောင်းကင်တမန်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ကိုယ်တော်ရွေးကောက်ထားသောသူတို့ကို ကောင်းကင်အစွန်းတစ်ဖက်မှ အခြားအစွန်းတစ်ဖက်တိုင်အောင် အရပ်လေးမျက်နှာမှ စုစည်းကြလိမ့်မည်။ သဖန်းပင်မှ ပုံဥပမာကို သင်ယူကြလော့။ ၎င်း၏အကိုင်းအခက်သည်နုလာပြီး အရွက်များထွက်လာသောအခါ နွေရာသီနီးပြီဖြစ်ကြောင်း သင်တို့သိကြ၏။ ထိုနည်းတူ သင်တို့သည်လည်း ဤအရာအားလုံးကိုမြင်ရသောအခါ လူ့သားသည် တံခါးဝအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိမှတ်ကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာအားလုံးမဖြစ်ပျက်မီတိုင်အောင် ဤမျိုးဆက်သည် မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။ ထိုနေ့ရက်၊ ထိုအချိန်နာရီနှင့်ပတ်သက်၍မူကား ခမည်းတော်တစ်ပါးတည်းမှလွဲ၍ မည်သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန်များလည်းမသိ။ သားတော်လည်းမသိ။ လူ့သား၏ကြွလာခြင်းသည် နောဧ၏နေ့ရက်များကဲ့သို့ဖြစ်လိမ့်မည်။ မည်သို့နည်းဟူမူကား ရေမလွှမ်းမိုးမီကာလ၌ နောဧသည် သင်္ဘောထဲသို့ ဝင်သည့်နေ့တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်၊ ပေးစားဆောင်နှင်းလျက်နေ၍ ရေလွှမ်းမိုးခြင်းရောက်လာပြီး သူတို့အားလုံးကို ဖယ်ရှားသုတ်သင်သည့်တိုင်အောင် သတိကင်းမဲ့လျက်နေကြ၏။ လူ့သားကြွလာသောအခါ၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ ထိုအခါ လယ်၌ရှိသောလူနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ ကြိတ်ဆုံကြိတ်နေသော အမျိုးသမီးနှစ်ဦးတို့တွင် တစ်ဦးသည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ဦးသည် ကျန်ရစ်ရလိမ့်မည်။ သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ သင်တို့သခင်သည် မည်သည့်နေ့ရက်၌ကြွလာမည်ကို သင်တို့မသိကြ။ အိမ်ရှင်သည် သူခိုးလာမည့်အချိန်ကိုသိထားလျှင် သတိနှင့်စောင့်နေလျက် မိမိအိမ်ကိုဖောက်ထွင်းခွင့်ပြုမည်မဟုတ်ကြောင်း သိမှတ်ကြလော့။ ထို့ကြောင့် လူ့သားသည် သင်တို့မထင်မှတ်သောအချိန်၌ ကြွလာမည်ဖြစ်၍ သင်တို့သည်လည်း အသင့်ရှိနေကြလော့။ မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။ မိမိသခင်ပြန်လာသောအခါ ထိုအတိုင်းဆောင်ရွက်နေသည်ကို သခင်တွေ့ရသောအစေအပါးသည် မင်္ဂလာရှိ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ဥစ္စာပစ္စည်းရှိသမျှကိုထိန်းသိမ်းစောင့်ရှောက်ရန် သူ့ကိုခန့်ထားလိမ့်မည်။ သို့သော် ဆိုးယုတ်သောအစေအပါးသည် မိမိ၏စိတ်ထဲ၌ ‘ငါ့သခင်ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေအပါးချင်းတို့ကို ရိုက်နှက်ကာ ယစ်မူးသောသူများနှင့်အတူ စားသောက်လျက်နေလျှင် ထိုအစေအပါး၏သခင်သည် သူမျှော်လင့်မထားသောနေ့၊ သူမသိသောအချိန်တွင်ရောက်လာ၍ သူ့ကို ပြင်းစွာပြစ်ဒဏ်ပေးကာ သူတော်ကောင်းယောင်ဆောင်သောသူတို့နှင့်အတူ နေရာချထားလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။
ရှင်မဿဲခရစ်ဝင် 24 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 24
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 24:3-51
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ