ရှင်မဿဲ 22:1-14
ရှင်မဿဲ 22:1-14 Judson Bible (JBMLE)
တစ်ဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊- ကောင်းကင်နိုင်ငံတော်သည် မိမိသားအဖို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သော မင်းကြီးနှင့် တူ၏။- ထိုမင်းကြီးသည် ဖိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှာ လုလင်တို့ကို စေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။- တစ်ဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန်များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဖိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။- သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့ သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။- ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဖမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။- ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။ ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏ မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဖိတ်သောသူတို့သည် မထိုက်မတန်သောကြောင့်၊- လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဖိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊- လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်း တွေ့သမျှသော လူအပေါင်းတို့ကို စုဝေးစေ၍ ပွဲတော်၌ အပြည့်ရှိလေ၏။- မင်းကြီးသည် ပွဲ၌လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှာ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သော သူတစ်ယောက်ကိုမြင်လျှင်၊- အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့် ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူသည် မပြောနိုင်ဘဲနေ၏။- ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကို တုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။- ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ နည်းသည်ဟု မိန့်တော်မူ၏။
ရှင်မဿဲ 22:1-14 Common Language Bible (BCL)
သခင်ယေရှုသည်ပုံဥပမာဆောင်၍ထိုသူ တို့အားမိန့်တော်မူပြန်၏။- ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်သည်သား တော်အတွက်မင်္ဂလာဆောင်ဧည့်ခံပွဲကိုပြင်ဆင် ထားသည့်ဘုရင်တစ်ပါးကြုံတွေ့ရသည့်အဖြစ် အပျက်နှင့်တူ၏။- မင်းကြီးသည်ဖိတ်ကြားထားသူများထံသို့မင်း စေတို့ကိုလွှတ်၍ခေါ်ဖိတ်စေ၏။ သို့ရာတွင်သူတို့ သည်မလာလိုကြ။- မင်းကြီးက `ငါ၏ညစာစားပွဲအသင့်ရှိပြီ။ နွား အစရှိသည့်ဆူဖြိုးသောတိရစ္ဆာန်များကိုလည်း သတ်ပြီးပြီ။ အားလုံးအဆင်သင့်ရှိပြီဖြစ်၍ မင်္ဂလာဆောင်ပွဲသို့ကြွရောက်ကြပါ' ဟုဖိတ် ကြားထားသူတို့အားပြောကြလော့ဟူ၍ အခြားမင်းစေတို့အားလွှတ်တော်မူ၏။- သို့ရာတွင်ဖိတ်ကြားထားသူတို့သည်မင်းစေ တို့ကိုဂရုမစိုက်ဘဲတစ်ယောက်ကလယ်တော သို့လည်းကောင်း၊ အခြားတစ်ယောက်ကမိမိ ကုန်သွယ်ရာသို့လည်းကောင်းသွားကြ၏။- ကျန်သောသူများကမင်းစေတို့ကိုဖမ်း၍ ရိုက်နှက်သတ်ဖြတ်ကြ၏။- မင်းကြီးသည်လွန်စွာအမျက်ထွက်၍စစ်သား များကိုစေလွှတ်ပြီးလျှင်ထိုလူသတ်သမား တို့ကိုသုတ်သင်စေ၏။ သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။- ထိုနောက်မင်းစေတို့ကိုခေါ်ပြီးလျှင်မင်္ဂလာဆောင် ဧည့်ခံပွဲသည်အသင့်ရှိပြီဖြစ်သော်လည်းဖိတ် ကြားခြင်းခံရသူတို့သည်ထိုပွဲနှင့်မထိုက်မတန် ကြသဖြင့်၊- `လမ်းမကြီးများသို့သွား၍သင်တို့တွေ့ရှိသမျှ သောသူတို့ကိုခေါ်ဖိတ်ကြလော့' ဟုမိန့်တော်မူ၏။- မင်းစေတို့သည်လမ်းများသို့သွား၍တွေ့ရှိသမျှ သောလူဆိုးလူကောင်းတို့ကိုခေါ်ဆောင်ခဲ့ကြ၏။ သို့ဖြစ်၍မင်္ဂလာဆောင်ပွဲခန်းမသည်ဧည့်သည် များဖြင့်ပြည့်၍နေလေ၏။'' ``မင်းကြီးသည်ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံ ကိုဝတ်ဆင်မထားသူလူတစ်ယောက်ကိုမြင် တော်မူသဖြင့် `အဆွေသင်သည်ပွဲထိုင်ဝတ်စုံ ကိုမဝတ်မဆင်ဘဲအဘယ်ကြောင့်လာပါ သနည်း' ဟုမေးတော်မူ၏။- သို့ရာတွင်ထိုသူသည်မဖြေနိုင်ဘဲရှိနေ၏။- ထိုအခါမင်းကြီးကမင်းစေတို့အား `ထိုသူ၏ ခြေလက်တို့ကိုတုပ်နှောင်ပြီးလျှင်အပြင်အမှောင် ထဲသို့ထုတ်လိုက်ကြ။ ထိုနေရာတွင်သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက် နေရလိမ့်မည်' ဟုအမိန့်တော်ရှိ၏'' ဟူ၍ မိန့်တော်မူသည်။ ထိုနောက်သခင်ယေရှုက ``ဖိတ်ကြားခြင်းခံရ သူတို့မှာများသော်လည်းရွေးကောက်ခြင်းခံရ သူတို့ကားနည်း၏'' ဟုမိန့်တော်မူသည်။
ရှင်မဿဲ 22:1-14 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
တစ်ဖန် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် မိမိသားအတွက် မင်္ဂလာဆောင်ပွဲကျင်းပသော ဘုရင်တစ်ပါးနှင့်တူ၏။ သူသည် ဖိတ်ခေါ်ထားသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ခေါ်လာရန် မိမိ၏အစေအပါးတို့ကိုစေလွှတ်သော်လည်း သူတို့သည် မလာလိုကြပေ။ တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။ သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။ အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။ ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။ ထို့နောက် သူ၏အစေအပါးတို့အား ‘မင်္ဂလာဆောင်ပွဲသည် အဆင်သင့်ဖြစ်သော်လည်း ဖိတ်ခေါ်ထားသောသူတို့သည် မထိုက်တန်ကြသောကြောင့် လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။ ထိုအခါ အစေအပါးတို့သည် လမ်းများသို့သွား၍ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ တွေ့သမျှသောသူတို့ကို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်သွားလေ၏။ ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင် ‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။ ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။ အကြောင်းမူကား ခေါ်ယူတော်မူခြင်းခံရသောသူတို့သည် များစွာရှိကြသော်လည်း ရွေးကောက်ခံရသောသူတို့သည် နည်းကြ၏”ဟု မိန့်တော်မူ၏။