တစ်ဖန် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ “ကောင်းကင်နိုင်ငံတော်သည် မိမိသားအတွက် မင်္ဂလာဆောင်ပွဲကျင်းပသော ဘုရင်တစ်ပါးနှင့်တူ၏။ သူသည် ဖိတ်ခေါ်ထားသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ခေါ်လာရန် မိမိ၏အစေအပါးတို့ကိုစေလွှတ်သော်လည်း သူတို့သည် မလာလိုကြပေ။ တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။ သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။ အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။ ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။ ထို့နောက် သူ၏အစေအပါးတို့အား ‘မင်္ဂလာဆောင်ပွဲသည် အဆင်သင့်ဖြစ်သော်လည်း ဖိတ်ခေါ်ထားသောသူတို့သည် မထိုက်တန်ကြသောကြောင့် လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။ ထိုအခါ အစေအပါးတို့သည် လမ်းများသို့သွား၍ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ တွေ့သမျှသောသူတို့ကို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်သွားလေ၏။ ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင် ‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။ ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။ အကြောင်းမူကား ခေါ်ယူတော်မူခြင်းခံရသောသူတို့သည် များစွာရှိကြသော်လည်း ရွေးကောက်ခံရသောသူတို့သည် နည်းကြ၏”ဟု မိန့်တော်မူ၏။
ရှင်မဿဲခရစ်ဝင် 22 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲခရစ်ဝင် 22
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲခရစ်ဝင် 22:1-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ