ရှင်မဿဲ 21:1-17
ရှင်မဿဲ 21:1-17 Judson Bible (JBMLE)
ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေရွာသို့ ရောက်ကြသောအခါ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။- သူတစ်ပါးသည် သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊- နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ တပည့်တော်တို့သည် သွား၍ အမိန့်တော်အတိုင်း ပြုသဖြင့်၊- မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။- အတိုင်းမသိ များစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍ လမ်း၌ခင်းကြ၏။- ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။- ယေရုရှလင်မြို့သို့ ဝင်တော်မူသောအခါ တစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်းဟု မေးမြန်းကြလျှင်၊- လူအစုအဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ ပေါ်ထွန်းသော ပရောဖက်ယေရှုပေတည်းဟု ပြောဆိုကြ၏။ ယေရှုသည် ဘုရားသခင်၏ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ရောင်းဝယ်သောသူ အပေါင်းတို့ကို နှင်ထုတ်၍၊ ငွေလဲသောသူတို့၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသောသူတို့၏ ထိုင်နေရာကိုလည်းကောင်း တွန်းလှဲတော်မူလျက်၊- ငါ့အိမ်ကို ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့ဟု ကျမ်းစာ၌လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်း ဖြစ်စေကြပြီတကားဟု မိန့်တော်မူ၏။- ထိုအခါ ဗိမာန်တော်၌ မျက်စိကန်းသောသူ၊ ခြေမစွမ်းသောသူတို့သည် အထံတော်သို့လာ၍ သူတို့ အနာရောဂါကို ငြိမ်းစေတော်မူ၏။- ကိုယ်တော်ပြုတော်မူသော အံ့ဩဖွယ်အမှုတို့ကိုလည်းကောင်း၊ သူငယ်တို့ကလည်း၊ ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်းဟု ဗိမာန်တော်၌ ကြွေးကြော်ကြသည်ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် ကြားမြင်လျှင် အမျက်ထွက်ကြ၍၊- ဤသူတို့သည် အဘယ်သို့ပြောဆိုသည်ကို ကြားသလောဟု ယေရှုအား မေးကြလေသော်၊ ငါကြား၏။ နို့စို့သူငယ်တို့ နှုတ်ထဲမှ ကိုယ်တော်သည် ချီးမွမ်းခြင်းကို ပြင်ဆင်တော်မူသည်ဟူသော စကားကို သင်တို့သည် တစ်ရံတစ်ခါမျှ မဖတ်ဖူးသလောဟု မိန့်တော်မူ၏။- ထိုအခါ သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ ထိုညကို လွန်စေတော်မူ၏။
ရှင်မဿဲ 21:1-17 Common Language Bible (BCL)
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့ချဉ်းကပ်လာသဖြင့် သံလွင်တောင်အနီး ရှိဗက်ဖာဂေရွာသို့ရောက်ကြ၏။ သခင်ယေရှု သည်တပည့်တော်နှစ်ယောက်အား၊- ``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြ။ မြည်း ကလေးတစ်ကောင်နှင့်အတူကြိုးဖြင့်လှန်ထား သောမြည်းမတစ်ကောင်ကိုတွေ့ရလိမ့်မည်။ ကြိုး ကိုဖြေ၍မြည်းများကိုယူခဲ့ကြလော့။- အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်ဖြေသနည်း' ဟုမေးခဲ့ သော် `အရှင်ဘုရားအလိုရှိပါသည်' ဟု ဖြေကြားကြလော့။ ထိုအခါသူသည်မြည်း များကိုချက်ချင်းယူခွင့်ပြုလိမ့်မည်'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။ ဤအခြင်းအရာကား ``သင်တို့၏ရှင်ဘုရင်သည် သင်တို့ထံသို့ကြွလာတော်မူပြီ။ ထိုအရှင်သည်နူးညံ့သိမ်မွေ့တော်မူသဖြင့် မြည်းကိုစီးတော်မူ၏။ ဝန်ဆောင်တိရစ္ဆာန်၏သား၊မြည်းကလေးကိုစီး တော်မူ၏ဟုဇိအုန်မြို့အားပြောကြားကြလော့'' ဟူ၍ပရောဖက်မြွက်ဆိုခဲ့သည့်အတိုင်း ဖြစ်ပျက်ခြင်းပင်တည်း။ တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင်သခင်ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။- သူတို့သည်မြည်းမနှင့်မြည်းကလေးကိုဆောင် ယူခဲ့၍ မိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။ ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။- လူပရိသတ်တို့သည်လည်းမိမိတို့၏ဝတ်လုံ များကိုလမ်းပေါ်မှာဖြန့်ခင်းကြ၏။ လူအချို့ တို့သည်သစ်ပင်များမှအကိုင်းအခက်များ ကိုခုတ်၍လမ်းပေါ်မှာခင်းကြ၏။- ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။ ယေရုရှလင်မြို့သို့ကိုယ်တော်ဝင်သောအခါ တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ပြီးလျှင် လူတို့ က ``ဤသူကားအဘယ်သူနည်း'' ဟုမေးမြန်း ကြ၏။ လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။ သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။- ထိုနောက်ကိုယ်တော်က ``ငါ၏အိမ်တော်ကိုဆု တောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့ ဟုကျမ်းစာလာ၏။ သို့ရာတွင်သင်တို့သည်အိမ် တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြပြီ တကား'' ဟုမိန့်တော်မူ၏။ ဗိမာန်တော်တွင်မျက်မမြင်များနှင့်ခြေမစွမ်း မသန်သူများသည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည်သူတို့၏ရောဂါများကိုပျောက် ကင်းစေတော်မူ၏။- ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုမြင်၍ ``ဒါဝိဒ်၏သားတော် အားချီးမွမ်းထောမနာပြုကြလော့'' ဟုဗိမာန် တော်ထဲတွင်ကလေးသူငယ်တို့ဟစ်အော်နေ သည်ကိုကြားကြသောအခါအမျက်ထွက် လျက်၊- ``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။ ထိုနောက်သခင်ယေရှုသည်မြို့မှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ထိုညတည်းခိုတော်မူ၏။
ရှင်မဿဲ 21:1-17 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့သည် ဂျေရုဆလင်မြို့အနီးသို့ရောက်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြသောအခါ ယေရှုသည် တပည့်တော်နှစ်ပါးကိုစေလွှတ်၍ “သင်တို့ရှေ့ကရွာထဲသို့ သွားကြလော့။ ထိုအခါ ချည်ထားသောမြည်းမနှင့် သူ၏အနားတွင်ရှိသောမြည်းကလေးကို သင်တို့ချက်ချင်းတွေ့ကြလိမ့်မည်။ မြည်းကြိုးဖြေ၍ ငါ့ထံသို့ ခေါ်ဆောင်လာကြလော့။ တစ်စုံတစ်ယောက်က သင်တို့အား တစ်စုံတစ်ခုပြောလျှင် ‘သခင်ဘုရားအလိုရှိသည်’ဟု ပြောကြလော့။ ထိုသို့ပြောလျှင် ၎င်းတို့ကို ချက်ချင်းပို့ပေးလိမ့်မည်”ဟူ၍ မိန့်တော်မူ၏။ ဤအမှုအရာဖြစ်ပျက်ခဲ့ခြင်းမှာ “ ‘ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် မြည်းမနှင့်မြည်း၏သားတည်းဟူသော မြည်းကလေးကိုစီးလျက် နူးညံ့သိမ်မွေ့စွာဖြင့် သင့်ထံသို့ကြွလာတော်မူ၏’ဟူ၍ ဇိအုန်သမီးအား ပြောကြားကြလော့”ဟု ပရောဖက်အားဖြင့်မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ တပည့်တော်တို့သည်လည်း သွား၍ သူတို့အား ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။ သူတို့သည် မြည်းမနှင့်မြည်းကလေးကို ခေါ်ဆောင်လာပြီးလျှင် ထိုမြည်းတို့အပေါ်၌ အဝတ်များကိုခင်းကြရာ ကိုယ်တော်သည် ၎င်းတို့အပေါ်ထိုင်တော်မူ၏။ အလွန်များပြားသောလူထုပရိသတ်သည်လည်း မိမိတို့၏ဝတ်ရုံများကို လမ်းပေါ်၌ခင်းကြ၏။ အချို့တို့မူကား သစ်ပင်တို့မှ အကိုင်းအခက်များကိုခုတ်လာ၍ လမ်းပေါ်၌ခင်းကြ၏။ ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဂျေရုဆလင်မြို့ထဲသို့ဝင်တော်မူရာ တစ်မြို့လုံးရုတ်ရုတ်ရက်ရက်ဖြစ်သဖြင့် “ဤသူကား မည်သူနည်း”ဟု မေးမြန်းကြ၏။ လူထုပရိသတ်များကလည်း “ဤသူသည် ဂါလိလဲနယ် နာဇရက်မြို့မှ ပရောဖက်ယေရှုဖြစ်သည်”ဟု ဆိုကြ၏။ ယေရှုသည် ဗိမာန်တော်ထဲသို့ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်နေသောသူအပေါင်းတို့ကို နှင်ထုတ်ပြီး ငွေကြေးလဲလှယ်သူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းနေသောသူတို့၏ထိုင်ခုံများကို မှောက်လှန်တော်မူကာ ထိုသူတို့အား“ ‘ငါ့အိမ်သည် ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်’ဟု ကျမ်းစာ၌ရေးထားသော်လည်း သင်တို့သည် ၎င်းကို ဓားပြတို့ခိုအောင်းရာ ဖြစ်စေကြပြီတကား”ဟု မိန့်တော်မူ၏။ ထို့နောက် ဗိမာန်တော်၌ မျက်မမြင်များနှင့်ခြေမသန်စွမ်းသူများသည် အထံတော်သို့လာကြရာ ကိုယ်တော်သည် သူတို့ကို အကောင်းပကတိဖြစ်စေတော်မူ၏။ သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများသည် ကိုယ်တော်ပြုတော်မူသော အံ့သြဖွယ်အမှုတို့ကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ဗိမာန်တော်၌ ကလေးများကြွေးကြော်နေကြသည်ကိုလည်းကောင်း မြင်လျှင် အမျက်ထွက်ကြ၍ “ဤကလေးတို့ပြောဆိုနေသောအရာကို ကြားသလော”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“ငါကြား၏။ ‘ကလေးသူငယ်များနှင့် နို့စို့ကလေးငယ်များ၏နှုတ်ထဲမှ ချီးမွမ်းခြင်းကို ကိုယ်တော်ပြင်ဆင်တော်မူ၏’ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလော”ဟု သူတို့အား မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် သူတို့ကိုထားခဲ့၍ မြို့ထဲမှထွက်ခွာလျက် ဗေသနိရွာသို့ကြွကာ ထိုရွာ၌ တစ်ညတာကုန်လွန်စေတော်မူ၏။