ရှင်မဿဲ 20:17-34
ရှင်မဿဲ 20:17-34 Judson Bible (JBMLE)
ယေရှုသည် ယေရုရှလင်မြို့သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ ခေါ်၍၊- ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်ကြလိမ့်မည်။- လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှာ တစ်ပါးအမျိုးသားတို့ လက်သို့ အပ်နှံကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်သို့ချဉ်း၍ ပျပ်ဝပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူသော်၊- ကိုယ်တော်၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။- ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့တောင်းပန်သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကို ခံခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊- ငါ၏ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့ အဖို့အလို့ငှာ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။ အခြားသော တပည့်တော်တစ်ကျိပ်တို့သည် ကြားသိလျှင်၊ ထိုညီအစ်ကိုနှစ်ယောက်တို့ကို အမျက်ထွက်ကြ၏။- ယေရှုသည် ထိုသူတို့ကိုခေါ်တော်မူ၍၊ သင်တို့ သိသည်အတိုင်း လောကီမင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။- အကဲအမှူးတို့သည် အာဏာထားတတ်ကြ၏။- သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ၊- သူတစ်ပါးအစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဖြစ်၍၊ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့တွင်အထွတ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။ ယေရိခေါမြို့မှ ထွက်သွားကြစဉ်တွင် လူများအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။- ယေရှုသည် ကြွသွားတော်မူကြောင်းကို လမ်းနားမှာထိုင်နေသော လူကန်းနှစ်ယောက်တို့သည် ကြားရလျှင် ဒါဝိဒ်၏သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု ဟစ်ကြော်လေ၏။ ထိုသူတို့ကို တိတ်ဆိတ်စွာနေစေခြင်းငှာ လူအစုအဝေးတို့သည် ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏ သားတော်အရှင်၊ အကျွန်ုပ်တို့ကို ကယ်မသနားတော်မူပါဟု သာ၍ ဟစ်ကြော်ကြ၏။- ယေရှုသည်လည်း ရပ်တော်မူလျက် ထိုသူတို့ကိုခေါ်၍ သင်တို့၌ အဘယ်သို့ ပြုစေလိုသနည်းဟု မေးတော်မူလျှင်၊- သခင်၊ အကျွန်ုပ်တို့ မျက်စိကို ပွင့်လင်းစေခြင်းငှာ ပြုတော်မူပါဟု လျှောက်ကြသော်၊- ယေရှုသည် သနားခြင်းစိတ်တော်ရှိ၍ သူတို့မျက်စိကို လက်နှင့် တို့တော်မူ၏။ ထိုခဏချင်းတွင် ထိုသူတို့သည် မျက်စိမြင်၍ နောက်တော်သို့ လိုက်ကြ၏။
ရှင်မဿဲ 20:17-34 Common Language Bible (BCL)
သခင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော် မူစဉ်တပည့်တော်တစ်ကျိပ်နှစ်ပါးတို့ကိုမလှမ်း မကမ်းသို့သီးခြားခေါ်တော်မူပြီးလျှင်၊- ``နားထောင်လော့။ ငါတို့သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်ရှိ၏။ ထိုမြို့တွင်လူသားသည်ယဇ် ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ ၏လက်သို့အပ်နှံခြင်းကိုခံရလိမ့်မည်။ သူတို့ သည်လူသားအားသေဒဏ်စီရင်ကာ၊- လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ ထိုနောက်ဇေဗေဒဲ၏သားများ၏မိခင်သည်သား များနှင့်အတူကိုယ်တော်ထံပန်ကြားလျှောက်ထား ရန်ချဉ်းကပ်ပျပ်ဝပ်၏။ ကိုယ်တော်က ``သင်အဘယ်အရာကိုအလိုရှိ သနည်း'' ဟုမေးတော်မူလျှင်၊ ``ကိုယ်တော်သည်ဘုရင်အဖြစ်အုပ်စိုးတော်မူ သောအခါ ကျွန်မ၏သားနှစ်ယောက်အားအရှင် ၏လက်ယာရံနှင့်လက်ဝဲရံခန့်ထားတော်မူပါ'' ဟုပန်ကြား၏။ သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။ ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။ ဤအကြောင်းအရာကိုတပည့်တော်ဆယ်ဦးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ယောက်ကိုစိတ်ဆိုး ကြ၏။- သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။- သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။- အကြီးမြတ်ဆုံးဖြစ်လိုသူသည်သင်တို့၏ကျွန် ဖြစ်ရမည်။- လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။ ကိုယ်တော်နှင့်တပည့်တော်တို့သည် ယေရိခေါ မြို့မှထွက်ခွာလာကြသောအခါ လူပရိသတ် ကြီးသည်နောက်တော်ကလိုက်ကြ၏။- သခင်ယေရှုကြွသွားတော်မူကြောင်းကို လမ်း အနီးတွင်ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့ ကြားသိသောအခါ ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော် ကြ၏။ လူပရိသတ်တို့ကသူတို့အားဆိတ်ဆိတ်နေ ရန်ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်းသူတို့ သည် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုသာ၍ပင်ဟစ်အော်ကြ၏။ သခင်ယေရှုသည်ရပ်တန့်တော်မူ၍ထိုသူတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် ``သင် တို့အတွက်အဘယ်အရာကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ သူတို့က ``အရှင်၊ အကျွန်ုပ်တို့အားမျက်စိပြန်၍ မြင်စေတော်မူပါ'' ဟုလျှောက်ကြ၏။ သခင်ယေရှုသည်သူတို့ကိုသနားတော်မူသဖြင့် သူတို့၏မျက်စိကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ သူတို့သည်မျက်စိအလင်းကိုချက်ချင်းပြန်လည် ရရှိ၍နောက်တော်သို့လိုက်ကြ၏။
ရှင်မဿဲ 20:17-34 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ယေရှုသည် ဂျေရုဆလင်မြို့သို့ တက်သွားတော်မူစဉ် လမ်းခရီး၌ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို သီးသန့်ခေါ်၍ “နားထောင်ကြလော့။ ငါတို့သည် ဂျေရုဆလင်မြို့သို့ သွားနေကြ၏။ လူ့သားသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများထံ အပ်နှံခြင်းခံရလိမ့်မည်။ သူတို့သည် သူ့ကို သေဒဏ်စီရင်ကြ၍ ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။ ထိုအခါ ဇေဗေဒဲ၏သားများ၏မိခင်သည် မိမိသားတို့နှင့်အတူ အထံတော်သို့ချဉ်းကပ်လာ၍ ရှိခိုးကာ တစ်စုံတစ်ခုကို ကိုယ်တော်ထံ တောင်းလျှောက်လေ၏။ ကိုယ်တော်ကလည်း“သင်သည် မည်သည့်အရာကို အလိုရှိသနည်း”ဟု မေးတော်မူလျှင် သူက “ကျွန်မ၏ဤသားနှစ်ယောက်တို့သည် ကိုယ်တော်၏နိုင်ငံတော်၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ရမည့်အကြောင်း အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။ သို့သော် ယေရှုက“သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ငါ၏ခွက်ကို သင်တို့သောက်ကြမည်မှန်၏။ သို့သော် ငါ၏လက်ယာဘက်နှင့်လက်ဝဲဘက်တို့၌ ထိုင်ရသောအခွင့်ကို ငါပေးသည်မဟုတ်။ ထိုနေရာသည် ငါ၏ခမည်းတော်ပြင်ဆင်ပေးထားသောသူတို့အတွက်သာဖြစ်၏”ဟု မိန့်တော်မူ၏။ တပည့်တော်ဆယ်ပါးတို့သည် ဤအကြောင်းကိုကြားသိလျှင် ထိုညီအစ်ကိုနှစ်ဦးတို့ကို စိတ်ဆိုးကြ၏။ သို့သော် ယေရှုသည် သူတို့ကိုခေါ်လျက်“လူမျိုးခြားတို့တွင် အုပ်ချုပ်သူတို့သည် ပြည်သူတို့အပေါ်စိုးမိုးခြယ်လှယ်ကြ၍ အကြီးအကဲတို့သည် သူတို့အပေါ်အာဏာသုံးတတ်ကြသည်ကို သင်တို့သိကြ၏။ သင်တို့အထဲ၌မူကား ထိုသို့မဖြစ်ရ။ လူ့သားသည် လုပ်ကျွေးပြုစုခြင်းကိုခံရန်မဟုတ်ဘဲ လုပ်ကျွေးပြုစုရန်နှင့် များစွာသောသူတို့အတွက် ရွေးနုတ်စရာအဖိုးအခအဖြစ် မိမိအသက်ကိုစွန့်ရန်လာသကဲ့သို့ သင်တို့တွင် အကြီးအကဲဖြစ်လိုသောသူသည် သင်တို့၏အစေခံဖြစ်ရမည်။ သင်တို့တွင် ခေါင်းဆောင်ဖြစ်လိုသောသူသည် သင်တို့၏အစေအပါးဖြစ်ရမည်”ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့သည် ဂျေရိခေါမြို့မှ ထွက်ခွာလာကြရာ များစွာသောလူထုပရိသတ်သည် နောက်တော်သို့လိုက်ကြ၏။ ထိုစဉ် လမ်းဘေးတွင် ထိုင်နေသော မျက်မမြင်နှစ်ဦးသည် ယေရှုဖြတ်သွားတော်မူကြောင်းကြား၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု အော်ဟစ်ကြ၏။ လူထုပရိသတ်သည် သူတို့ကိုတိတ်ဆိတ်စွာနေရန် ဆူငေါက်ကြ၏။ သို့သော် သူတို့သည် “သခင်ဘုရား၊ ဒါဝိဒ်၏သားတော် အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု ပို၍အော်ဟစ်ကြ၏။ ထိုအခါ ယေရှုသည် ရပ်တန့်လျက် သူတို့ကိုခေါ်၍“သင်တို့အတွက် မည်သည့်အမှုကို ပြုစေလိုကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “အကျွန်ုပ်တို့ကို မျက်စိမြင်အောင် ပြုလုပ်ပေးစေလိုပါ၏ သခင်ဘုရား”ဟု လျှောက်ကြ၏။ ယေရှုသည် ကြင်နာစိတ်ရှိ၍ သူတို့၏မျက်စိကို တို့တော်မူ၏။ ထိုခဏချင်းတွင် သူတို့သည် မျက်စိမြင်၍ နောက်တော်သို့လိုက်သွားကြ၏။