YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲခရစ်ဝင် 20

20
စပျစ်ခြံအလုပ်သမားများပုံဥပမာ
1 ကောင်းကင်​နိုင်ငံ​တော်​သည် မိမိ​၏​စပျစ်ခြံ​အတွက် အလုပ်သမား​များ​ကို​ငှား​ရန် နံနက်​စောစော​ထွက်သွား​သည့် ခြံ​ပိုင်ရှင်​နှင့်​တူ​၏။ 2သူ​သည် တစ်​နေ့​လျှင် ဒေနာရိ​တစ်​ပြား​နှုန်း​ဖြင့် အလုပ်သမား​များ​နှင့်​သဘောတူ​လျက် သူ​တို့​ကို မိမိ​၏​စပျစ်ခြံ​သို့ စေလွှတ်​လေ​၏။
3 ထို့နောက် သူ​သည် နံနက်​ကိုး​နာရီ​ခန့်​တွင်​ထွက်သွား​ရာ အခြား​သော​သူ​တို့​သည် အလုပ်​မ​လုပ်​ဘဲ ဈေး​အရပ်​၌​ရပ်​နေ​ကြ​သည်​ကို တွေ့မြင်​လျှင် 4ထို​သူ​တို့​အား ‘သင်​တို့​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့။ ထိုက်သင့်​သည့်​လုပ်အားခ​ကို သင်​တို့​အား ငါ​ပေး​မည်’​ဟု ဆို​သဖြင့် သူ​တို့​သည်​သွား​ကြ​၏။ 5တစ်ဖန် မွန်းတည့်​ချိန်​နှင့် မွန်းလွဲ​သုံး​နာရီ​အချိန်​ခန့်​တို့​တွင်​လည်း ထွက်​၍ ထိုနည်းတူ​ပြု​လေ​၏။ 6ညနေ​ငါး​နာရီ​ခန့်​တွင်​လည်း ထွက်​၍ အခြား​သော​သူ​တို့​ရပ်​နေ​ကြ​သည်​ကို​တွေ့​သဖြင့် ‘အဘယ်ကြောင့်​အလုပ်​မ​လုပ်​ဘဲ ဤ​နေရာ​၌ တစ်နေ့လုံး​ရပ်​နေ​ကြ​သနည်း’​ဟု မေး​လေ​၏။ 7ထို​သူ​တို့​က​လည်း ‘မည်သူမျှ အကျွန်ုပ်​တို့​ကို မ​ငှား​သောကြောင့်​ဖြစ်​ပါ​သည်’​ဟု ဖြေ​ကြ​လျှင် ခြံ​ပိုင်ရှင်​က ‘သင်​တို့​သည်​လည်း စပျစ်ခြံ​သို့​သွား​ကြ​လော့’​ဟု ဆို​လေ​၏။
8 ညနေချမ်း​အချိန်​ရောက်​သောအခါ စပျစ်ခြံ​ပိုင်ရှင်​က သူ​၏​အိမ်မှု​ကိစ္စ​စီမံ​ကွပ်ကဲ​သူ​အား ‘အလုပ်သမား​များ​ကို​ခေါ်​၍ နောက်ဆုံး​လာ​သော​သူ​တို့​က​စ​ပြီး ပထမ​ဦးဆုံး​လာ​သော​သူ​တို့​အထိ သူ​တို့​၏​လုပ်အားခ​ကို​ပေး​လော့’​ဟု ဆို​လေ​၏။
9 ထိုအခါ ညနေ​ငါး​နာရီ​ခန့်​တွင်​ငှား​ထား​သော​သူ​တို့​သည် လာ​၍ ဒေနာရိ​တစ်​ပြား​စီ​ရ​ကြ​၏။ 10ပထမ​ဦးဆုံး​ငှား​ထား​သော​သူ​တို့​သည်​လည်း လာ​ကြ​ကာ မိမိ​တို့​ပို၍​ရ​လိမ့်မည်​ဟု ထင်​ကြ​၏။ သို့သော် သူ​တို့​သည်​လည်း ဒေနာရိ​တစ်​ပြား​စီ​ရ​ကြ​၏။ 11ထို​ငွေ​ကို​ရရှိ​ကြ​သောအခါ သူ​တို့​က 12‘နောက်ဆုံး​လာ​သော​ဤ​သူ​တို့​သည် တစ်​နာရီ​မျှသာ​အလုပ်​လုပ်​ခဲ့​ကြ​သော်လည်း အရှင်​သည်​သူ​တို့​ကို တစ်နေကုန်​နေပူ​ထဲတွင်​အပင်ပန်း​ခံရ​သည့်​အကျွန်ုပ်​တို့​နှင့်​တန်းတူ ဖြစ်​စေ​ပါ​သည်​တကား’​ဟု ခြံ​ပိုင်ရှင်​အား မကျေမနပ်​ပြောဆို​ကြ​၏။
13 သို့သော် ခြံ​ပိုင်ရှင်​က ထို​သူ​တို့​အထဲမှ​တစ်​ယောက်​အား ‘အဆွေ၊ ငါ​သည် သင့်​အပေါ်​မတရား​ပြု​သည်​မ​ဟုတ်။ သင်​သည် ငါ​နှင့် ဒေနာရိ​တစ်​ပြား​နှုန်း​ဖြင့် သဘောတူ​သည်​မ​ဟုတ်​လော။ 14သင်​၏​လုပ်အားခ​ကို ယူ​၍​သွား​လော့။ သင့်​ကို ငါ​ပေး​သကဲ့သို့ နောက်ဆုံး​လာ​သော ဤ​သူ​ကို​လည်း ငါ​ပေး​လို​၏။ 15ငါ​ပိုင်ဆိုင်​သော​ဥစ္စာ​ဖြင့် ငါ​ပြု​လို​သည့်​အရာ​ကို ငါ​ပြု​ပိုင်​ခွင့်​မ​ရှိ​သလော။ သို့မဟုတ် ငါ​သည် သဘော​ကောင်း​သောကြောင့် သင်​သည် မရှုဆိတ်​ဖြစ်​နေ​သလော’​ဟု ဆို​လေ​၏။
16 ထိုနည်းတူ နောက်ဆုံး​သော​သူ​တို့​သည် အဦးဆုံး​ဖြစ်​ကြ​ပြီး အဦးဆုံး​သော​သူ​တို့​သည် နောက်ဆုံး​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
မိမိအသေခံမည့်အကြောင်း တတိယအကြိမ်ကြိုတင်မိန့်တော်မူခြင်း
17ယေရှု​သည် ဂျေရုဆလင်​မြို့​သို့ တက်​သွား​တော်မူ​စဉ် လမ်း​ခရီး​၌ တစ်ဆယ့်နှစ်​ပါး​သော​တပည့်​တော်​တို့​ကို သီးသန့်​ခေါ်​၍ 18“နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့ သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို သေဒဏ်​စီရင်​ကြ​၍ 19ပြောင်လှောင်​ခြင်း၊ ဒဏ်ခတ်​ရိုက်နှက်​ခြင်း​နှင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ထား​ခြင်း စ​သည်​တို့​ကို​ပြု​စေရန် သူ့​ကို လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။ သို့သော် သုံး​ရက်​မြောက်​သော​နေ့​၌ သူ​သည် ထမြောက်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။
ယာကုပ်နှင့်ယောဟန်တို့မိခင်၏တောင်းဆိုမှု
20ထိုအခါ ဇေဗေဒဲ​၏​သား​များ​၏​မိခင်​သည် မိမိ​သား​တို့​နှင့်အတူ အထံ​တော်​သို့​ချဉ်းကပ်​လာ​၍ ရှိခိုး​ကာ တစ်စုံတစ်ခု​ကို ကိုယ်တော်​ထံ တောင်းလျှောက်​လေ​၏။
21ကိုယ်တော်​က​လည်း“သင်​သည် မည်သည့်​အရာ​ကို အလိုရှိ​သနည်း”​ဟု မေး​တော်မူ​လျှင် သူ​က “ကျွန်မ​၏​ဤ​သား​နှစ်​ယောက်​တို့​သည် ကိုယ်တော်​၏​နိုင်ငံ​တော်​၌ လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် ထိုင်​ရ​မည့်​အကြောင်း အမိန့်​ရှိ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ 22သို့သော် ယေရှု​က“သင်​တို့​သည် မည်သည့်​အရာ​တောင်း​နေ​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​မည့်​ခွက်​ကို သင်​တို့​သောက်​နိုင်​သလော”​ဟု မေး​တော်မူ​လျှင် သူ​တို့​က “အကျွန်ုပ်​တို့​သောက်​နိုင်​ပါ​သည်”​ဟု ပြန်​လျှောက်​ကြ​၏။ 23ကိုယ်တော်​က​လည်း“ငါ​၏​ခွက်​ကို သင်​တို့​သောက်​ကြ​မည်​မှန်​၏။ သို့သော် ငါ​၏​လက်ယာ​ဘက်​နှင့်​လက်ဝဲ​ဘက်​တို့​၌ ထိုင်​ရ​သော​အခွင့်​ကို ငါ​ပေး​သည်​မ​ဟုတ်။ ထို​နေရာ​သည် ငါ​၏​ခမည်းတော်​ပြင်ဆင်​ပေး​ထား​သော​သူ​တို့​အတွက်​သာ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။
24တပည့်​တော်​ဆယ်​ပါး​တို့​သည် ဤ​အကြောင်း​ကို​ကြားသိ​လျှင် ထို​ညီအစ်ကို​နှစ်​ဦး​တို့​ကို စိတ်ဆိုး​ကြ​၏။ 25သို့သော် ယေရှု​သည် သူ​တို့​ကို​ခေါ်​လျက်“လူမျိုးခြား​တို့​တွင် အုပ်ချုပ်သူ​တို့​သည် ပြည်သူ​တို့​အပေါ်​စိုးမိုး​ခြယ်လှယ်​ကြ​၍ အကြီးအကဲ​တို့​သည် သူ​တို့​အပေါ်​အာဏာ​သုံး​တတ်​ကြ​သည်​ကို သင်​တို့​သိ​ကြ​၏။ 26-28သင်​တို့​အထဲ၌​မူကား ထိုသို့​မ​ဖြစ်​ရ။ လူ့သား​သည် လုပ်ကျွေး​ပြုစု​ခြင်း​ကို​ခံ​ရန်​မ​ဟုတ်​ဘဲ လုပ်ကျွေး​ပြုစု​ရန်​နှင့် များစွာ​သော​သူ​တို့​အတွက် ရွေးနုတ်​စရာ​အဖိုးအခ​အဖြစ် မိမိ​အသက်​ကို​စွန့်​ရန်​လာ​သကဲ့သို့ သင်​တို့​တွင် အကြီးအကဲ​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေခံ​ဖြစ်​ရ​မည်။ သင်​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော​သူ​သည် သင်​တို့​၏​အစေအပါး​ဖြစ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။
မျက်မမြင်နှစ်ဦး မျက်စိပြန်မြင်ခြင်း
29ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​မှ ထွက်ခွာ​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​သည် နောက်​တော်​သို့​လိုက်​ကြ​၏။ 30ထိုစဉ် လမ်း​ဘေး​တွင် ထိုင်​နေ​သော မျက်မမြင်​နှစ်​ဦး​သည် ယေရှု​ဖြတ်​သွား​တော်မူ​ကြောင်း​ကြား​၍ “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော်၊ အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု အော်ဟစ်​ကြ​၏။ 31လူထု​ပရိသတ်​သည် သူ​တို့​ကို​တိတ်ဆိတ်​စွာ​နေ​ရန် ဆူငေါက်​ကြ​၏။ သို့သော် သူ​တို့​သည် “သခင်​ဘုရား၊ ဒါဝိဒ်​၏​သား​တော် အကျွန်ုပ်​တို့​ကို သနား​တော်မူ​ပါ”​ဟု ပို၍​အော်ဟစ်​ကြ​၏။
32ထိုအခါ ယေရှု​သည် ရပ်တန့်​လျက် သူ​တို့​ကို​ခေါ်​၍“သင်​တို့​အတွက် မည်သည့်​အမှု​ကို ပြု​စေ​လို​ကြ​သနည်း”​ဟု မေး​တော်မူ​၏။ 33သူ​တို့​က​လည်း “အကျွန်ုပ်​တို့​ကို မျက်စိ​မြင်​အောင် ပြုလုပ်​ပေး​စေ​လို​ပါ​၏ သခင်​ဘုရား”​ဟု လျှောက်​ကြ​၏။
34ယေရှု​သည် ကြင်နာ​စိတ်​ရှိ​၍ သူ​တို့​၏​မျက်စိ​ကို တို့​တော်မူ​၏။ ထို​ခဏချင်း​တွင် သူ​တို့​သည် မျက်စိ​မြင်​၍ နောက်​တော်​သို့​လိုက်​သွား​ကြ​၏။

လက်ရှိရွေးချယ်ထားမှု

ရှင်မဿဲခရစ်ဝင် 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။