YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 2:1-12

ရှင်မဿဲ 2:1-12 Judson Bible (JBMLE)

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။- ယ​ခု ဖွား​မြင်​သော ယု​ဒ​ရှင်​ဘု​ရင်​သည်၊ အ​ဘယ်​မှာ ရှိ​တော်​မူ​သ​နည်း။ အ​ရှေ့​ပြည်၌ သူ၏​ကြယ်​ကို ငါ​တို့ မြင်​ရ​သည်​ဖြစ်၍ ဖူး​တွေ့​ပူ​ဇော်​ခြင်း​ငှာ ရောက်​လာ​ပြီ​ဟု မေး​မြန်း​ပြော​ဆို​ကြ၏။- ထို​စ​ကား​ကို​ကြား​လျှင် ဟေ​ရုဒ်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​နှင့်​တ​ကွ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​သ​ဖြင့်၊- ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် ကျမ်း​ပြု​ဆ​ရာ​ရှိ​သ​မျှ​တို့​ကို စု​ဝေး​စေ၍ ခ​ရစ်​တော်​ကို အ​ဘယ်​အ​ရပ်​မှာ ဖွား​မြင်​လိမ့်​မည်​နည်း​ဟု မေး​မြန်း​တော်​မူ၏။- ထို​ဆ​ရာ​တို့​က​လည်း၊ ပ​ရော​ဖက်​တစ်​ဦး ရေး​ထား​သော​အ​ချက် ဟူ​မူ​ကား၊- အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊ အ​စိုး​ရ​သော​ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား၊ ငါ၏​လူ​စု ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော​သ​ခင်​သည် သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့​ဟု ကျမ်း​လာ​ရှိ​ပါ၏။ ထို​ကြောင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ခ​ရစ်​တော်​ကို ဖွား​မြင်​ရ​ပါ​မည်​ဟု မင်း​ကြီး​အား ပြန်​ကြား​လျှောက်​ထား​ကြ၏။- ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည်၊ မာ​ဂု​ပ​ညာ​ရှိ​တို့​ကို မ​ထင်​မ​ရှား​ခေါ်၍ ကြယ်​ပေါ်​ထွန်း​သော အ​ချိန်​ကာ​လ​ကို စေ့​စေ့​မေး​မြန်း​ပြီး​မှ၊- သင်​တို့​သွား၍ ထို​သူ​ငယ်​ကို ကြိုး​စား​ရှာ​ကြ​ပါ။ တွေ့​လျှင် ငါ့​ထံ​သို့​ပြန်​လာ၍ ငါ​လည်း ထို​သူ​ငယ်​ကို ဖူး​တွေ့​ပူ​ဇော်​ရ​အောင် ကြား​ပြော​ကြ​ပါ​ဟု မှာ​ထား​တော်​မူ​လျက်၊ ဗက်​လင်​မြို့​သို့ စေ​လွှတ်​လေ၏။- ထို​သူ​တို့​သည် မင်း​ကြီး​စ​ကား​ကို နာ​ခံ​ပြီး​လျှင်​ထွက်​သွား​ကြ၍ အ​ရှေ့​ပြည်၌​မြင်​ရ​သော ကြယ်​သည် သူ​တို့​ရှေ့​က​သွား​သ​ဖြင့် သူ​ငယ်​တော်​ရှိ​ရာ​အ​ရပ်​အ​ပေါ်​သို့ ရောက်၍ တည်​လျက်​နေ၏။- ထို​ကြယ်​ကို မြင်​ပြန်​သော​အ​ခါ အ​လွန် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍၊- အိမ်​သို့​ဝင်​လေ​သော်၊ မယ်​တော်​မာ​ရိ​နှင့်​တ​ကွ သူ​ငယ်​တော်​ကို တွေ့​မြင်​လျှင် ပျပ်​ဝပ်​ကိုး​ကွယ်၍၊ မိ​မိ​တို့ ဘ​ဏ္ဍာ​ဥ​စ္စာ​တို့​ကို ဖွင့်​ပြီး​မှ လော​ဗန်​နှင့် မု​ရန် တည်း​ဟူ​သော နံ့​သာ​မျိုး​ကို​လည်း​ကောင်း၊ ရွှေ​ကို​လည်း​ကောင်း ဆက်​ကပ်​ပူ​ဇော်​ကြ၏။- နောက်​မှ ဟေ​ရုဒ်​မင်း​ကြီး​ထံ​သို့ မ​ပြန်​ရ​မည်​အ​ကြောင်း အိပ်​မက်​တွင် ဗျာ​ဒိတ်​တော်​ကို​ရ၍ မိ​မိ​တို့​ပြည်​သို့ အ​ခြား​သော​လမ်း​ဖြင့် ပြန်​သွား​ကြ၏။

ရှင်မဿဲ 2:1-12 Common Language Bible (BCL)

ဟေ​ရုဒ်​မင်း​၏​လက်​ထက်၊ ယု​ဒ​ပြည်​ဗက်​လင်​မြို့ တွင် မယ်​တော်​မာ​ရိ​သည်​သူ​ငယ်​တော်​ယေ​ရှု​ကို ဖွား​မြင်​လေ​သည်။ ထို​အ​ခါ​အ​ရှေ့​တိုင်း​နိုင်​ငံ မှ​ပ​ညာ​ရှိ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​ရောက် လာ​ပြီး​လျှင်၊- ``ယ​ခု​ဖွား​မြင်​သော​ယု​ဒ​ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း။ အ​ရှေ့​တိုင်း​နိုင်​ငံ​တွင် ထို​အ​ရှင်​၏​ကြယ်​ပေါ်​ထွန်း​သည်​ကို​မြင်​သ​ဖြင့် ထို​အ​ရှင်​အား​ဖူး​မြော်​ပူ​ဇော်​အံ့​သော​ငှာ ငါ တို့​ရောက်​လာ​ကြ​ပါ​သည်'' ဟု​စုံ​စမ်း​မေး​မြန်း ကြ​၏။- ထို​အ​ကြောင်း​ကို​ကြား​လျှင်​ဟေ​ရုဒ်​မင်း​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ချောက်​ချား​၍​သွား​ကြ​ကုန်​၏။- ဟေ​ရုဒ်​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​ကို​စု​ဝေး​စေ​လျက် ``မေ​ရှိ​ယ သည်​အ​ဘယ်​အ​ရပ်​တွင်​ဖွား​မြင်​လိမ့်​မည်​နည်း'' ဟု​မေး​၏။- ထို​သူ​တို့​က ``ယု​ဒ​ပြည်​ဗက်​လင်​မြို့​တွင်​ဖွား​မြင် ပါ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်​ပ​ရော​ဖက်​တစ်​ဦး က၊ `အို ယု​ဒ​ပြည်​ဗက်​လင်​မြို့၊သင်​သည်​ယု​ဒ​ပြည်​ရှိ မြို့​များ​အ​နက်​သိမ်​ငယ်​လှ​သော​မြို့​မ​ဟုတ်။ ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ရှေ့​ဆောင်​လမ်း​ပြ​မည့်​ခေါင်း​ဆောင်​တစ်​ဦး​သည် သင်​၏​အ​ထဲ​မှ​ပေါ်​ထွန်း​လိမ့်​မည်' ဟု​ဟော​ကြား​ထား​ပါ​သည်'' ဟူ​၍​လျှောက်​ထား ကြ​၏။ ထို​အ​ခါ​ဟေ​ရုဒ်​မင်း​သည်​ပ​ညာ​ရှိ​တို့​ကို​လျှို့ ဝှက်​စွာ​ခေါ်​၍ ကြယ်​ပေါ်​ထွန်း​ရာ​အ​ချိန်​ကာ​လ ကို​သေ​ချာ​စွာ​စုံ​စမ်း​မေး​မြန်း​တော်​မူ​၏။- ထို​နောက်​မင်း​ကြီး​သည်​ထို​သူ​တို့​အား ``သင်​တို့ သွား​၍​သူ​ငယ်​ကို​တွေ့​အောင်​ရှာ​ကြ​ပါ။ တွေ့​သော အ​ခါ​ငါ​လည်း​သူ့​ကို​ဖူး​မြော်​ပူ​ဇော်​နိုင်​ရန် ငါ့ ထံ​လာ​၍​အ​ကြောင်း​ကြား​ကြ​ပါ'' ဟု​မိန့်​မှာ လျက်​ဗက်​လင်​မြို့​သို့​စေ​လွှတ်​တော်​မူ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည်​ထွက်​သွား​ကြ​ရာ​သူ တို့​တွေ့​မြင်​ခဲ့​သည့်​ကြယ်​ကို​မြင်​ပြန်​သ​ဖြင့် လွန် စွာ​ဝမ်း​မြောက်​ဝမ်း​သာ​ဖြစ်​ကြ​၏။ ထို​ကြယ်​သည် လည်း​သူ​တို့​အား​ရှေ့​ဆောင်​ကာ​သူ​ငယ်​တော်​ရှိ ရာ​အ​ရပ်​ပေါ်​သို့​ရောက်​လျှင်​ရပ်​တန့်​လေ​၏။- သူ​တို့​သည်​အိမ်​ထဲ​သို့​ဝင်​ကြ​ရာ​သူ​ငယ်​တော် အား မယ်​တော်​နှင့်​အ​တူ​တွေ့​မြင်​ကြ​၏။ ထို​အ​ခါ သူ​တို့​သည်​မြေ​ပေါ်​မှာ​ပျပ်​ဝပ်​ရှိ​ခိုး​ပြီး​လျှင် ဘဏ္ဍာ ကြုတ်​များ​ကို​ဖွင့်​၍​ရွှေ၊ လော​ဗန်​နှင့်​မု​ရန်​တို့​ကို ပူ​ဇော်​ဆက်​သ​ကြ​၏။ ဟေ​ရုဒ်​မင်း​ထံ​သို့​မ​ပြန်​ကြ​ရန်​အိပ်​မက်​တွင် ဘု​ရား သ​ခင်​သ​တိ​ပေး​တော်​မူ​သ​ဖြင့် သူ​တို့​သည်​အ​ခြား လမ်း​ဖြင့်​မိ​မိ​တို့​တိုင်း​နိုင်​ငံ​သို့​ပြန်​သွား​ကြ​၏။

ရှင်မဿဲ 2:1-12 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဟေရုဒ်​မင်းကြီး​လက်ထက်​တွင် ယုဒ​ပြည်၊ ဗက်လင်​မြို့​၌ ယေရှု​ဖွားမြင်​ခြင်း​ကို​ခံ​တော်မူ​ပြီးနောက် အရှေ့​ပြည်​မှ နက္ခတ်​ပညာရှင်​တို့​သည် ဂျေရုဆလင်​မြို့​သို့ ရောက်လာ​ကြ​၍ “ဖွားမြင်​တော်မူ​သော ဂျူး​လူမျိုး​တို့​၏​ဘုရင်​သည် အဘယ်မှာ​ရှိ​သနည်း။ အရှေ့​ပြည်​၌ သူ​၏​ကြယ်​ကို အကျွန်ုပ်​တို့​မြင်​ခဲ့​ရ​သဖြင့် သူ့​ကို​ရှိခိုး​ရန် လာ​ကြ​ပါ​၏”​ဟု မေးမြန်း​ပြောဆို​ကြ​၏။ ထို​စကား​ကို​ကြား​လျှင် ဟေရုဒ်​မင်းကြီး​သည် တုန်လှုပ်​ချောက်ချား​လေ​၏။ ဂျေရုဆလင်​တစ်​မြို့​လုံး​သည်​လည်း မင်းကြီး​နှင့်အတူ တုန်လှုပ်​ချောက်ချား​ကြ​၏။ ထိုအခါ မင်းကြီး​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် လူထု​ထဲမှ​ကျမ်းပြု​ဆရာ​အပေါင်း​တို့​ကို​စုဝေး​စေ​၍ ခရစ်တော်​သည် မည်သည့်​အရပ်​၌​ဖွားမြင်​မည်​ကို သူ​တို့​အား မေးမြန်း​လေ​၏။ သူ​တို့​က​လည်း “ယုဒ​ပြည်၊ ဗက်လင်​မြို့​၌​ဖြစ်​ပါ​သည်။ အဘယ်ကြောင့်​ဆိုသော် ‘အို ယုဒ​ပြည်၊ ဗက်လင်​မြို့၊ သင်​သည် ယုဒ​ပြည်​ကို​အုပ်ချုပ်​သော​မြို့​တို့​တွင် အသေးသိမ်ဆုံး​မ​ဟုတ်။ အကြောင်းမူကား ငါ​၏​လူမျိုး​တော်​အစ္စရေး​ကို အုပ်ထိန်း​မည့်​ခေါင်းဆောင်​တစ်ဦး​သည် သင့်​အထဲမှ​ပေါ်ထွန်း​လိမ့်မည်’​ဟူ၍ ပရောဖက်​က ရေး​ထား​သောကြောင့်​ဖြစ်​သည်”​ဟု လျှောက်​ထား​ကြ​၏။ ထို့နောက် ဟေရုဒ်​မင်းကြီး​သည် နက္ခတ်​ပညာရှင်​တို့​ကို တိတ်တဆိတ်​ခေါ်​၍ ကြယ်​ပေါ်ထွန်း​သည့်​အချိန်​ကာလ​ကို သူ​တို့​ထံမှ သေချာ​စွာ​လေ့လာ​စိစစ်​ပြီးမှ “သွား​၍ သူငယ်​တော်​ကို သေချာ​စွာ​ရှာဖွေ​စုံစမ်း​ကြ​လော့။ သင်​တို့​တွေ့​သောအခါ ငါ​သည်​လည်း​သွား​၍ သူ့​ကို​ရှိခိုး​နိုင်​ရန် ငါ့​ကို​အကြောင်းကြား​ကြ​လော့”​ဟု မိန့်မှာ​လျက် သူ​တို့​ကို ဗက်လင်​မြို့​သို့ စေလွှတ်​လေ​၏။ သူ​တို့​သည် မင်းကြီး​၏​မိန့်မှာ​ချက်​ကို​နားထောင်​ပြီးမှ ထွက်သွား​ကြ​ရာ အရှေ့​ပြည်​၌ သူ​တို့​တွေ့​ခဲ့​သော​ကြယ်​သည် သူငယ်​တော်​ရှိ​သည့်​နေရာ​ပေါ်​ရောက်​၍ ရပ်​သည့်​တိုင်အောင် သူ​တို့​ရှေ့မှ​သွား​လေ​၏။ သူ​တို့​သည် ထို​ကြယ်​ကို​မြင်​သောအခါ အလွန်​ဝမ်းမြောက်​ဝမ်းသာ​ဖြစ်​ကြ​ပြီး အိမ်​ထဲသို့​ဝင်​၍ မယ်တော်​မာရိ​နှင့်တကွ သူငယ်​တော်​ကို​တွေ့​လျှင် ပျပ်ဝပ်​လျက်​ရှိခိုး​ကြ​၏။ သူ​တို့​၏​ဘဏ္ဍာ​ကြုတ်​များ​ကို​လည်း​ဖွင့်​၍ ရွှေ၊ လော်ဗန်​နှင့် မုရန်​တည်းဟူသော လက်ဆောင်​များ​ကို သူငယ်​တော်​အား​ဆက်သ​ကြ​၏။ ထို့နောက် ဟေရုဒ်​မင်းကြီး​ထံသို့ ပြန်​မ​သွား​မည့်​အကြောင်း အိပ်မက်​ထဲတွင် ဗျာဒိတ်​တော်​ရ​သဖြင့် မိမိ​တို့​တိုင်းပြည်​သို့ အခြား​သော​လမ်း​ဖြင့်​ပြန်သွား​ကြ​၏။