ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။- ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။- ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။- ထိုဆရာတို့ကလည်း၊ ပရောဖက်တစ်ဦး ရေးထားသောအချက် ဟူမူကား၊- အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။- ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကို မထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသော အချိန်ကာလကို စေ့စေ့မေးမြန်းပြီးမှ၊- သင်တို့သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လင်မြို့သို့ စေလွှတ်လေ၏။- ထိုသူတို့သည် မင်းကြီးစကားကို နာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသော ကြယ်သည် သူတို့ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ ရောက်၍ တည်လျက်နေ၏။- ထိုကြယ်ကို မြင်ပြန်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊- အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။- နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။
ရှင်မဿဲ 2 ကိုဖတ်ပါ။
နားထောင်ပါ။ ရှင်မဿဲ 2
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ရှင်မဿဲ 2:1-12
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ