ရှင်မဿဲ 17:14-20
ရှင်မဿဲ 17:14-20 Judson Bible (JBMLE)
လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်၊- အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။- တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည် ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊- ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ၏။- ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊- သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။
ရှင်မဿဲ 17:14-20 Common Language Bible (BCL)
ကိုယ်တော်နှင့်တပည့်တော်တို့သည်ပရိသတ်ရှိရာ သို့ရောက်ကြလျှင် လူတစ်ယောက်သည်ရှေ့တော်သို့ လာရောက်ဒူးထောက်လျက်၊- ``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။- သူ့အားအရှင်၏တပည့်များထံသို့ခေါ်ဆောင်ခဲ့ သော်လည်းသူတို့သည်ရောဂါပျောက်အောင်မကု နိုင်ကြပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``သင်တို့သည်ယုံကြည်ခြင်းကင်း၍ လွန်စွာဖောက်ပြန်ကြပါတကား။ ငါသည်သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့အားသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံ သို့ခေါ်ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။- သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။ ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။
ရှင်မဿဲ 17:14-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ “သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။ သို့ဖြစ်၍ သူ့ကို ကိုယ်တော်၏တပည့်တော်တို့ထံသို့ ခေါ်ဆောင်လာသော်လည်း သူတို့သည် သူ့ကိုမကျန်းမာစေနိုင်ကြပါ”ဟု လျှောက်လေ၏။ ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။ ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။