ရှင်မဿဲ 17:1-21
ရှင်မဿဲ 17:1-21 Judson Bible (JBMLE)
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။- သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။- မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။- ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။- ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။- တပည့်တော်တို့သည် ကြားရလျှင်၊ ပျပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်း ရှိကြ၏။- ယေရှုသည်လာ၍ သူတို့ကို လက်နှင့် တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊- သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတစ်ယောက်တည်း မှတစ်ပါး၊ အဘယ်သူကိုမျှ မမြင်ကြ။ တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။- ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊- ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။- ငါဆိုသည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်၊- ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။ လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်၊- အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။- တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည် ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊- ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ၏။- ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊- သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။- သို့သော်လည်း ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။
ရှင်မဿဲ 17:1-21 Common Language Bible (BCL)
ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကိုမြင့်သော တောင်ပေါ်သို့ခေါ်ဆောင်သွားတော်မူ၏။ အခြား မည်သူတစ်စုံတစ်ယောက်မျှမပါချေ။- သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။- ထိုနောက်မောရှေနှင့်ဧလိယပေါ်လာ၍ကိုယ်တော် နှင့်စကားပြောလျက်နေကြသည်ကိုတွေ့မြင် ကြ၏။- ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ အရှင်အလိုတော်ရှိ လျှင်အရှင့်အတွက်တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင်၊ တဲသုံး ဆောင်ကိုအကျွန်ုပ်ဆောက်လုပ်ပါမည်'' ဟုလျှောက် ထား၏။ ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။ ထိုအသံကိုတပည့်တော်တို့ကြားသောအခါ လွန်စွာကြောက်လန့်၍ပျပ်ဝပ်လျက်နေကြ၏။- သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ကို လက်ဖြင့်တို့ထိပြီးလျှင် ``ထကြ။ မကြောက် ကြနှင့်'' ဟုမိန့်တော်မူ၏။- သူတို့သည်မော်၍ကြည့်လိုက်သောအခါသခင် ယေရှုမှတစ်ပါးအခြားအဘယ်သူကိုမျှ မတွေ့မမြင်ကြတော့ချေ။ ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။ တပည့်တော်တို့က ``ဦးစွာပထမဧလိယ ကြွလာမည်ဟုကျမ်းတတ်ဆရာတို့အဘယ် ကြောင့်ဆိုပါသနည်း'' ဟုကိုယ်တော်အားမေး လျှောက်ကြ၏။ ကိုယ်တော်က ``ဦးစွာပထမဧလိယသည်ကြွ လာ၍အမှုအရာခပ်သိမ်းကိုအသင့်ပြင်ဆင် ရမည်ကားမှန်၏။- သင်တို့အားငါဆိုသည်ကားဧလိယသည်ကြွ လာခဲ့ပြီ။ သို့ရာတွင်လူတို့သည်သူ့ကိုမသိကြ သဖြင့်သူ့အားမိမိတို့ပြုလိုရာပြုခဲ့ကြလေ ပြီ။ ထိုနည်းတူပင်လူသားသည်လည်းထိုသူတို့ ၏လက်တွင်ဒုက္ခဆင်းရဲခံရလိမ့်မည်'' ဟုမိန့် တော်မူ၏။ ထိုအခါမှတပည့်တော်တို့သည်ဗတ္တိဇံဆရာ ယောဟန်ကိုရည်မှတ်၍ကိုယ်တော်မိန့်တော်မူ ကြောင်းနားလည်လာကြလေသည်။ ကိုယ်တော်နှင့်တပည့်တော်တို့သည်ပရိသတ်ရှိရာ သို့ရောက်ကြလျှင် လူတစ်ယောက်သည်ရှေ့တော်သို့ လာရောက်ဒူးထောက်လျက်၊- ``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။- သူ့အားအရှင်၏တပည့်များထံသို့ခေါ်ဆောင်ခဲ့ သော်လည်းသူတို့သည်ရောဂါပျောက်အောင်မကု နိုင်ကြပါ'' ဟုလျှောက်၏။ သခင်ယေရှုက ``သင်တို့သည်ယုံကြည်ခြင်းကင်း၍ လွန်စွာဖောက်ပြန်ကြပါတကား။ ငါသည်သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့အားသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံ သို့ခေါ်ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။- သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။ ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။- (ဤနတ်မျိုးကိုဆုတောင်းပတ္ထနာပြုခြင်းနှင့် အစာရှောင်ခြင်းမှတစ်ပါးအခြားအဘယ် နည်းဖြင့်မျှနှင်ထုတ်၍မရ)'' ဟုမိန့်တော်မူ၏။
ရှင်မဿဲ 17:1-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့ကိုခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ရှေ့၌ အဆင်းသဏ္ဌာန်ပြောင်းလဲ၍ မျက်နှာတော်သည် နေကဲ့သို့ထွန်းလင်းကာ ဝတ်ရုံတော်သည် အလင်းကဲ့သို့ဖြူဖွေးလာ၏။ မောရှေနှင့်ဧလိယတို့သည်လည်း သူတို့ရှေ့တွင်ပေါ်လာ၍ ကိုယ်တော်နှင့်စကားပြောနေကြ၏။ ထိုအခါ ပေတရုက “သခင်ဘုရား၊ ဤနေရာသည် အကျွန်ုပ်တို့အတွက် နေစရာကောင်းပါ၏။ ကိုယ်တော်အလိုရှိလျှင် ဤနေရာ၌ တဲသုံးဆောင်ကို ကိုယ်တော်အတွက်တစ်ဆောင်၊ မောရှေအတွက်တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင် အကျွန်ုပ်ဆောက်ပါမည်”ဟု ယေရှုအား လျှောက်ထားလေ၏။ ထိုသို့ ပေတရုလျှောက်ထားစဉ် တောက်ပသောမိုးတိမ်သည် သူတို့ကိုဖုံးလွှမ်း၍ မိုးတိမ်ထဲမှအသံတော်က “ဤသူကား ငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်၏။ သူ့စကားကို နားထောင်ကြလော့”ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ထိုအသံကိုကြားလျှင် အလွန်ကြောက်ရွံ့လျက် သူတို့မျက်နှာကို မြေမှာအပ်ထားကြ၏။ ထိုအခါ ယေရှုသည် ချဉ်းကပ်လာ၍ သူတို့ကိုတို့ထိကာ“ထကြလော့၊ မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။ သူတို့သည် မော့ကြည့်ကြရာ ယေရှုတစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမျှ မတွေ့မြင်ကြ။ ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။ ထိုအခါ တပည့်တော်တို့က “သို့ဖြစ်လျှင် ဧလိယသည် ဦးစွာလာရမည်ဟု ကျမ်းပြုဆရာတို့က အဘယ်ကြောင့်ဆိုကြသနည်း”ဟူ၍ ကိုယ်တော်အား မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဧလိယသည်လာ၍ အရာခပ်သိမ်းတို့ကို ပြန်လည်ထူထောင်မည်မှန်၏။ သို့သော် သင်တို့အား ငါဆိုသည်ကား ဧလိယသည်ရောက်လာခဲ့ပြီ။ သို့ရာတွင် လူတို့သည် သူ့ကိုမသိကြဘဲ သူ့အပေါ်ပြုလိုရာပြုခဲ့ကြပြီ။ ထိုနည်းတူ လူ့သားသည်လည်း သူတို့လက်၌ ဒုက္ခဝေဒနာခံစားရတော့မည်”ဟု ပြန်၍ မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ဗတ္တိဇံဆရာယောဟန်ကိုရည်ညွှန်း၍ မိမိတို့အား ကိုယ်တော်မိန့်တော်မူကြောင်း သဘောပေါက်ကြ၏။ ထို့နောက် လူထုပရိသတ်ရှိရာသို့ရောက်လာကြရာ လူတစ်ဦးသည် ကိုယ်တော်ထံ ချဉ်းကပ်လာ၍ ရှေ့တော်၌ ဒူးထောက်ကာ “သခင်ဘုရား၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ အကြောင်းမှာ သူသည် ဝက်ရူးပြန်ရောဂါစွဲ၍ ဝေဒနာပြင်းထန်စွာခံစားနေရပါ၏။ မီးထဲသို့လည်းကောင်း၊ ရေထဲသို့လည်းကောင်း မကြာခဏ လဲကျတတ်ပါ၏။ သို့ဖြစ်၍ သူ့ကို ကိုယ်တော်၏တပည့်တော်တို့ထံသို့ ခေါ်ဆောင်လာသော်လည်း သူတို့သည် သူ့ကိုမကျန်းမာစေနိုင်ကြပါ”ဟု လျှောက်လေ၏။ ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။ ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။ [သို့သော် ထိုနတ်မျိုးသည် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့်မဟုတ်လျှင် မထွက်တတ်]”ဟု မိန့်တော်မူ၏။