ရှင်မဿဲ 15:1-31
ရှင်မဿဲ 15:1-31 Judson Bible (JBMLE)
ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊- ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။- ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊- ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။- လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။- လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု- နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။- ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့ နားထောင် နားလည်ကြလော့။- ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။- တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟု လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။- ထိုသူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်၏။ လူကန်းချင်း တစ်ဦးကိုတစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။- ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟု လျှောက်လျှင်၊- ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။- ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။- ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- လူကို ညစ်ညူးစေသောအရာ ဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။ ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊- ခါနာန်အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတစ်ခွန်းမျှ ပြန်တော်မမူ။- တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သော သိုးများမှတစ်ပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။- ထိုမိန်းမသည် ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊- ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။- မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊- အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။ ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။- များစွာသောလူ အပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။- အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ရှင်မဿဲ 15:1-31 Common Language Bible (BCL)
ထိုအခါယေရုရှလင်မြို့မှဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်သခင်ယေရှုထံ တော်ကိုရောက်လာကြ၏။- သူတို့က ``အရှင်၏တပည့်များသည်အဘယ် ကြောင့်ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုမလိုက်နာကြပါသနည်း။ သူတို့သည်နည်း မှန်အတိုင်းလက်မဆေးဘဲစားသောက်ကြပါ သည်တကား'' ဟုလျှောက်ထားကြ၏။ ကိုယ်တော်က ``သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်၏ပညတ်တော်တို့ကိုပစ်ပယ်၍ မိမိတို့၏ ထုံးတမ်းစဉ်လာများကိုလိုက်နာကြပါသနည်း။- ဘုရားသခင်က `သင်၏မိဘကိုရိုသေမြတ်နိုး လော့။ မိဘကိုကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုပညတ်တော်မူခဲ့၏။- သို့ရာတွင်သင်တို့သွန်သင်ကြသည်ကားဤသို့ တည်း။ အကယ်၍လူတစ်ယောက်၌အဖသို့မဟုတ် အမိအားထောက်ပံ့ရန်ပစ္စည်းတစ်စုံတစ်ရာရှိ သော်လည်း ယင်းပစ္စည်းကိုဘုရားသခင်အဖို့လှူ ပြီးပစ္စည်းဖြစ်သည်ဟုဆိုလျှင်၊- ထိုသူသည်မိဘအားထောက်ပံ့ရန်မလိုဟုသင် တို့သွန်သင်ကြ၏။ ဤသို့လျှင်သင်တို့သည်မိမိ တို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်ဘုရား သခင်၏ပညတ်တော်ကိုပစ်ပယ်ကြ၏။- အချင်းကြောင်သူတော်တို့၊ သင်တို့နှင့်ပတ်သက်၍ ဘုရားသခင်သည်ဟေရှာယအားဖြင့်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီးကူး ကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ သူတို့သည်လူ့ပညတ်များကိုဘုရားပေးပညတ် သဖွယ် သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်လူပရိသတ်တို့အားအထံတော် သို့ခေါ်တော်မူပြီးလျှင် ``ငါ့စကားကိုသင်တို့ နာယူသိမှတ်ကြကုန်လော့။- လူကိုညစ်ညမ်းစေသည့်အရာကားခံတွင်းသို့ ဝင်သည့်အရာမဟုတ်။ ခံတွင်းမှထွက်သည့်အရာ သာလျှင်ဖြစ်၏'' ဟုမိန့်တော်မူသည်။ တပည့်တော်တို့သည်အထံတော်သို့လာ၍ ``အရှင် မိန့်တော်မူသောစကားကြောင့်ဖာရိရှဲတို့စိတ်ဆိုး ကြသည်ကိုသိတော်မူပါသလော'' ဟုလျှောက် ထားကြ၏။ ကိုယ်တော်က ``ကောင်းကင်ဘုံရှင်၊ ငါ၏အဖစိုက်ပျိုး တော်မမူသည့်အပင်ရှိသမျှသည်နုတ်ပစ်ခြင်း ကိုခံရလိမ့်မည်။- သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။ ပေတရုက ``ထိုပုံဥပမာကိုအကျွန်ုပ်တို့အား ရှင်းပြတော်မူပါ'' ဟုလျှောက်၏။ ကိုယ်တော်က ``သင်တို့ပင်လျှင်ယခုတိုင်အောင် အသိဉာဏ်ကင်းမဲ့လျက်ရှိနေကြသေးသလော။- ခံတွင်းသို့ဝင်သောအရာဟူသမျှသည်အစာ အိမ်သို့ရောက်ပြီးနောက် အိမ်သာတွင်းသို့သက်ဆင်း သွားသည်ကိုသင်တို့မသိပါသလော။- ခံတွင်းကထွက်သည့်အရာမူကားစိတ်နှလုံး ထဲမှထွက်လာသောအရာဖြစ်၏။ ထိုအရာမျိုး သည်လူကိုညစ်ညမ်းစေ၏။- လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။- ဤအရာများသည်လူကိုညစ်ညမ်းစေကြ၏။ လက်မဆေးဘဲအစားအစာစားခြင်းကလူ ကိုညစ်ညမ်းစေသည်မဟုတ်'' ဟုမိန့်တော်မူ၏။ သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာတော်မူ ၍ တုရုနှင့်ဇိဒုန်နယ်များသို့ကြွတော်မူ၏။- ထိုဒေသတွင်နေထိုင်သူခါနာန်အမျိုးသမီး တစ်ယောက်သည်အထံတော်သို့လာပြီးလျှင် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနား တော်မူပါ။ ကျွန်မ၏သမီးသည်နတ်မိစ္ဆာပူး ဝင်နေသဖြင့်ပြင်းပြစွာဝေဒနာခံလျက် နေပါသည်'' ဟုလျှောက်၏။ သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။ ထိုအခါကိုယ်တော်က ``ငါသည်ပျောက်နေသော သိုးစုဖြစ်သည့်ဣသရေလအမျိုးသားများအတွက် သာလျှင်လာရောက်ခြင်းဖြစ်သည်'' ဟုဖြေကြား တော်မူ၏။ ထိုအခါ၎င်းအမျိုးသမီးသည်ရှေ့တော်သို့လာ ရောက်ပျပ်ဝပ်လျက် ``အရှင်၊ ကျွန်မကိုကူမတော် မူပါ'' ဟုလျှောက်၏။ ကိုယ်တော်က ``သားသမီးတို့၏အစားအစာကို ယူ၍ခွေးတို့အားမကျွေးအပ်'' ဟုမိန့်တော်မူလျှင်၊ အမျိုးသမီးက ``မှန်ပါ၏အရှင်၊ ခွေးများပင် လျှင်မိမိတို့သခင်၏စားပွဲမှကျသည့်စားကြွင်း စားကျန်များကိုစားရကြပါ၏'' ဟုလျှောက်၏။ ထိုအခါသခင်ယေရှုက ``အချင်းအမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည်အားကြီးစွတကား။ သင် ဆန္ဒရှိသည်အတိုင်းဖြစ်စေ'' ဟုမိန့်တော်မူ၏။ ထို အချိန်မှစ၍ထိုအမျိုးသမီး၏သမီးသည် ရောဂါပျောက်လေ၏။ သခင်ယေရှုသည်ထိုအရပ်မှထွက်ခွာ၍ဂါလိ လဲအိုင်ကမ်းခြေတစ်လျှောက်ကြွတော်မူ၏။ ထို နောက်တောင်ကုန်းတစ်ခုပေါ်သို့တက်၍ထိုင်တော် မူ၏။- လူပရိသတ်များသည်ခြေမစွမ်းမသန်သူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများဆွံ့အ သူများနှင့်အခြားရောဂါသည်များကိုခေါ်ဆောင် ကာကိုယ်တော်၏ခြေတော်ရင်းတွင်ချထားကြ၏။ ကိုယ်တော်သည်ထိုသူနာတို့၏ရောဂါများကို ပျောက်ကင်းစေတော်မူ၏။- ဆွံ့အသူများစကားပြောကြသည်ကိုလည်း ကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများအကောင်းပကတိ ဖြစ်လာသည်ကိုလည်းကောင်း၊ ခြေမစွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင် များမျက်စိမြင်ကြသည်ကိုလည်းကောင်းတွေ့မြင် ကြသောအခါ လူပရိသတ်တို့သည်လွန်စွာ အံ့သြ၍ ဣသရေလအမျိုးသားတို့ဘုရား သခင်၏ဘုန်းတော်ကိုချီးကူးကြကုန်၏။
ရှင်မဿဲ 15:1-31 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ၌ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ “သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်က“သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။ အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။ သို့သော် သင်တို့က ‘မည်သူမဆို မိခင်၊ သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင် ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့နှင့်ပတ်သက်၍ ဟေရှာယက ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏’ဟူ၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကိုခေါ်ပြီးလျှင်“နားထောင်၍ နားလည်ကြလော့။ ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာလျက် “ဖာရိရှဲတို့သည် မိန့်တော်မူသောစကားတို့ကိုကြား၍ ဘဝင်မကျဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလော”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။ သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင် ကိုယ်တော်က“သင်တို့သည်လည်း ယခုတိုင်အောင် အသိတရားကင်းမဲ့လျက်နေကြသလော။ ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။ ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။ ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် ထိုအရပ်မှ ထွက်ခွာ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့၏နယ်မြေဒေသများသို့ ကြွတော်မူ၏။ ထိုအခါ ထိုအရပ်ဒေသမှ ခါနာန်အမျိုးသမီးတစ်ဦးသည် ထွက်လာ၍ “သခင်ဘုရား၊ ဒါဝိဒ်၏သားတော်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူး၍ ပြင်းထန်စွာခံစားနေရပါ၏”ဟု အော်ဟစ်လျှောက်ထားလေ၏။ သို့သော် ကိုယ်တော်သည် သူ့ကိုတစ်ခွန်းမျှ ဖြေကြားတော်မမူ။ ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးသည် အကျွန်ုပ်တို့နောက်မှလိုက်လာပြီး အော်ဟစ်နေပါသဖြင့် သူ့ကိုပြန်သွားစေတော်မူပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ငါသည် အစ္စရေးအမျိုး၏ပျောက်ဆုံးသောသိုးများထံသို့သာ စေလွှတ်ခြင်းခံရ၏”ဟု ပြန်၍မိန့်တော်မူ၏။ သို့သော် ထိုအမျိုးသမီးသည်လာ၍ ကိုယ်တော်ကိုရှိခိုးလျက် “သခင်ဘုရား၊ ကျွန်မကိုကူညီမစတော်မူပါ”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“သားသမီးတို့၏အစာကိုယူ၍ ခွေးကလေးတို့အားချပေးခြင်းသည် မကောင်းမသင့်ပါ”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအမျိုးသမီးကမူ “မှန်ပါ၏ သခင်ဘုရား။ သို့ရာတွင် ခွေးကလေးများပင်လျှင် သူတို့သခင်၏စားပွဲမှကျသော စားနုပ်စားပေါက်များကို စားရကြပါ၏”ဟု လျှောက်လေ၏။ ထိုအခါ ယေရှုက“အို အမျိုးသမီး၊ သင်၏ယုံကြည်ခြင်းသည် ကြီးမားလှပေ၏။ သင်အလိုရှိသည့်အတိုင်း သင်၌ဖြစ်စေ”ဟု မိန့်တော်မူရာ သူ၏သမီးသည် ထိုအချိန်နာရီမှစ၍ ကျန်းမာလာလေ၏။ ထို့နောက် ယေရှုသည် ထိုနေရာမှ ထွက်ခွာလျက် ဂါလိလဲပင်လယ်ကမ်းနားသို့ ကြွတော်မူပြီးလျှင် တောင်ပေါ်သို့တက်ကာ ထိုအရပ်၌ထိုင်တော်မူ၏။ ထိုအခါ များစွာသောလူထုပရိသတ်တို့သည် ခြေမသန်စွမ်းသူများ၊ မျက်မမြင်များ၊ ကိုယ်အင်္ဂါချို့တဲ့သူများ၊ ဆွံ့အသူများနှင့် အခြားရောဂါသည်အမြောက်အမြားတို့ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ အထံတော်သို့လာကြကာ ခြေတော်ရင်း၌ချထားကြသဖြင့် ကိုယ်တော်သည် သူတို့ကိုကျန်းမာစေတော်မူ၏။ လူထုပရိသတ်တို့သည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ ကိုယ်အင်္ဂါချို့တဲ့သူများ အကောင်းပကတိဖြစ်ကြသည်ကိုလည်းကောင်း၊ ခြေမသန်စွမ်းသူများ လမ်းလျှောက်ကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မျက်စိမြင်ကြသည်ကိုလည်းကောင်း တွေ့မြင်လျက် အံ့သြကြကာ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းတော်ကိုချီးမွမ်းကြ၏။