ရှင်မဿဲ 15:1-20
ရှင်မဿဲ 15:1-20 Judson Bible (JBMLE)
ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊- ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။- ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။- သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊- ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။- လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။- လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု- နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။- ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့ နားထောင် နားလည်ကြလော့။- ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။- တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟု လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။- ထိုသူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်၏။ လူကန်းချင်း တစ်ဦးကိုတစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။- ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟု လျှောက်လျှင်၊- ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။- ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။- ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။- မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊- လူကို ညစ်ညူးစေသောအရာ ဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။
ရှင်မဿဲ 15:1-20 Common Language Bible (BCL)
ထိုအခါယေရုရှလင်မြို့မှဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည်သခင်ယေရှုထံ တော်ကိုရောက်လာကြ၏။- သူတို့က ``အရှင်၏တပည့်များသည်အဘယ် ကြောင့်ရှေးလူကြီးတို့၏ထုံးတမ်းစဉ်လာများ ကိုမလိုက်နာကြပါသနည်း။ သူတို့သည်နည်း မှန်အတိုင်းလက်မဆေးဘဲစားသောက်ကြပါ သည်တကား'' ဟုလျှောက်ထားကြ၏။ ကိုယ်တော်က ``သင်တို့သည်အဘယ်ကြောင့်ဘုရား သခင်၏ပညတ်တော်တို့ကိုပစ်ပယ်၍ မိမိတို့၏ ထုံးတမ်းစဉ်လာများကိုလိုက်နာကြပါသနည်း။- ဘုရားသခင်က `သင်၏မိဘကိုရိုသေမြတ်နိုး လော့။ မိဘကိုကျိန်ဆဲသောသူသည်သေဒဏ်ခံစေ' ဟုပညတ်တော်မူခဲ့၏။- သို့ရာတွင်သင်တို့သွန်သင်ကြသည်ကားဤသို့ တည်း။ အကယ်၍လူတစ်ယောက်၌အဖသို့မဟုတ် အမိအားထောက်ပံ့ရန်ပစ္စည်းတစ်စုံတစ်ရာရှိ သော်လည်း ယင်းပစ္စည်းကိုဘုရားသခင်အဖို့လှူ ပြီးပစ္စည်းဖြစ်သည်ဟုဆိုလျှင်၊- ထိုသူသည်မိဘအားထောက်ပံ့ရန်မလိုဟုသင် တို့သွန်သင်ကြ၏။ ဤသို့လျှင်သင်တို့သည်မိမိ တို့၏ထုံးတမ်းစဉ်လာများကိုလိုက်နာရန်ဘုရား သခင်၏ပညတ်တော်ကိုပစ်ပယ်ကြ၏။- အချင်းကြောင်သူတော်တို့၊ သင်တို့နှင့်ပတ်သက်၍ ဘုရားသခင်သည်ဟေရှာယအားဖြင့်၊ `ဤလူမျိုးသည်ငါ့အားနှုတ်ဖြင့်ဂုဏ်ပြုချီးကူး ကြ၏။ သူတို့၏စိတ်နှလုံးမူကားငါနှင့်ဝေးလှ၏။ သူတို့သည်လူ့ပညတ်များကိုဘုရားပေးပညတ် သဖွယ် သင်ကြားပို့ချကြ၏။ သို့ဖြစ်၍ငါ့အားသူတို့ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးဖြစ်၏' ဟုမိန့်ကြားခဲ့သည်မှာမှန်လှ၏'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်လူပရိသတ်တို့အားအထံတော် သို့ခေါ်တော်မူပြီးလျှင် ``ငါ့စကားကိုသင်တို့ နာယူသိမှတ်ကြကုန်လော့။- လူကိုညစ်ညမ်းစေသည့်အရာကားခံတွင်းသို့ ဝင်သည့်အရာမဟုတ်။ ခံတွင်းမှထွက်သည့်အရာ သာလျှင်ဖြစ်၏'' ဟုမိန့်တော်မူသည်။ တပည့်တော်တို့သည်အထံတော်သို့လာ၍ ``အရှင် မိန့်တော်မူသောစကားကြောင့်ဖာရိရှဲတို့စိတ်ဆိုး ကြသည်ကိုသိတော်မူပါသလော'' ဟုလျှောက် ထားကြ၏။ ကိုယ်တော်က ``ကောင်းကင်ဘုံရှင်၊ ငါ၏အဖစိုက်ပျိုး တော်မမူသည့်အပင်ရှိသမျှသည်နုတ်ပစ်ခြင်း ကိုခံရလိမ့်မည်။- သို့ဖြစ်၍ထိုသူတို့အတွက်ကြောင့်စိတ်မပူကြ နှင့်၊ သူတို့သည်မျက်မမြင်များကိုလမ်းပြသည့် သူကန်းများဖြစ်ကြ၏။ မျက်မမြင်တစ်ယောက် ကအခြားမျက်မမြင်တစ်ယောက်အားလမ်းပြ ပါမူသူတို့နှစ်ယောက်စလုံးပင်တွင်းထဲသို့ကျ လိမ့်မည်'' ဟုမိန့်တော်မူ၏။ ပေတရုက ``ထိုပုံဥပမာကိုအကျွန်ုပ်တို့အား ရှင်းပြတော်မူပါ'' ဟုလျှောက်၏။ ကိုယ်တော်က ``သင်တို့ပင်လျှင်ယခုတိုင်အောင် အသိဉာဏ်ကင်းမဲ့လျက်ရှိနေကြသေးသလော။- ခံတွင်းသို့ဝင်သောအရာဟူသမျှသည်အစာ အိမ်သို့ရောက်ပြီးနောက် အိမ်သာတွင်းသို့သက်ဆင်း သွားသည်ကိုသင်တို့မသိပါသလော။- ခံတွင်းကထွက်သည့်အရာမူကားစိတ်နှလုံး ထဲမှထွက်လာသောအရာဖြစ်၏။ ထိုအရာမျိုး သည်လူကိုညစ်ညမ်းစေ၏။- လူ့အသက်ကိုသတ်ခြင်း၊ သူ့အိမ်ရာကိုပြစ်မှား ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအစရှိသည့်ညစ်ညမ်းသည့်အကြံ အစည်များသည်စိတ်နှလုံးထဲမှထွက်လာ၏။- ဤအရာများသည်လူကိုညစ်ညမ်းစေကြ၏။ လက်မဆေးဘဲအစားအစာစားခြင်းကလူ ကိုညစ်ညမ်းစေသည်မဟုတ်'' ဟုမိန့်တော်မူ၏။
ရှင်မဿဲ 15:1-20 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအခါ၌ ဂျေရုဆလင်မြို့မှ ဖာရိရှဲနှင့်ကျမ်းပြုဆရာတို့သည် ယေရှုထံသို့ချဉ်းကပ်လာ၍ “သင်၏တပည့်များသည် အဘယ်ကြောင့် ရှေးလူကြီးတို့၏ဓလေ့ထုံးတမ်းကို ချိုးဖောက်ကြသနည်း။ အကြောင်းမှာ သူတို့သည် အစာစားသည့်အခါ သူတို့၏လက်ကိုမဆေးကြပါ”ဟု လျှောက်ကြ၏။ ကိုယ်တော်က“သင်တို့သည်လည်း မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့်ချိုးဖောက်ကြသနည်း။ အကြောင်းမူကား ဘုရားသခင်က ‘မိခင်နှင့်ဖခင်တို့ကိုရိုသေလော့။ မိခင်၊ သို့မဟုတ် ဖခင်ကို ပုတ်ခတ်ပြောဆိုသောသူသည် သေဒဏ်ကျခံစေ’ဟု မိန့်တော်မူခဲ့၏။ သို့သော် သင်တို့က ‘မည်သူမဆို မိခင်၊ သို့မဟုတ် ဖခင်အား အကျွန်ုပ်ထံမှ သင်တို့ခံစားထိုက်သည့်အရာသည် လှူဖွယ်ဝတ္ထုဖြစ်ပါပြီဟု ဆိုလျှင် ထိုသူသည် မိမိ၏ဖခင်ကိုဂုဏ်ပြုစရာမလိုပေ’ဟု ပြောဆိုကြ၏။ ဤသို့ဖြင့် သင်တို့သည် မိမိတို့၏ဓလေ့ထုံးတမ်းအတွက် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပယ်ဖျက်ကြ၏။ သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့နှင့်ပတ်သက်၍ ဟေရှာယက ‘ဤလူတို့သည် သူတို့၏နှုတ်ဖြင့် ငါ့ကိုရိုသေကြ၏။ သို့သော် သူတို့၏စိတ်နှလုံးသည် ငါနှင့်ဝေးလှ၏။ သူတို့သည် လူတို့၏ပညတ်ချက်များကို ဩဝါဒများအဖြစ်သွန်သင်လျက် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏’ဟူ၍ ပရောဖက်ပြုဟောပြောခဲ့သည်မှာ မှန်လှပေ၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကိုခေါ်ပြီးလျှင်“နားထောင်၍ နားလည်ကြလော့။ ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည်မဟုတ်။ ခံတွင်းမှထွက်လာသောအရာကသာ လူကိုညစ်ညူးစေ၏”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာလျက် “ဖာရိရှဲတို့သည် မိန့်တော်မူသောစကားတို့ကိုကြား၍ ဘဝင်မကျဖြစ်ကြသည်ကို ကိုယ်တော်သိတော်မူပါသလော”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။ သူတို့ရှိကြပါလေစေ။ သူတို့သည် မျက်မမြင်တို့ကိုလမ်းပြသော မျက်မမြင်များဖြစ်ကြ၏။ မျက်မမြင်သည် မျက်မမြင်ကိုလမ်းပြလျှင် နှစ်ဦးစလုံး တွင်းထဲသို့ကျလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။ ထိုအခါ ပေတရုက “ထိုပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်လျှင် ကိုယ်တော်က“သင်တို့သည်လည်း ယခုတိုင်အောင် အသိတရားကင်းမဲ့လျက်နေကြသလော။ ခံတွင်းသို့ဝင်သမျှသောအရာသည် ဝမ်းထဲသို့ရောက်ပြီးလျှင် ရေအိမ်ထဲစွန့်ခြင်းခံရသည်ကို သင်တို့မသိကြသလော။ ခံတွင်းမှထွက်လာသည့်အရာများမူကား စိတ်နှလုံးထဲမှထွက်လာပြီး လူကိုညစ်ညူးစေ၏။ အကြောင်းမူကား မကောင်းသောတွေးတောကြံစည်မှုများ၊ လူသတ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်ခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်း၊ ခိုးယူခြင်း၊ မမှန်သောသက်သေထွက်ဆိုခြင်းနှင့် စော်ကားပြောဆိုခြင်းတို့သည် စိတ်နှလုံးထဲမှထွက်လာကြ၏။ ဤအရာများသည် လူကိုညစ်ညူးစေကြ၏။ သို့သော် မဆေးထားသောလက်ဖြင့် အစာစားခြင်းသည် လူကိုညစ်ညူးစေသည်မဟုတ်”ဟု မိန့်တော်မူ၏။