ရှင်မဿဲ 13:36-58
ရှင်မဿဲ 13:36-58 Judson Bible (JBMLE)
ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတ္တံ့။- လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။- ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။- တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။- ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။- ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊- ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့။ ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။ ထိုနောက်မှ မိမိမြို့သို့ရောက်တော်မူ၍ တရားဇရပ်၌ ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည် မိန်းမောတွေဝေခြင်း ရှိကြသဖြင့်၊ ဤသူသည် ဤပညာကိုလည်းကောင်း၊ ဤတန်ခိုးကိုလည်းကောင်း အဘယ်မှာရသနည်း။- သူသည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည် မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည် မဟုတ်လော။- သူ့နှမများတို့သည်လည်း ငါတို့နှင့် အနီးအပါးနေကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာများကို အဘယ်မှာရသနည်းဟု ပြောဆိုလျက်၊- စေတနာစိတ် ပျက်ကြ၏။ ယေရှုကလည်း၊ ပရောဖက်သည် မိမိမြို့၊ မိမိအိမ်မှတစ်ပါး အခြားသောအရပ်၌ အသရေရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။- မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။
ရှင်မဿဲ 13:36-58 Common Language Bible (BCL)
ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။ ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။- ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။- ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- ဂျုံရိုင်းပင်များကိုစုသိမ်းပြီးမီးရှို့ပစ်လိုက် သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌စာတန်မာရ် နတ်၏နိုင်ငံသားတို့သည်မီးရှို့ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။- လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊- တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။- ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။ ``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။ ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည် ဤအဖြစ်အပျက်နှင့်တူ၏။ ကုန်သည်တစ်ဦးသည် ပုလဲကောင်းကိုရှာလျက်နေ၏။- ထိုသူသည်များစွာအဖိုးတန်သည့်ပုလဲကိုတွေ့ သောအခါသွားပြီးလျှင်ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်လေ၏။ ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည်ဤ အဖြစ်အပျက်နှင့်တူ၏။ တံငါသည်တို့သည်အိုင် တွင်ပိုက်ကွန်ကိုချ၍ငါးအမျိုးမျိုးကိုအုပ်မိ၏။- ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။- ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊- တောက်လောင်သောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထို သူတို့သည်ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။ သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။ ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊- မိမိနေရင်းမြို့သို့ရောက်ရှိတော်မူ၏။ တရားဇရပ် တွင်ဟောပြောသွန်သင်တော်မူသောအခါ လူတို့သည် လွန်စွာအံ့သြကြသဖြင့် ``ဤသူသည်ဤသို့သော အသိပညာများကိုအဘယ်ကရရှိပါသနည်း။ ဤသို့သောအံ့ဖွယ်နိမိတ်လက္ခဏာများကိုအဘယ် သို့ပြနိုင်ပါသနည်း။- သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။- သူ့နှမများသည်လည်းငါတို့မြို့သူများမဟုတ်ပါ လော။ သို့ဖြစ်ပါလျက်သူသည်ဤတန်ခိုးကိုအဘယ် ကရရှိပါသနည်း'' ဟုဆိုကာ၊- ကိုယ်တော်၏အပေါ်၌အကြည်ညိုပျက်ကြ၏။ သခင်ယေရှုကလည်း ``ပရောဖက်သည်မိမိမြို့ နှင့်မိမိအိမ်မှလွဲ၍အဘယ်အရပ်တွင်မဆို ဂုဏ်အသရေရှိ၏'' ဟုမိန့်တော်မူသည်။- ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။
ရှင်မဿဲ 13:36-58 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က“ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူ့သားဖြစ်ပြီး စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။ မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။ သို့ဖြစ်၍ မြက်သီးပင်များကိုနုတ်ယူ၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင် မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဥစ္စာဘဏ္ဍာနှင့်တူ၏။ လူတစ်ဦးသည် ၎င်းကိုတွေ့သောအခါ ပြန်လည်ဝှက်ထားပြီးလျှင် ဝမ်းမြောက်စွာဖြင့်သွား၍ သူ၌ရှိသောအရာအားလုံးကိုရောင်းလျက် ထိုလယ်ကိုဝယ်လေ၏။ တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ကောင်းသောပုလဲကိုရှာဖွေနေသော ကုန်သည်နှင့်တူ၏။ သူသည် အလွန်အဖိုးတန်သောပုလဲတစ်လုံးကိုတွေ့သောအခါ သွား၍ သူ၌ရှိသမျှတို့ကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။ တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲ၌ချ၍ ငါးအမျိုးစုံကိုဖမ်းမိသော ပိုက်ကွန်နှင့်တူ၏။ ငါးနှင့်ပြည့်သောအခါ ထိုပိုက်ကွန်ကို ကမ်းပေါ်သို့ဆွဲတင်ကာ ထိုင်လျက် ကောင်းသောငါးများကို ခြင်းတောင်းထဲသို့ခွဲထည့်၍ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။ ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုနည်းတူဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည်လာ၍ ဆိုးညစ်သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ သီးခြားခွဲထားကာ မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။ ဤအရာအားလုံးကို သင်တို့နားလည်ကြသလော”ဟု မေးတော်မူ၏။ တပည့်တော်တို့က “နားလည်ပါ၏”ဟု ပြန်လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤပုံဥပမာများကို မြွက်ဆိုတော်မူပြီးသောအခါ ထိုအရပ်မှ ထွက်ခွာတော်မူ၏။ ထို့နောက် ကိုယ်တော်သည် မိမိ၏နေရင်းမြို့သို့ကြွ၍ ဝတ်ပြုစည်းဝေးကျောင်း၌ လူတို့ကိုသွန်သင်တော်မူ၏။ ထိုအခါ လူတို့သည် အံ့အားသင့်လျက် “ဤသူသည် ဤဉာဏ်ပညာနှင့်တန်ခိုးများကို အဘယ်ကရသနည်း။ ဤသူသည် လက်သမား၏သားမဟုတ်လော။ သူ၏မိခင်သည် မာရိဖြစ်ပြီး သူ၏ညီများသည် ယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့် ယုဒတို့ဖြစ်ကြသည်မဟုတ်လော။ သူ၏နှမအားလုံးသည်လည်း ငါတို့နှင့်အတူရှိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာအလုံးစုံတို့ကို အဘယ်ကရသနည်း”ဟု ပြောဆိုကြကာ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကြ၏။ ယေရှုကလည်း“ပရောဖက်သည် မိမိ၏နေရင်းမြို့နှင့် မိမိ၏အိမ်တို့မှတစ်ပါး မည်သည့်အရပ်၌မျှ ဂုဏ်သရေမဲ့သည်ဟူ၍မရှိ”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် သူတို့၏မယုံကြည်မှုကြောင့် ထိုနေရာ၌ များစွာသောတန်ခိုးလက္ခဏာတို့ကို ပြုတော်မမူခဲ့ပေ။