ရှင်မဿဲ 13:18-35
ရှင်မဿဲ 13:18-35 Judson Bible (JBMLE)
မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။- လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသော်လည်း၊- စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။- လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။- အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊- ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊- အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနုတ်စေခြင်းငှာ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊- အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။- စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။- မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။ ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊- ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဖူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။
ရှင်မဿဲ 13:18-35 Common Language Bible (BCL)
``ထို့ကြောင့်မျိုးကြဲသူ၏ပုံဥပမာအနက် အဋ္ဌိပ္ပါယ်ကိုနားထောင်ကြလော့။- လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။- ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။- သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။- ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။- မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။ သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။- သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။- ဂျုံပင်ကလေးများပေါက်ပြီးနောက်ဂျုံနှံများ ထွက်လာသောအခါဂျုံရိုင်းပင်များလည်းပေါ် ထွက်လာလေသည်။- ထိုအခါစာရင်းငှားတို့သည်လယ်ရှင်ထံလာ၍ `အရှင်၊ အရှင့်ဂျုံခင်းတွင်မျိုးကောင်းမျိုးသန့်များ ကြဲခဲ့သည်မဟုတ်ပါလော။ ဂျုံရိုင်းပင်များကား အဘယ်မှရောက်ရှိလာပါသနည်း' ဟုမေးကြ၏။- လယ်ရှင်က `ဤအရာကားရန်သူ၏လက်ချက်ပင် ဖြစ်၏' ဟုဆိုလျှင်စာရင်းငှားများက `ထိုသို့ဖြစ် ပါမူဂျုံရိုင်းများကိုသွား၍နုတ်ပစ်ရပါမည် လော' ဟုမေးပြန်ကြ၏။- လယ်ရှင်က၊ နုတ်မပစ်ကြနှင့်ဦး။ ဂျုံရိုင်းများကို နုတ်လိုက်လျှင်ဂျုံကောင်းများလည်းပါသွားလိမ့် မည်။- ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။ သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။- ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။ ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။ သခင်ယေရှုသည်လူပရိသတ်တို့အားဤ အကြောင်းအရာများကိုပုံဥပမာဆောင်၍ ဟောကြားတော်မူ၏။ ပုံဥပမာမဆောင်ဘဲ အဘယ်အကြောင်းအရာကိုမျှဟောကြား တော်မမူ။- ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။
ရှင်မဿဲ 13:18-35 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထို့ကြောင့် မျိုးကြဲသောသူ၏ပုံဥပမာကို သင်တို့နားထောင်ကြလော့။ မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။ ကျောက်ပေါများသောနေရာတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူကိုဆိုလို၏။ သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။ ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။ ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။ သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။ အပင်ပေါက်၍ အနှံထွက်လာသောအခါ မြက်သီးပင်များလည်း ထင်ရှားလာကြ၏။ ထိုအခါ စိုက်ခင်းပိုင်ရှင်၏အစေအပါးတို့သည်လာ၍ ‘သခင်၊ သခင်၏စိုက်ခင်း၌ ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် မြက်သီးပင်များသည် အဘယ်ကပေါက်လာသနည်း’ဟု မေးမြန်းကြ၏။ စိုက်ခင်းပိုင်ရှင်ကလည်း ‘ဤသည်ကား ရန်သူ၏လုပ်ရပ်ဖြစ်၏’ဟု ဆို၏။ ထိုအခါ အစေအပါးတို့က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ မြက်သီးပင်တို့ကို နုတ်ယူရမည်လော’ဟု မေးလျှောက်ကြ၏။ သို့သော် စိုက်ခင်းပိုင်ရှင်က ‘ထိုသို့မပြုနှင့်။ မြက်သီးပင်များကိုနုတ်ယူစဉ် ဂျုံပင်ကိုရောနှော၍ အမြစ်ပါမကျန်ဆွဲနုတ်မိမည်ကို စိုးရိမ်ရ၏။ ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။ ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ ၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။ အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။ ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။