ရှင်မဿဲ 13:1-53
ရှင်မဿဲ 13:1-53 Judson Bible (JBMLE)
ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာ ထိုင်နေတော်မူသည်တွင်၊- များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာ ရပ်နေကြ၏။- ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာ ထွက်သွား၏။- အစေ့ကိုကြဲသည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။- အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း၊- နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- အချို့သောအစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့်၊ ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။- အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးကြ၏။- ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။- တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည် အဘယ်ကြောင့် ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊- ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာတို့ကို သိရသောအခွင့် ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊- အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နုတ်လိမ့်မည်။- ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။- ဟေရှာယ ဟောဖူးသော အနာဂတ်စကားဟူမူကား၊ သင်တို့သည် ကြားလျက်ပင် အနက်ကိုနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲ မြင်ကြလိမ့်မည်။- အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက် ရှိကြ၏ ဟူသောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။- သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။- ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသော အရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြ။- မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပာယ်ကို နားထောင်ကြလော့။- လမ်း၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်းသည် ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။- ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ချင်းခံယူသော်လည်း၊- စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။- ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။- ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။ အခြားသော ဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို လယ်၌ကြဲသောသူနှင့် တူ၏။- လူတို့သည် အိပ်ပျော်သောအခါ သူ၏ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍သွားလေ၏။- အပင်ပေါက်၍ အသီးအနှံထွက်သောအခါ၊ တောပင်များလည်း ထင်ရှားလျှင်၊- ကျွန်တို့သည် အိမ်ရှင်ထံသို့သွား၍ သခင်၊ ကောင်းသောမျိုးစေ့ကို လယ်၌ကြဲတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်ကဖြစ်သနည်းဟု လျှောက်ကြလျှင်၊- အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနုတ်စေခြင်းငှာ အလိုတော်ရှိသလောဟု လျှောက်ကြလျှင်၊- အိမ်ရှင်က ထိုသို့ ငါအလိုမရှိ။ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နုတ်မိမည် စိုးရိမ်စရာအကြောင်းရှိ၏။- စပါးရိတ်သည်ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူ ကြီးပွားပါလေစေ။ စပါးရိတ်သည်ကာလ ရောက်လျှင်၊ တောပင်တို့ကို ရှေ့ဦးစွာရွေးနုတ်၍ မီးရှို့ခြင်းငှာ စည်းနှောင်ကြလော့။ စပါးကိုကား ကျီ၌စုသိမ်း သွင်းထားကြလော့ဟု ရိတ်သောသူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။- မုန်ညင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း၊ ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခိုလောက်သောအပင် ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။ အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။ ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊- ထိုသို့သောအားဖြင့် ပရောဖက်စကားဟူမူကား၊ ငါသည်နှုတ်ကိုဖွင့်၍ ဥပမာများကိုမြွက်ဆိုအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဖူးသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။- ထိုနောက်မှ ယေရှုသည် လူအစုအဝေးများကိုလွှတ်၍ အိမ်သို့ဝင်တော်မူပြီးမှ၊ တပည့်တော်တို့သည် ချဉ်းကပ်၍၊ လယ်၌ကြဲသော တောမျိုးစေ့၏ ဥပမာအနက်အဓိပ္ပာယ်ကို အကျွန်ုပ်တို့အား ဖော်ပြတော်မူပါဟု လျှောက်ကြလျှင်၊- ကိုယ်တော်က၊ ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူသားဖြစ်၏။- လယ်ကား ဤလောကဖြစ်၏။ ကောင်းသောအစေ့ကား နိုင်ငံတော်သားဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသားဖြစ်၏။- တောမျိုးစေ့ကိုကြဲသော ရန်သူကား မာရ်နတ်ဖြစ်၏။ စပါးရိတ်သောကာလကား ဤကမ္ဘာကုန်သောကာလ ဖြစ်၏။ စပါးရိတ်သောသူကား ကောင်းကင်တမန်ဖြစ်၏။- တောပင်တို့ကိုရွေးနုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတ္တံ့။- လူသားသည် မိမိကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသောသူတို့နှင့် မတရားသော အမှုကိုပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနုတ်၍၊- ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ချကြလတ္တံ့။- ထိုအခါ ဖြောင့်မတ်သောသူတို့သည် နေထွန်းလင်းသကဲ့သို့ မိမိတို့အဘ၏ နိုင်ငံတော်၌ ထွန်းလင်းကြလတ္တံ့။ ကြားစရာနားရှိသောသူ မည်သည်ကား ကြားပါစေ။ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသောဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍၊ ဝမ်းမြောက်သောစိတ်နှင့် သွားပြီးလျှင်၊ ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။ တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။- ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ၊ သွား၍ မိမိ၌ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏။- တစ်နည်းကား၊ ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့်တူ၏။- ငါးနှင့်အပြည့်ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသောငါးကို ခြင်းထဲသို့ ရွေးချယ်ထည့်ထား၍၊ မကောင်းသောငါးကို ပြင်သို့ပစ်လိုက်ကြ၏။- ထိုနည်းတူ ကမ္ဘာအဆုံး၌ ကောင်းကင်တမန်တို့သည် ဆင်းလာပြီးလျှင်၊ ဖြောင့်မတ်သောသူတို့အထဲမှ ဆိုးသောသူတို့ကို နုတ်ယူခွဲထား၍၊- ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့။ ဤအရာအလုံးစုံတို့ကို သင်တို့သည် နားလည်ကြသလောဟု မေးတော်မူလျှင်၊ နားလည်ပါပြီသခင်ဟု တပည့်တော်တို့သည် လျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသောကျမ်းဆရာ မည်သည်ကား၊ မိမိဘဏ္ဍာထဲက အထူးထူးအပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်ဖော်သောအိမ်ရှင်နှင့် တူသည်ဟု မိန့်တော်မူ၏။ ထိုဥပမာစကားများကို အကုန်အစင်မိန့်မြွက်တော်မူပြီးလျှင် ထိုအရပ်မှကြွသွားတော်မူ၏။
ရှင်မဿဲ 13:1-53 Common Language Bible (BCL)
ထိုနေ့၌ပင်လျှင်သခင်ယေရှုသည်ထိုအိမ်မှ ထွက်ကြွတော်မူ၍အိုင်ကမ်းခြေတွင်ထိုင်တော် မူ၏။- အထံတော်သို့လာရောက်ကြသည့်လူပရိသတ် မှာများလှသဖြင့် ကိုယ်တော်သည်လှေပေါ်သို့ တက်၍ထိုင်တော်မူ၏။ လူအပေါင်းတို့ကကမ်း ခြေတွင်ရပ်လျက်နေကြ၏။- ကိုယ်တော်သည်ထိုသူတို့အား ပုံဥပမာဆောင်၍ များစွာသောအကြောင်းအရာများကိုသွန်သင် တော်မူ၏။ ကိုယ်တော်က ``မျိုးကြဲသူလူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွား၏။- မျိုးကြဲသောအခါအချို့မျိုးစေ့တို့သည်လမ်း တွင်ကျသဖြင့်ငှက်တို့သည်လာ၍စားကြ၏။- အချို့မျိုးစေ့တို့သည်မြေဆီလွှာပါးသည့် ကျောက်ခံမြေပေါ်တွင်ကျ၏။ မြေသားတိမ် သဖြင့်အပင်များလျင်မြန်စွာပေါက်သော် လည်း၊- နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။- အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၏။ ဆူးပင် များကြီးထွားလာပြီးနောက်အပင်ငယ်တို့ကို လွှမ်းမိုးကာသေစေကြ၏။- အချို့မျိုးစေ့တို့ကားမြေကောင်းမြေသန့်တွင် ကျ၏။ အပင်များပေါက်၍အဆတစ်ရာ၊ အဆ ခြောက်ဆယ်၊ အဆသုံးဆယ်သီးနှံများကိုဆောင် ကုန်၏။ ကြားတတ်သောနားရှိသူတို့ကြားကြလော့'' ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်အဘယ်ကြောင့်လူတို့အားပုံ ဥပမာဖြင့်သာလျှင်မိန့်တော်မူပါသနည်း'' ဟု မေးလျှောက်ကြ၏။ ကိုယ်တော်က ``သင်တို့သည်ကောင်းကင်နိုင်ငံတော် နှင့်ဆိုင်သောနက်နဲသည့်အကြောင်းအရာများ ကိုနားလည်ခွင့်ရကြ၏။ အခြားသူများမူ ကားထိုအခွင့်ကိုမရကြ။- ဘုရားသခင်သည်ရှိသူအားပိုလျှံသည့်တိုင်အောင် ထပ်လောင်း၍ပေးတော်မူ၍မရှိသူထံမှရှိသမျှ ကိုပင်ရုပ်သိမ်းတော်မူလိမ့်မည်။- သူတို့အားပုံဥပမာဆောင်၍ငါပြောရသည့် အကြောင်းမှာသူတို့သည်ကြည့်သော်လည်းမမြင်၊ နားထောင်သော်လည်းမကြားသို့မဟုတ်နားမ လည်သောကြောင့်ဖြစ်၏။ ထို့ကြောင့်၊ `ဤသူတို့သည်ကြားလျက်နှင့်နားလည်လိမ့်မည် မဟုတ်။ မြင်လျက်နှင့်သိလိမ့်မည်မဟုတ်။ ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက် သူတို့၏နားများသည်လေးလျက်မျက်စိများသည် ပိတ်လျက်ရှိ၏။ အကယ်၍သာသူတို့၏မျက်စိများသည်မြင်နိုင်၍ နားများသည်ကြားနိုင်လျက်၊ စိတ်နှလုံးသည်လည်းသိနားလည်နိုင်မည်ဆိုပါမူ သူတို့သည်ငါ့ကိုခိုလှုံကိုးစားလာကြမည်ဖြစ်၍၊ ငါသည်လည်းသူတို့၏အပြစ်များကို ဖြေလွှတ်တော်မူပေအံ့' ဟုဘုရားသခင်မိန့်တော်မူကြောင်းဟေရှာယ ဟောချက်သည်မှန်ပေ၏။ ``သင်တို့၏မျက်စိများသည်မြင်၍နားများသည် လည်းကြားသောကြောင့် သင်တို့သည်မင်္ဂလာရှိကြ၏။- အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။ ``ထို့ကြောင့်မျိုးကြဲသူ၏ပုံဥပမာအနက် အဋ္ဌိပ္ပါယ်ကိုနားထောင်ကြလော့။- လမ်းမြေတွင်ကျသည့်မျိုးစေ့သည်နိုင်ငံတော် အကြောင်းတရားတော်ကိုကြားသော်လည်းနား မလည်သူတို့နှင့်တူ၏။ သူတို့၏စိတ်နှလုံးတွင် ကြဲထားသည့်တရားတော်မျိုးစေ့ကိုစာတန် သည်လာ၍ယူငင်သွား၏။- ကျောက်ခံမြေတွင်ကျသည့်မျိုးစေ့သည်တရားတော် ကိုကြားလျှင်ကြားချင်းဝမ်းမြောက်စွာခံယူသူတို့ ကိုဆိုလို၏။- သို့သော်တရားတော်သည်သူတို့၏စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ သို့ဖြစ်၍သူတို့သည်တရားတော်ကြောင့်ဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုကိုတွေ့ကြုံရသောအခါ ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။- ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။- မြေကောင်းမြေသန့်တွင်ကျသည့်မျိုးစေ့ကား တရားတော်ကိုကြား၍နားလည်သူတို့ကိုဆို လို၏။ သူတို့သည်အဆတစ်ရာ၊ အဆခြောက် ဆယ်၊ အဆသုံးဆယ်အသီးအနှံများကို ဆောင်ကုန်၏'' ဟုမိန့်တော်မူသည်။ သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော် သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ်ယောက် သည်မိမိဂျုံမျိုးကောင်းမျိုးသန့်ကိုကြဲ၏။- သို့ရာတွင်ညအခါလူတို့အိပ်ပျော်နေချိန်၌ ရန်သူသည်လာ၍ဂျုံမျိုးကြဲထားရာတွင်ဂျုံ ရိုင်းစေ့များကိုကြဲပြီးနောက်ထွက်ခွာသွား၏။- ဂျုံပင်ကလေးများပေါက်ပြီးနောက်ဂျုံနှံများ ထွက်လာသောအခါဂျုံရိုင်းပင်များလည်းပေါ် ထွက်လာလေသည်။- ထိုအခါစာရင်းငှားတို့သည်လယ်ရှင်ထံလာ၍ `အရှင်၊ အရှင့်ဂျုံခင်းတွင်မျိုးကောင်းမျိုးသန့်များ ကြဲခဲ့သည်မဟုတ်ပါလော။ ဂျုံရိုင်းပင်များကား အဘယ်မှရောက်ရှိလာပါသနည်း' ဟုမေးကြ၏။- လယ်ရှင်က `ဤအရာကားရန်သူ၏လက်ချက်ပင် ဖြစ်၏' ဟုဆိုလျှင်စာရင်းငှားများက `ထိုသို့ဖြစ် ပါမူဂျုံရိုင်းများကိုသွား၍နုတ်ပစ်ရပါမည် လော' ဟုမေးပြန်ကြ၏။- လယ်ရှင်က၊ နုတ်မပစ်ကြနှင့်ဦး။ ဂျုံရိုင်းများကို နုတ်လိုက်လျှင်ဂျုံကောင်းများလည်းပါသွားလိမ့် မည်။- ကောက်ရိတ်ချိန်တိုင်အောင်အပင်နှစ်မျိုးလုံးဆက် လက်ကြီးပွားစေကြလော့။ ကောက်ရိတ်ချိန်ရောက် သော်ကောက်ရိတ်သမားတို့အားဦးစွာဂျုံရိုင်း များကိုနုတ်၍စည်းထားပြီးလျှင်မီးရှို့ပစ်ကြ။ ထိုနောက်ဂျုံစပါးကိုစုသိမ်း၍ငါ၏ကျီ၌ သွင်းထားကြဟုငါမှာကြားမည်' ဟုဆို၏'' ဟူ ၍မိန့်တော်မူသည်။ သခင်ယေရှုသည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ လူတစ် ယောက်သည်မုန်ညင်းစေ့ကိုယူ၍မိမိဥယျာဉ် တွင်စိုက်၏။- ထိုအစေ့သည်အစေ့တကာတို့ထက်သေးငယ် ၏။ သို့ရာတွင်အပင်ပေါက်၍ကြီးထွားလာသော အခါ အခြားအပင်ငယ်များထက်ကြီးမားသည့် အပင်တစ်ပင်ဖြစ်လာ၏။ သို့ဖြစ်၍ငှက်များသည် ထိုအပင်၏အကိုင်းများတွင်အသိုက်ပြုလုပ် နိုင်ကြ၏'' ဟုမိန့်တော်မူသည်။ ကိုယ်တော်သည်အခြားပုံဥပမာကိုဆောင်၍ မိန့်တော်မူပြန်၏။ ကိုယ်တော်က ``ကောင်းကင်နိုင်ငံ တော်သည်ဤအဖြစ်အပျက်နှင့်တူ၏။ အမျိုး သမီးတစ်ယောက်သည်တဆေးကိုယူပြီးလျှင် မုန့်ညက်တစ်တင်းတွင်ထည့်သဖြင့်မုန့်ညက်အား လုံးကိုဖောင်းကြွစေ၏'' ဟုမိန့်တော်မူသည်။ သခင်ယေရှုသည်လူပရိသတ်တို့အားဤ အကြောင်းအရာများကိုပုံဥပမာဆောင်၍ ဟောကြားတော်မူ၏။ ပုံဥပမာမဆောင်ဘဲ အဘယ်အကြောင်းအရာကိုမျှဟောကြား တော်မမူ။- ဤသို့ဟောကြားရခြင်းမှာ၊ ``ငါသည်ပုံဥပမာဆောင်၍မိမိ၏နှုတ်ကို ဖွင့်ဟမြွက်ဆိုမည်။ လောကကိုထာဝရဘုရားဖန်ဆင်းတော်မူချိန်မှစ၍ ကွယ်ဝှက်နေခဲ့သည့်အရာများကို ငါထုတ်ဖော်ပြောဆိုမည်'' ဟူသောပရောဖက်၏ဟောချက်မှန်ကန်လာစေရန် ပင်ဖြစ်၏။ ထိုနောက်သခင်ယေရှုသည်လူပရိသတ်များထံ မှထွက်ခွာ၍အိမ်ထဲသို့ဝင်တော်မူ၏။ ထိုအခါ တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ် ၍ ``ဂျုံရိုင်းပင်များ၏ပုံဥပမာကိုအကျွန်ုပ် တို့အားရှင်းပြတော်မူပါ'' ဟုလျှောက်ထား ကြ၏။ ကိုယ်တော်က ``မျိုးကောင်းမျိုးသန့်ကိုကြဲသူသည် လူသားပင်ဖြစ်၏။- ဂျုံခင်းကားဤကမ္ဘာလောကတည်း။ မျိုးကောင်း မျိုးသန့်သည်နိုင်ငံတော်သားများကိုဆိုလို၏။ ဂျုံရိုင်းစေ့များကားစာတန်မာရ်နတ်၏နိုင်ငံ သားများကိုဆိုလို၏။- ထိုမျိုးစေ့များကိုကြဲသူသည်စာတန်မာရ်နတ် ပင်ဖြစ်၏။ ကောက်ရိတ်ချိန်ကားကပ်ကမ္ဘာကုန်ဆုံး ချိန်တည်း။ ကောက်ရိတ်သမားများသည်ကောင်းကင် တမန်များဖြစ်၏။- ဂျုံရိုင်းပင်များကိုစုသိမ်းပြီးမီးရှို့ပစ်လိုက် သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌စာတန်မာရ် နတ်၏နိုင်ငံသားတို့သည်မီးရှို့ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။- လူသားသည်မိမိ၏ကောင်းကင်တမန်များကိုစေ လွှတ်တော်မူ၍ လူတို့အားမှောက်မှားလမ်းလွဲစေ သူများနှင့်အပြစ်ကူးသူအပေါင်းကိုနိုင်ငံ တော်ထဲကရွေးထုတ်စေပြီးလျှင်၊- တောက်လောင်သောမီးဖိုထဲသို့ပစ်ချစေတော်မူ မည်။ ထိုသူအပေါင်းတို့သည်ငိုကြွေးမြည်တမ်း ၍အံသွားခဲကြိတ်ကြလိမ့်မည်။- ထိုအခါသူတော်ကောင်းတို့သည်အဖဘုရား၏ နိုင်ငံတော်တွင်နေကဲ့သို့ထွန်းလင်းတောက်ပလျက် နေကြလတ္တံ့။ ကြားတတ်သောနားရှိသူကြားကြ ကုန်လော့။ ``ကောင်းကင်နိုင်ငံတော်သည်ဤအဖြစ်အပျက် နှင့်တူ၏။ လူတစ်ယောက်သည်လယ်၌မြှုပ်ထားသော ဘဏ္ဍာကိုတွေ့သဖြင့်တစ်ဖန်မြှုပ်ထားခဲ့၏။ ထိုနောက် ဝမ်းမြောက်စွာသွားပြီးလျှင်ရှိသမျှကိုရောင်းချ လျက်ထိုလယ်ကိုဝယ်လေ၏။ ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည် ဤအဖြစ်အပျက်နှင့်တူ၏။ ကုန်သည်တစ်ဦးသည် ပုလဲကောင်းကိုရှာလျက်နေ၏။- ထိုသူသည်များစွာအဖိုးတန်သည့်ပုလဲကိုတွေ့ သောအခါသွားပြီးလျှင်ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်လေ၏။ ``ထိုမှတစ်ပါးလည်း၊ ကောင်းကင်နိုင်ငံတော်သည်ဤ အဖြစ်အပျက်နှင့်တူ၏။ တံငါသည်တို့သည်အိုင် တွင်ပိုက်ကွန်ကိုချ၍ငါးအမျိုးမျိုးကိုအုပ်မိ၏။- ပိုက်ကွန်တွင်ငါးအပြည့်ရသောအခါတံငါသည် တို့သည်ထိုပိုက်ကွန်ကိုကုန်းပေါ်သို့ဆွဲ၍တင်ကြ၏။ ထိုနောက်ထိုင်၍ငါးများကိုရွေးကြ၏။ ငါးကောင်း များကိုအိုးများတွင်ထည့်ထားပြီးနောက်ငါးညံ့ များကိုမူအပြင်သို့ပစ်ထုတ်လိုက်ကြ၏။- ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်းထိုနည်းတူဖြစ်ပေ အံ့။ ကောင်းကင်တမန်များသည်လာ၍သူယုတ်မာ များကိုသူတော်ကောင်းများထဲမှခွဲထုတ်ပြီးလျှင်၊- တောက်လောင်သောမီးဖိုထဲသို့ပစ်ချလိမ့်မည်။ ထို သူတို့သည်ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ သခင်ယေရှုက ``ဤအကြောင်းအရာအလုံးစုံ တို့ကိုသင်တို့နားလည်ကြပါ၏လော'' ဟုမေး တော်မူလျှင်တပည့်တော်တို့က``နားလည်ပါ သည်'' ဟုဖြေကြားကြ၏။ သို့ဖြစ်၍ကိုယ်တော်က ``ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်လာသူကျမ်းတတ်ဆရာသည်မိမိ၏ ဘဏ္ဍာတိုက်ထဲမှဥစ္စာပစ္စည်းအသစ်နှင့်အဟောင်းများ ကိုထုတ်ယူသောအိမ်ရှင်နှင့်တူ၏'' ဟုမိန့်တော်မူ၏။ ထိုပုံဥပမာများကိုမိန့်ကြားတော်မူပြီးနောက် သခင်ယေရှုသည်ထိုအရပ်မှထွက်ကြွ၍၊
ရှင်မဿဲ 13:1-53 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုနေ့၌ပင် ယေရှုသည် အိမ်မှထွက်၍ ပင်လယ်ကမ်းနားတွင် ထိုင်တော်မူလျှင် များစွာသောလူထုပရိသတ်တို့သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ကမ်းပေါ်တွင် ရပ်နေကြ၏။ ထိုအခါ ကိုယ်တော်သည် များစွာသောအရာတို့ကို ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“နားထောင်ကြလော့။ မျိုးကြဲသောသူသည် မျိုးကြဲရန် ထွက်သွားလေ၏။ ထိုသူမျိုးကြဲစဉ်တွင် အချို့သောမျိုးစေ့တို့သည် လမ်းဘေးတွင်ကျသဖြင့် ငှက်တို့သည်လာ၍ ၎င်းတို့ကို ကောက်စားကြ၏။ အချို့တို့မူကား မြေနည်း၍ ကျောက်ပေါသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။ သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။ အချို့တို့မူကား ကောင်းသောမြေ၌ကျသဖြင့် အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် အသီးသီးလေ၏။ နားရှိသောသူသည် ကြားပါစေ”ဟု မိန့်တော်မူ၏။ ထို့နောက် တပည့်တော်တို့သည် ချဉ်းကပ်လာ၍ “ကိုယ်တော်သည် အဘယ်ကြောင့် သူတို့အား ပုံဥပမာများဖြင့် မြွက်ဆိုတော်မူသနည်း”ဟု မေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးသဖြင့် သူသည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။ ဤအကြောင်းကြောင့် ငါသည် သူတို့အား ပုံဥပမာများဖြင့်မြွက်ဆိုရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား၊ နားလည်းမလည်ကြသောကြောင့်ဖြစ်၏။ ဤသို့ဖြင့် ဟေရှာယ၏ပရောဖက်ပြုဟောပြောချက်သည် သူတို့၌ ပြည့်စုံခြင်းသို့ရောက်လေ၏။ ဟောပြောချက်ကား ‘သင်တို့သည် ကြားလျက်ပင် လုံးဝနားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် လုံးဝသတိမမူဘဲ မြင်ကြလိမ့်မည်။ အကြောင်းမူကား ဤလူတို့၏စိတ်နှလုံးသည် ထုံထိုင်းလျက်၊ နားသည်လည်း လေးလျက်၊ မျက်စိသည်လည်း ပိတ်လျက်ရှိကြ၏။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက် ၊ နားဖြင့်ကြားလျက်၊စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် ငါသည် သူတို့ကိုကျန်းမာစေရမည်’ဟူ၍ဖြစ်၏။ သို့သော် သင်တို့၏မျက်စိသည်မြင်၍ သင်တို့၏နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန်အလွန်အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလွန်အလိုရှိသော်လည်းမကြားခဲ့ရကြပေ။ ထို့ကြောင့် မျိုးကြဲသောသူ၏ပုံဥပမာကို သင်တို့နားထောင်ကြလော့။ မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။ ကျောက်ပေါများသောနေရာတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့် ချက်ချင်းလက်ခံသောသူကိုဆိုလို၏။ သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။ ဆူးပင်တို့တွင် ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြားသော်လည်း လောကီရေးရာ၌စိုးရိမ်ပူပန်ခြင်းနှင့် စည်းစိမ်၏လှည့်ဖြားခြင်းတို့က တရားစကားကို ကာဆီးပိတ်ဆို့သဖြင့် အသီးမသီးသောသူကိုဆိုလို၏။ ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် ကောင်းသောမျိုးစေ့ကို မိမိစိုက်ခင်း၌ ကြဲသောသူနှင့်တူ၏။ သို့သော် လူတို့အိပ်ပျော်နေကြစဉ် သူ၏ရန်သူသည်လာ၍ ဂျုံမျိုးစေ့ကြားတွင် မြက်သီးမျိုးစေ့များကိုကြဲပြီး ထွက်သွားလေ၏။ အပင်ပေါက်၍ အနှံထွက်လာသောအခါ မြက်သီးပင်များလည်း ထင်ရှားလာကြ၏။ ထိုအခါ စိုက်ခင်းပိုင်ရှင်၏အစေအပါးတို့သည်လာ၍ ‘သခင်၊ သခင်၏စိုက်ခင်း၌ ကောင်းသောမျိုးစေ့ကို ကြဲခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် မြက်သီးပင်များသည် အဘယ်ကပေါက်လာသနည်း’ဟု မေးမြန်းကြ၏။ စိုက်ခင်းပိုင်ရှင်ကလည်း ‘ဤသည်ကား ရန်သူ၏လုပ်ရပ်ဖြစ်၏’ဟု ဆို၏။ ထိုအခါ အစေအပါးတို့က ‘ထိုသို့ဆိုလျှင် အကျွန်ုပ်တို့သွား၍ မြက်သီးပင်တို့ကို နုတ်ယူရမည်လော’ဟု မေးလျှောက်ကြ၏။ သို့သော် စိုက်ခင်းပိုင်ရှင်က ‘ထိုသို့မပြုနှင့်။ မြက်သီးပင်များကိုနုတ်ယူစဉ် ဂျုံပင်ကိုရောနှော၍ အမြစ်ပါမကျန်ဆွဲနုတ်မိမည်ကို စိုးရိမ်ရ၏။ ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးစလုံးအတူ ကြီးထွားကြပါစေ။ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းသောသူတို့အား “မြက်သီးပင်များကို ဦးစွာနုတ်ယူ၍ ၎င်းတို့ကိုမီးရှို့ရန် အစည်းလိုက်ချည်ထားကြလော့။ ဂျုံဆန်ကိုမူကား ငါ၏ကျီထဲ၌ စုသိမ်းထားကြလော့”ဟု ငါပြောမည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။ ကိုယ်တော်သည် အခြားသောပုံဥပမာကိုပေး၍ သူတို့အားမြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် မုန်ညင်းနက်စေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ မိမိ၏စိုက်ခင်း၌ ကြဲသောအခါ ၎င်းသည် အစေ့တကာတို့ထက် သေးငယ်၏။ သို့သော် ကြီးထွားလာသောအခါတွင်မူ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ၎င်း၏အကိုင်းများတွင် မိုးကောင်းကင်ငှက်တို့သည်လာ၍ အသိုက်ဖွဲ့နေနိုင်လောက်သောအပင်ဖြစ်လာ၏”ဟု မိန့်တော်မူ၏။ အခြားသောပုံဥပမာကို သူတို့အား မြွက်ဆိုတော်မူသည်မှာ“ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ အမျိုးသမီးတစ်ဦးသည် ၎င်းကိုယူ၍ ဂျုံမှုန့်သုံးစိတ်ထဲတွင်ထည့်လိုက်သော် မုန့်ညက်တစ်ပုံလုံးကိုဖောင်းပွစေ၏”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအကြောင်းအရာအလုံးစုံတို့ကို ပုံဥပမာများဖြင့် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူ၏။ ပုံဥပမာမပါဘဲ သူတို့အား မြွက်ဆိုတော်မမူ။ ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။ ထိုအခါ ကိုယ်တော်က“ကောင်းသောမျိုးစေ့ကိုကြဲသောသူသည် လူ့သားဖြစ်ပြီး စိုက်ခင်းသည် ဤလောကဖြစ်၏။ ကောင်းသောမျိုးစေ့သည် နိုင်ငံတော်၏သားများဖြစ်ကြ၏။ မြက်သီးပင်များမူကား မာရ်နတ်၏သားများဖြစ်ကြ၏။ မြက်သီးမျိုးစေ့များကိုကြဲသောရန်သူသည် မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မူကား ကပ်ကမ္ဘာကုန်ဆုံးချိန်ဖြစ်၍ ရိတ်သိမ်းသောသူတို့သည် ကောင်းကင်တမန်များဖြစ်ကြ၏။ သို့ဖြစ်၍ မြက်သီးပင်များကိုနုတ်ယူ၍ မီးရှို့သကဲ့သို့ ကပ်ကမ္ဘာကုန်ဆုံးချိန်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်။ လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင် မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းရှိလိမ့်မည်။ ထိုအခါ ဖြောင့်မတ်သောသူတို့သည် သူတို့အဖ၏နိုင်ငံတော်၌ နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသောသူသည် ကြားပါစေ။ ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဥစ္စာဘဏ္ဍာနှင့်တူ၏။ လူတစ်ဦးသည် ၎င်းကိုတွေ့သောအခါ ပြန်လည်ဝှက်ထားပြီးလျှင် ဝမ်းမြောက်စွာဖြင့်သွား၍ သူ၌ရှိသောအရာအားလုံးကိုရောင်းလျက် ထိုလယ်ကိုဝယ်လေ၏။ တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ကောင်းသောပုလဲကိုရှာဖွေနေသော ကုန်သည်နှင့်တူ၏။ သူသည် အလွန်အဖိုးတန်သောပုလဲတစ်လုံးကိုတွေ့သောအခါ သွား၍ သူ၌ရှိသမျှတို့ကိုရောင်းပြီးလျှင် ထိုပုလဲကိုဝယ်လေ၏။ တစ်ဖန် ကောင်းကင်နိုင်ငံတော်သည် ပင်လယ်ထဲ၌ချ၍ ငါးအမျိုးစုံကိုဖမ်းမိသော ပိုက်ကွန်နှင့်တူ၏။ ငါးနှင့်ပြည့်သောအခါ ထိုပိုက်ကွန်ကို ကမ်းပေါ်သို့ဆွဲတင်ကာ ထိုင်လျက် ကောင်းသောငါးများကို ခြင်းတောင်းထဲသို့ခွဲထည့်၍ မကောင်းသောငါးများကို အပြင်သို့ပစ်လိုက်ကြ၏။ ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုနည်းတူဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည်လာ၍ ဆိုးညစ်သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ သီးခြားခွဲထားကာ မီးပြင်းဖိုထဲသို့ ပစ်ချကြလိမ့်မည်။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်။ ဤအရာအားလုံးကို သင်တို့နားလည်ကြသလော”ဟု မေးတော်မူ၏။ တပည့်တော်တို့က “နားလည်ပါ၏”ဟု ပြန်လျှောက်ကြ၏။ ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤပုံဥပမာများကို မြွက်ဆိုတော်မူပြီးသောအခါ ထိုအရပ်မှ ထွက်ခွာတော်မူ၏။