ရှင်မဿဲ 12:1-21
ရှင်မဿဲ 12:1-21 Judson Bible (JBMLE)
ထိုကာလအခါ ယေရှုသည် ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် ဆာမွတ်သောကြောင့် စပါးအသီးအနှံကို ဆွတ်၍စားကြ၏။- ဖာရိရှဲတို့သည် မြင်လျှင်၊ ကိုယ်တော်၏ တပည့်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို ပြုကြပါသည် တကားဟု လျှောက်ကြသော်၊- ကိုယ်တော်က ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊- ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ မိမိမစားအပ်၊ မိမိအဖော်မစားအပ်၊ ယဇ်ပုရောဟိတ်တို့သာ စားအပ်သော ရှေ့တော်မုန့်ကို စားသည်အကြောင်းကို သင်တို့သည် မဖတ်ဖူးသလော။- ယဇ်ပုရောဟိတ်တို့သည်လည်း ဗိမာန်တော်တွင် ဥပုသ်နေ့၌ ဥပုသ်ပျက်သော်လည်း၊ အပြစ်မသင့်သည်ကို ပညတ္တိကျမ်း၌ မဖတ်ဖူးသလော။- ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက်သာ၍ ကြီးမြတ်သောအရာရှိ၏။- ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို သင်တို့သည် နားလည်လျှင်၊ အပြစ်ကင်းသောသူတို့ကို အပြစ်မတင် မစီရင်ကြပြီ။- လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။- ထိုအရပ်မှ ကြွ၍ တရားဇရပ်သို့ ဝင်တော်မူ၏။ လက်တစ်ဖက် သေသောသူတစ်ယောက် ရှိသည်ဖြစ်၍၊- လူအချို့တို့က၊ ဥပုသ်နေ့၌ ရောဂါကို ငြိမ်းစေအပ်သလောဟု ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ မေးလျှောက်ကြ၏။- ကိုယ်တော်ကလည်း၊ မိမိ၌ သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ မဆွဲမတင်ဘဲ နေမည့်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။- လူသည် သိုးထက် အလွန်မြတ်ပေ၏။ ထိုကြောင့်ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သည်ဟု ပြန်ပြောတော်မူပြီးမှ၊- ထိုသူအား၊ သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။- ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။- ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသော လူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။- ထိုသူတို့သည် သတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။- ထိုအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက် ပြည့်စုံမည်အကြောင်းတည်း။ နှုတ်ထွက်အချက် ဟူမူကား၊- ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးသောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။- ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။- နင်းနယ်လျက်ရှိသော ကျူပင်ကိုမချိုး၊ မီးခိုးများသော မီးစာကိုမသတ်။ တရားသည် အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်။- သူ၏နာမကိုလည်း လူအမျိုးမျိုးတို့သည်ကိုးစားကြလိမ့်မည်ဟု ဟောထားသတည်း။
ရှင်မဿဲ 12:1-21 Common Language Bible (BCL)
ထိုနောက်များမကြာမီဥပုသ်နေ့၌သခင် ယေရှုသည် ဂျုံခင်းတို့ကိုဖြတ်၍ကြွတော်မူ၏။ တပည့်တော်တို့သည်ဆာလောင်မွတ်သိပ်သဖြင့် ဂျုံနှံများကိုဆွတ်ခူး၍စားကြ၏။- ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။ ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တို့ ဆာလောင်မွတ်သိပ်သောအခါအဘယ်သို့ပြုခဲ့ ကြောင်း သင်တို့တစ်ခါမျှမဖတ်ဖူးပါသလော။- သူနှင့်သူ့အဖော်တို့သည်ဘုရားသခင်၏ ဗိမာန်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များသာ စားအပ်သောရှေ့တော်မုန့်ကိုစားဖူးသည် မဟုတ်လော။- ထိုမှတစ်ပါးဗိမာန်တော်တွင်ယဇ်ပုရောဟိတ် တို့သည် ဥပုသ်နေ့ဆိုင်ရာပညတ်ကိုချိုးဖောက် သော်လည်းအပြစ်မသင့်ကြောင်း မောရှေ၏ ပညတ်ကျမ်းတွင်မဖတ်ဖူးကြပါသလော။- ဤအရပ်တွင်ဗိမာန်တော်ထက်ကြီးမြတ်သော အရာရှိ၏ဟုသင်တို့အားငါဆို၏။- `ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော်ခြင်း ထက်ပို၍နှစ်သက်၏' ဟုကျမ်းစကား၏အနက် အဋ္ဌိပ္ပါယ်ကိုနားလည်ပါမူ သင်တို့သည်အပြစ် မရှိသူများကိုပြစ်တင်ရှုတ်ချကြလိမ့်မည် မဟုတ်။- လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်ထိုအရပ်မှကြွတော်မူ၍ တရားဇရပ်တစ်ခုသို့ဝင်တော်မူ၏။- တရားဇရပ်ထဲတွင်လက်တစ်ဖက်သေသူလူ တစ်ယောက်ရှိ၏။ လူအချို့တို့သည်ကိုယ်တော်ကို ပြစ်တင်စွပ်စွဲလို၍ ``ဥပုသ်နေ့၌အနာရောဂါ ပျောက်ကင်းစေအပ်ပါသလော'' ဟုမေးလျှောက် ကြ၏။ ကိုယ်တော်က ``အကယ်၍သင်တို့၏သိုးတစ်ကောင် သည်ဥပုသ်နေ့၌တွင်းထဲသို့ကျသည်ရှိသော် ထို သိုးကိုမဆွဲမတင်ဘဲနေမည့်သူသင်တို့တွင် ရှိပါသလော။- လူသည်သိုးထက်များစွာပို၍အဖိုးထိုက်သည် မဟုတ်ပါလော။ သို့ဖြစ်၍ဥပုသ်နေ့၌ကောင်း သောအမှုကိုပြုလုပ်နိုင်ခွင့်ရှိ၏'' ဟုမိန့်တော် မူသည်။- ထိုနောက်ကိုယ်တော်ကလက်သေသူအား ``သင်၏ လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်လိုက်လျှင်ထိုလက်သည်အခြားလက် တစ်ဖက်ကဲ့သို့အကောင်းပကတိဖြစ်လာ၏။- ဖာရိရှဲတို့သည်တရားဇရပ်မှထွက်သွားကြ ပြီးလျှင် ကိုယ်တော်ကိုသတ်ရန်ကြံစည်တိုင်ပင် ကြ၏။ ယင်းသို့ကြံစည်ကြောင်းကိုသခင်ယေရှုကြား သိတော်မူသောအခါ ထိုအရပ်မှကြွသွားတော် မူ၏။ များစွာသောလူတို့သည်နောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ဖျားနာသူတို့၏ရောဂါ များကိုပျောက်ကင်းစေတော်မူ၏။- သို့ရာတွင်မိမိ၏အကြောင်းကိုသူတစ်ပါးတို့ အားမပြောကြားရန် ထိုသူတို့ကိုပညတ်တော် မူ၏။- ဤသို့ပညတ်တော်မူရခြင်းမှာပရောဖက် ဟေရှာယမှတစ်ဆင့် ဘုရားသခင်ပေးတော်မူ သောဗျာဒိတ်တော်အတိုင်းဖြစ်ပျက်လာစေရန် ပင်ဖြစ်သတည်း။ ထိုဗျာဒိတ်တော်ကား၊ ``ငါနှစ်သက်မြတ်နိုးသူ၊ငါရွေးချယ်သော အစေခံကိုကြည့်ကြလော့။ ငါ၏ဝိညာဉ်တော်ကိုသူ၏အပေါ်သို့ သက်ရောက်စေမည်။ သူသည်ငါချမှတ်တော်မူသည့်တရား စီရင်ချက်ကို၊ လူမျိုးတကာတို့အားကြေညာလိမ့်မည်။ သို့ရာတွင်သူသည်ငြင်းခုံခြင်း၊သို့မဟုတ် ဟစ်အော်ခြင်းကိုပြုလိမ့်မည်မဟုတ်၊ လမ်းတွင်သူ၏အသံကိုအဘယ်သူမျှ ကြားရလိမ့်မည်မဟုတ်။ သူသည်ကွေ့ကောက်လျက်ရှိသောကူပင်ကိုမချိုး၊ မီးမတောက်ဘဲတငွေ့ငွေ့လောင်နေသော မီးစာကိုမငြိမ်းသတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည်တိုင်အောင် လုပ်ဆောင်လိမ့်မည်။ လူမျိုးတကာတို့သည်လည်းသူ့ကိုကိုးစားလိမ့်မည်'' ဟူ၍ဖြစ်၏။
ရှင်မဿဲ 12:1-21 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ထိုအချိန်အခါတွင် ယေရှုသည် ဥပုသ်နေ့၌ ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဆာလောင်သောကြောင့် ဂျုံနှံများကို ဆွတ်ခူး၍ စားကြ၏။ ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။ ကိုယ်တော်ကလည်း“ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။ သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။ ထို့ပြင် ဥပုသ်နေ့တွင် ဗိမာန်တော်၌ရှိသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နေ့ဆိုင်ရာပညတ်ချက်ကိုချိုးဖောက်ကြသော်လည်း အပြစ်မရှိကြောင်း ပညတ်တရားကျမ်း၌ မဖတ်ဖူးကြသလော။ သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက်ကြီးမြတ်သောသူသည် ဤနေရာ၌ရှိ၏။ ‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သင်တို့သိခဲ့လျှင် အပြစ်မရှိသောသူတို့ကို ပြစ်တင်ရှုတ်ချခဲ့ကြလိမ့်မည်မဟုတ်။ အကြောင်းမူကား လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်တော်မူ၏။ ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၍ သူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။ ကိုယ်တော်ကလည်း“သင်တို့ထဲမှတစ်စုံတစ်ဦးတွင် သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျခဲ့လျှင် သူသည် ၎င်းကိုမဆွဲတင်ဘဲနေမည်လော။ လူသည် သိုးထက် များစွာအဖိုးထိုက်၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုခြင်းသည် တရားတော်နှင့်ညီ၏”ဟု မိန့်တော်မူ၏။ ထို့နောက် လက်တစ်ဖက်သေသောသူအား“သင်၏လက်ကိုဆန့်လော့”ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ အခြားတစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်လျက် သန်စွမ်းလေ၏။ ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။ ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင် မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် သူတို့ကိုသတိပေးတော်မူ၏။ ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ မိန့်တော်မူချက်မှာ “ကြည့်ရှုလော့။ ဤသူကား ငါရွေးကောက်သော ငါ၏အမှုဆောင်၊ ငါ၏စိတ်ဝိညာဉ်နှစ်သက်သည့် ငါချစ်သောသူပေတည်း။ ငါသည် သူ့အပေါ်၌ ငါ၏ဝိညာဉ်ကိုတည်စေသဖြင့် သူသည် လူမျိုးတကာတို့အား တရားမျှတမှုကို ကြေညာလိမ့်မည်။ သူသည် ငြင်းခုံခြင်းနှင့်အော်ဟစ်ခြင်းကိုပြုမည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမပေါ်၌ မည်သူမျှ ကြားရမည်မဟုတ်။ တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်းသတ်မည်မဟုတ်။ လူမျိုးခြားတို့သည် သူ၏နာမ၌ မျှော်လင့်အားထားကြလိမ့်မည်”ဟူ၍ ဖြစ်၏။