YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်မဿဲ 11:16-30

ရှင်မဿဲ 11:16-30 Judson Bible (JBMLE)

ဤ​လူ​မျိုး​ကို အ​ဘယ်​ဥ​ပ​မာ​နှင့် ပုံ​ပြ​ရ​အံ့​နည်း။ ပွဲ​သ​ဘင်၌​ထိုင်​နေ​သော သူ​ငယ်​တို့​သည် မိ​မိ​သူ​ငယ်​ချင်း​တို့​အား အ​သံ​ကို​လွှင့်၍၊- ငါ​တို့​သည် သာ​ယာ​စွာ တီး​မှုတ်​သော်​လည်း သင်​တို့​သည် မ​က​ကြ။ ညည်း​တွား​စွာ မြည်​တမ်း​သော်​လည်း မ​ငို​ကြွေး​ကြ​ဟု ပြော​ဆို​သော​သူ​ငယ်​တို့​နှင့် ဤ​လူ​မျိုး​သည် တူ​လှ၏။- အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် မ​စား​မ​သောက်​ဘဲ လာ​သည်​ရှိ​သော်၊ သူ​တို့​က ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော​သူ ပါ​တ​ကား​ဟု ဆို​ကြ၏။- လူ​သား​သည် စား​သောက်​လျက်​လာ​သည်​ရှိ​သော်၊ ဤ​သူ​သည် စား​ကြူး​သော​သူ၊ စ​ပျစ်​ရည်​သောက် ကြူး​သော​သူ​ပါ​တ​ကား။ အ​ခွန်​ခံ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​ကို မိတ်​ဆွေ​ဖွဲ့​သော​သူ ပါ​တ​ကား​ဟု ဆို​ပြန်​ကြ၏။ သို့​သော်​လည်း ပ​ညာ​တ​ရား​သည် မိ​မိ​သား​တို့​တွင် ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​နှင့် လွတ်​သည် ဟု မိန့်​တော်​မူ၏။ ထို​အ​ခါ များ​စွာ​သော​တန်​ခိုး​တော်​ကို ပြ​တော်​မူ​သော မြို့​ရွာ​တို့​သည် နောင်​တ​မ​ရ​သော​ကြောင့်၊ ထို​မြို့​တို့​ကို ဤ​သို့ ကဲ့​ရဲ့​ပြစ်​တင်​တော်​မူ၏။- အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​တွင်​ပြ​သော တန်​ခိုး​ကို တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​တို့​တွင်​ပြ​ဖူး​လျှင်၊ ထို​မြို့​တို့​သည် ရှေး​ကာ​လ၌ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍၊ ပြာ​နှင့်​လူး​လျက် နောင်​တ ရ​ကြ​လိမ့်​မည်။- ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​တို့​သည် တု​ရု​မြို့​နှင့် ဇိ​ဒုန်​မြို့​ထက် သာ၍ ခံ​ရ​ကြ​လ​တ္တံ့။- အို က​ပေ​ရ​နောင်​မြို့၊ သင်​သည် မိုး​ကောင်း​ကင်​တိုင်​အောင် မြှောက်​စား​ခြင်း​ကို ခံ​ရ​သော်​လည်း၊ မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် နှိမ့်​ချ​ခြင်း​ကို ခံ​ရ​လ​တ္တံ့။ အ​ကြောင်း​မူ​ကား၊ သင်၌​ပြ​သော​တန်​ခိုး​ကို သော​ဒုံ​မြို့၌ ပြု​ဖူး​လျှင်၊ ထို​မြို့​သည် ယ​ခု​တိုင်​အောင်​တည်​ရာ၏။- ငါ​ဆို​သည်​ကား၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့၌ သင်​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။- ထို​အ​ခါ ယေ​ရှု​က၊ ကောင်း​ကင်​နှင့် မြေ​ကြီး​ကို အ​စိုး​ရ​တော်​မူ​သော​အ​ဘ၊ ကိုယ်​တော်​သည် ပ​ညာ​အ​လိ​မ္မာ​နှင့် ပြည့်​စုံ​သော​သူ​တို့​အား ဤ​အ​ရာ​များ​ကို ထိမ်​ဝှက်​ကွယ်​ထား​လျက် သူ​ငယ်​တို့​အား ဖော်​ပြ​တော်​မူ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ် ချီး​မွမ်း​ပါ၏။- ထို​သို့ အ​လို​တော်​ရှိ​သော​ကြောင့် မှန်​ပါ၏​အ​ဘ။- ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။- ဝန်​လေး၍ ပင်​ပန်း​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့ လာ​ကြ​လော့။ ငါ​သည် ချမ်း​သာ​ပေး​မည်။- ငါ့​ထမ်း​ပိုး​ကို တင်၍ ထမ်း​ကြ​လော့။ ငါ့​ထံ၌ နည်း​ခံ​ကြ​လော့။ ငါ​သည် နူး​ညံ့​သိမ်​မွေ့​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ၏။ သင်​တို့​စိတ်​နှ​လုံး​သည် သက်​သာ​ခြင်း​ကို ရ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ငါ့​ထမ်း​ပိုး​သည် ထမ်း​လွယ်၏။ ငါ့​ဝန်​လည်း ပေါ့၏​ဟု မိန့်​တော်​မူ၏။

ရှင်မဿဲ 11:16-30 Common Language Bible (BCL)

``ငါ​သည်​ဤ​ခေတ်​လူ​တို့​ကို​အ​ဘယ်​သို့​ပုံ​နှိုင်း ရ​မည်​နည်း။ သူ​တို့​သည်​စျေး​ရပ်​ကွက်​တွင်​ထိုင်​လျက် နေ​သည့်​က​လေး​သူ​ငယ်​များ​နှင့်​တူ​ကြ​၏။ သူ​ငယ် တစ်​စု​က​အ​ခြား​တစ်​စု​အား `ငါ​တို့​သည်​တီး​မှုတ် သော်​လည်း​သင်​တို့​မ​က​မ​ခုန်​ကြ။- ငါ​တို့​သည်​ငို​ချင်း​ကို​ဆို​သော်​လည်း​သင်​တို့ မ​ငို​မ​ကြွေး​ကြ' ဟု​ဟစ်​အော်​ပြော​ဆို​ကြ​၏။- ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည်​အ​စာ​ရှောင်​လျက် မ​သောက်​မ​စား​ဘဲ သင်​တို့​ထံ​လာ​သော​အ​ခါ သင်​တို့​က `ဤ​သူ​သည်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​ဖြစ် သည်' ဟု​ဆို​ကြ​၏။- လူ​သား​သည်​စား​လျက်​သောက်​လျက်​လာ​သော အ​ခါ​၌​မူ​သင်​တို့​က `ကြည့်​လော့။ ဤ​သူ​သည် စား​ကြူး​သောက်​ကြူး​သူ​ဖြစ်​၏။ အ​ခွန်​ခံ​သူ​တို့ နှင့်​အ​ခြား​အ​ပယ်​ခံ​တို့​၏​မိတ်​ဆွေ​ဖြစ်​၏' ဟု ဆို​ကြ​ပြန်​၏။ ဘု​ရား​သ​ခင်​၏​ဉာဏ်​ပ​ညာ​တော် သည်​မှန်​ကန်​ကြောင်း​ကို ထို​ပ​ညာ​တော်​မှ​သက် ရောက်​လာ​သည့်​အ​ကျိုး​တ​ရား​များ​က​သက် သေ​ပြ​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။ အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​တော် မူ​ခဲ့​သည့်​မြို့​များ​သည်​နောင်​တ​မ​ရ​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​ထို​မြို့​တို့​အား​ဤ​သို့​ပြစ်​တင် ဆုံး​မ​တော်​မူ​၏။ ကိုယ်​တော်​က၊ ``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ သင်​တို့​သည် တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တို့​ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ ပေ​အံ့။- အို က​ပေ​ရ​နောင်​မြို့၊ သင်​သည်​ကောင်း​ကင်​ဘုံ​တိုင်​အောင် မြှောက်​စား​ခြင်း​ကို​ခံ​ရ​လိမ့်​မည်​ဟု​ထင်​မှတ်​ပါ​သ လော။ မ​ရ​ဏာ​နိုင်​ငံ​အ​ထိ​နှိမ့်​ချ​ခြင်း​ကို​ခံ​ရ​လတ္တံ့။ အ​ဘယ်​ကြောင့်​ဆို​သော်​သင့်​ထံ​တွင် ငါ​ပြု​ခဲ့​သည့် အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​သော​ဒုံ​မြို့​တွင်​သာ​ပြု ခဲ့​ပါ​မူ ထို​မြို့​သည်​ယ​နေ့​တိုင်​အောင်​တည်​လျက် ရှိ​ပေ​မည်။- တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌​သင်​သည်​သော​ဒုံ​မြို့ ထက်​ပို​၍​အ​ပြစ်​ဒဏ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ ကြီး​ကို​အ​စိုး​ရ​တော်​မူ​သော​အ​ဖ၊ ကိုယ်​တော်​သည် အ​သိ​ပ​ညာ​ရှင်​များ​အား​သိ​ခွင့်​မ​ပေး​ဘဲ​ထား သည့်​အ​ရာ​များ​ကို ပ​ညာ​မဲ့​သူ​တို့​အား​ဖွင့်​ပြ တော်​မူ​သ​ဖြင့်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။- အို အ​ဖ​ခ​မည်း​တော်၊ ဤ​သို့​ဖြစ်​ရ​သည်​မှာ​ကိုယ်​တော် ရှင်​၏​အ​လို​တော်​အ​တိုင်း​ပင်​ဖြစ်​ပါ​၏'' ဟု​မြွက်​ဆို တော်​မူ​သည်။ ထို​နောက်​ကိုယ်​တော်​က ``ငါ့​ခ​မည်း​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​ငါ့​အား​ပေး​အပ်​ထား​တော်​မူ​လေ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး​အခြား​မည်​သူ​မျှ​သား​တော်​ကို မ​သိ။ ခ​မည်း​တော်​ကို​လည်း​သား​တော်​နှင့်​သား​တော် ဖွင့်​ပြ​လို​သူ​များ​မှ​တစ်​ပါး​အ​ခြား​မည်​သူ​မျှ မ​သိ။ လေး​သော​ဝန်​ထမ်း​ရ​၍​ပင်​ပန်း​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့။ ငါ​သည်​သု​ခ​ချမ်း​သာ ပေး​မည်။- ငါ​သည်​နူး​ညံ့​သိမ်​မွေ့​၍​စိတ်​နှ​လုံး​နှိမ့်​ချ​၏။ ထို ကြောင့်​ငါ​တင်​သော​ထမ်း​ပိုး​ကို​ထမ်း​၍ ငါ​၏​ထံ​တွင် နည်း​နာ​ခံ​ယူ​ကြ​လော့။ သင်​တို့​သည်​သု​ခ​ချမ်း​သာ ရ​ရှိ​ကြ​လိမ့်​မည်။- ငါ​ထမ်း​စေ​သော​ထမ်း​ပိုး​သည်​အ​ထမ်း​ရ​လွယ်​၍ ငါ​တင်​သော​ဝန်​သည်​လည်း​ပေါ့​၏'' ဟု​မိန့်​တော်​မူ သည်။

ရှင်မဿဲ 11:16-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ဤ​ခေတ်ကာလ​ကို မည်သည့်​အရာ​နှင့် ခိုင်းနှိုင်း​ရ​မည်နည်း။ ၎င်း​တို့​သည် ဈေး​အရပ်​၌​ထိုင်​လျက် မိမိ​သူငယ်ချင်း​တို့​အား ‘ငါ​တို့​သည် သင်​တို့​အတွက် ပလွေ​မှုတ်​ပေး​သော်လည်း သင်​တို့​သည် မ​က​ကြ။ ငိုချင်း​ကို​ဖွဲ့နွဲ့​သီဆို​သော်လည်း သင်​တို့​သည် မ​မြည်တမ်း​ကြ’​ဟု လှမ်း​၍​ပြောဆို​နေ​ကြ​သော ကလေး​သူငယ်​များ​နှင့်​တူ​၏။ အကြောင်းမူကား ယောဟန်​သည်​ရောက်လာ​၍ မ​စား​မ​သောက်​ဘဲ​နေ​သော် ‘သူ​၌​နတ်ဆိုး​ပူး​နေ​သည်’​ဟု ဆို​ကြ​၏။ လူ့သား​သည် ရောက်လာ​၍ စား​သောက်​လျက်​နေ​သော် ‘ကြည့်ရှု​လော့။ သူ​သည် အစားကြူး​သော​သူ၊ သေသောက်ကြူး​သော​သူ​ဖြစ်ပြီး အခွန်​ကောက်ခံ​သူ​များ​နှင့် အပြစ်သား​များ​၏​အပေါင်းအသင်း​ဖြစ်​ပါ​သည်​တကား’​ဟု ဆို​ကြ​ပြန်​၏။ သို့သော် ဉာဏ်ပညာ​တော်​သည် ဖြောင့်မတ်​ကြောင်း မိမိ​၏​လုပ်ဆောင်မှု​များ​က ဖော်ပြ​၏”​ဟု မိန့်​တော်မူ​၏။ ထို့နောက် တန်ခိုး​လက္ခဏာ​အများစု​ပြု​တော်မူ​ရာ​မြို့​များ​သည် နောင်တ​မ​ရ​သောကြောင့် ကိုယ်တော်​သည် ထို​မြို့​တို့​ကို​ပြစ်တင်​ပြောဆို​လျက် “ခေါရာဇိန်​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ ဗက်ဇဲဒ​မြို့၊ သင်​သည် အမင်္ဂလာရှိ​၏။ အကြောင်းမူကား သင်​တို့​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​၌​ပြု​ခဲ့​လျှင် သူ​တို့​သည် ရှေးယခင်​က​ပင် လျှော်တေ​အဝတ်​ကို​ဝတ်​လျက် ပြာ​နှင့်​လူး​ကာ နောင်တရ​ခဲ့​ကြ​ပေ​လိမ့်မည်။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ တိုင်ရာ​မြို့​နှင့်​ဆီဒုန်​မြို့​တို့​သည် သင်​တို့​ထက် ခံသာ​ကြ​လိမ့်မည်။ ကပေရနောင်​မြို့၊ သင်​သည် ကောင်းကင်​အထိ ချီးမြှောက်​ခြင်း​ကို​ခံရ​ပါ​မည်​လော။ သင်​သည် မရဏာ​နိုင်ငံ​တိုင်အောင် ကျဆင်း​ရ​လိမ့်မည်။ အကြောင်းမူကား သင်​၌​ပြု​ခဲ့​သော​တန်ခိုး​လက္ခဏာ​များ​ကို သောဒုံ​မြို့​၌ ပြု​ခဲ့​လျှင် ထို​မြို့​သည် ယနေ့​တိုင်အောင် တည်ရှိ​ခဲ့​ပေ​လိမ့်မည်။ သို့သော် သင်​တို့​အား ငါ​ဆို​မည်။ တရား​စီရင်​တော်မူ​ရာ​နေ့​၌ သောဒုံ​မြို့​သည် သင့်​ထက် ခံသာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို​အချိန်​တွင် ယေရှု​က“ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​တော်မူ​သော​အဖ၊ ကိုယ်တော်​သည် ပညာရှိ​များ​နှင့်​ဉာဏ်ထက်မြက်​သော​သူ​များ​အား ဤ​အရာ​တို့​ကို​ကွယ်ဝှက်​ထား​လျက် ကလေး​သူငယ်​များ​ကို ဖွင့်ပြ​တော်မူ​သောကြောင့် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​၏။ မှန်​ပါ​၏ အဖ။ ဤသည်ကား ရှေ့​တော်​၌ နှစ်သက်​တော်မူ​သော​အရာ​ဖြစ်​ပါ​၏။ ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ ခမည်းတော်​မှတစ်ပါး မည်သူမျှ သား​တော်​ကို​မ​သိ။ ခမည်းတော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး အခြား​မည်သူမျှ​မ​သိ။ ဝန်လေး​၍​ပင်ပန်း​သော​သူ​အပေါင်း​တို့၊ ငါ့​ထံသို့​လာ​ကြ​လော့။ ငါ​သည် သင်​တို့​အား​ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​မည်။ ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။ အကြောင်းမူကား ငါ့​ထမ်းပိုး​သည် ထမ်း​ရ​လွယ်​၏။ ငါ့​ဝန်​လည်း ပေါ့​၏”​ဟု မိန့်​တော်မူ​၏။