YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 9:37-62

ရှင်လုကာ 9:37-62 Judson Bible (JBMLE)

နက်​ဖြန်​နေ့၌ တောင်​ပေါ်​က​ဆင်း​ကြ​ပြီး​လျှင်၊ များ​စွာ​သော​လူ​အ​စု​အ​ဝေး​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု၏။- လူ​အ​စု​အ​ဝေး၌ ပါ​သော​သူ​တစ်​ယောက်​က၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်၏​သား​ကို ကြည့်​ရှု​တော်​မူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကျွန်ုပ်၌ သား​တစ်​ယောက်​တည်း ရှိ​ပါ၏။- နတ်​ဖမ်း​စား​သ​ဖြင့် သူ​သည်​ရုတ်​ခ​နဲ​အော်​ဟစ်၍၊ အ​မြှုပ်​ထွက်​လျက် တောင့်​မာ​ခြင်း​သို့ ရောက်​တတ်​ပါ၏။ ထို​သို့ နာ​ကျင်​စွာ​နှိပ်​စက်​ပြီး​မှ နတ်​သည်​အ​လွန် သွား​ခဲ၏။- ထို​နတ်​ကို နှင်​ထုတ်​ပါ​မည်​အ​ကြောင်း တ​ပည့်​တော်​တို့​အား အ​ကျွန်ုပ်​တောင်း​ပန်​သော်​လည်း သူ​တို့​သည် မ​တတ်​နိုင်​ကြ​ပါ​ဟု အော်​ဟစ်​လျက် လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန်​သော​အ​မျိုး၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး နေ​ရ​မည်​နည်း။ သင်​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး သည်း​ခံ​ရ​မည်​နည်း။ သင်၏​သား​ကို ငါ့​ထံ​သို့ ယူ​ခဲ့​ဟု မိန့်​တော်​မူ၏။- သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။- လူ​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်၏ မ​ဟာ​တန်​ခိုး​တော်​ကို မြင်၍ မိန်း​မော​တွေ​ဝေ​ခြင်း ရှိ​ကြ၏။ ထို​သို့ ယေ​ရှု​ပြု​တော်​မူ​သ​မျှ​ကို လူ​အ​ပေါင်း​တို့​သည် အံ့​ဩ​ချီး​မွမ်း​ကြ​စဉ် တ​ပည့်​တော်​တို့​အား၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​ထောင်​မှတ်​မိ​ကြ​လော့။ လူ​သား​ကို လူ​တို့​လက်​သို့ အပ်​နှံ​ရ​သော​အ​ချိန်​နီး​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​စ​ကား​တော်၏ အ​နက်​မ​ထင်​ရှား​သ​ဖြင့် တ​ပည့်​တော်​တို့​သည် နား​မ​လည် မ​ရိပ်​မိ​ဘဲ​နေ​ကြ၏။ အ​နက်​ကို​လည်း မ​မေး​မ​လျှောက်​ဝံ့​ကြ။ ထို​အ​ခါ အ​ဘယ်​သူ​သည် သာ၍​ကြီး​မြတ်​အံ့​နည်း​ဟု တ​ပည့်​တော်​တို့​သည် အ​ချင်း​ချင်း​ငြင်း​ခုံ​ကြ၏။- ယေ​ရှု​သည် သူ​တို့​အ​ကြံ​အ​စည်​ကို သိ​မြင်​လျှင်၊ သူ​ငယ်​တစ်​ယောက်​ကို​ယူ၍ မိ​မိ​အ​နား၌​ထား​ပြီး​မှ၊- အ​ကြင်​သူ​သည် ငါ့​မျက်​နှာ​ကို​ထောက်၍ ဤ​သူ​ငယ်​ကို​လက်​ခံ၏၊ ထို​သူ​သည် ငါ့​ကို​ပင်​လက်​ခံ၏။ ငါ့​ကို လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော သူ​ကို​ပင်​လက်​ခံ၏။ သင်​တို့​တွင် အ​ငယ်​ဆုံး​သော​သူ​သည် သာ၍​ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- ယော​ဟန်​က​လည်း၊ သ​ခင်၊ ကိုယ်​တော်၏​နာ​မ​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို​နှင်​ထုတ်​သော သူ​တစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​တွေ့​ပါ၏။ သူ​သည် အ​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​လိုက်​သော​ကြောင့် အ​ကျွန်ုပ်​တို့ မြစ်​တား​ကြ​ပါ၏​ဟု လျှောက်​သော်၊- ယေ​ရှု​က၊ ထို​သူ​ကို​မ​မြစ်​တား​ကြ​နှင့်။ သင်​တို့ ရန်​သူ​ဘက်၌​မ​ရှိ​သော​သူ​သည် သင်​တို့​ဘက်၌​ရှိ​သည်​ဟု မိန့်​တော်​မူ၏။ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော​အ​ချိန် ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​သို့ တူ​ရူ​ကြွ​အံ့​သော​ငှာ သ​ဘော​ထား​တော်​မူ၏။- ရှေ့​တော်​သို့ တ​မန်​တော်​တို့​ကို စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုယ်​တော်၏​အ​ဖို့​ကို ပြင်​ဆင်​ခြင်း​ငှာ သွား၍ ရှ​မာ​ရိ​ရွာ​တစ်​ရွာ​သို့ ဝင်​ကြ၏။- ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​အံ့​သော အ​ခြင်း​အ​ရာ​ကို ထို​ရွာ​သား​တို့​သည်​ထောက်၍ လက်​မ​ခံ​ကြ။- ထို​အ​ကြောင်း​ကို တ​ပည့်​တော်​ယာ​ကုပ်၊ ယော​ဟန်​တို့​သည်​မြင်​လျှင်၊ သ​ခင်၊ ဧ​လိ​ယ​ပြု​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​စေ၍ ထို​သူ​တို့​ကို လောင်​စေ​ခြင်း​ငှာ အ​လို​ရှိ​တော်​မူ​သ​လော​ဟု လျှောက်​ကြ​သော်၊ ယေ​ရှု​သည် လှည့်​ကြည့်၍၊ သင်​တို့​သည် ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ကြ၊ လူ​သား​သည်​လူ​တို့၏ အ​သက်​ကို သတ်​အံ့​သော​ငှာ ကြွ​လာ​သည်​မ​ဟုတ်။ ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သည်​ဟု ဆုံး​မ​တော်​မူ​ပြီး​မှ၊- အ​ခြား​သော​ရွာ​သို့ ကြွ​တော်​မူ၏။ လမ်း၌​သွား​ကြ​စဉ် လူ​တစ်​ဦး​က၊ သ​ခင် ကိုယ်​တော်​ကြွ​တော်​မူ​ရာ အ​ရပ်​ရပ်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ မြေ​ခွေး​သည် မြေ​တွင်း​ရှိ၏။ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော​ငှက်​သည် နား​နေ​ရာ အ​ရပ်​ရှိ၏။ လူ​သား​မူ​ကား ခေါင်း​ချ​ရာ​မျှ​မ​ရှိ​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​ကို၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု မိန့်​တော်​မူ​လျှင်၊ ထို​သူ​က၊ သ​ခင်၊ အ​ကျွန်ုပ်​အ​ဘ​ကို ရှေ့​ဦး​စွာ​သွား၍ သင်္ဂြိုဟ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​လေ​သော်၊- ယေ​ရှု​က၊ လူ​သေ​တို့​သည် မိ​မိ​လူ​သေ​တို့​ကို သင်္ဂြိုဟ်​ပါ​လေ​စေ။ သင်​မူ​ကား​သွား၍ ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ အ​ကြောင်း​ကို ဟော​ပြော​လော့​ဟု မိန့်​တော်​မူ၏။- အ​ခြား​သော​သူ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​နောက်​သို့ အ​ကျွန်ုပ်​လိုက်​ပါ​မည်။ သို့​သော်​လည်း အ​ကျွန်ုပ်​အိမ်၌ ရှိ​ရစ်​သော​သူ​တို့​ကို အ​ရင်​သွား၍ အ​ခွင့်​ပန်​ပါ​ရ​စေ​ဟု လျှောက်​လျှင်၊- ယေ​ရှု​က၊ ထွန်​ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်၍ ကြည့်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့် မ​ထိုက်​မ​တန်​ဟု မိန့်​တော်​မူ၏။

ရှင်လုကာ 9:37-62 Common Language Bible (BCL)

နောက်​တစ်​နေ့​၌​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် တောင်​ပေါ်​မှ​ဆင်း​လာ​ကြ​၏။ ထို​အ​ခါ​များ​စွာ သော​လူ​ပ​ရိ​သတ်​တို့​သည်​ကိုယ်​တော်​ကို​ခ​ရီး​ဦး ကြို​ဆို​ကြ​၏။- ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​၏​သား​ကို​ကြည့်​ရှု​တော်​မူ​ရန်​တောင်း ပန်​ပါ​၏။ သူ​သည်​အ​ကျွန်ုပ်​၏​တစ်​ဦး​တည်း​သော သား​ဖြစ်​ပါ​၏။- နတ်​ပူး​ဝင်​သ​ဖြင့်​ရုတ်​တ​ရက်​အော်​ဟစ်​တတ် ပါ​၏။ နတ်​သည်​သူ့​ကို​တုန်​တက်​စေ​သ​ဖြင့်​သူ့ ပါး​စပ်​မှ​အ​မြှုပ်​ထွက်​တတ်​ပါ​၏။ နတ်​သည် သူ့​အား​ပင်​ပန်း​မော​ဟိုက်​နာ​ကျင်​စေ​ပြီး​မှ ခက်​ခက်​ခဲ​ခဲ​နှင့်​သာ​လျှင်​ထွက်​ခွာ​တတ်​ပါ​၏။- အ​ကျွန်ုပ်​သည်​အ​ရှင်​၏​တ​ပည့်​များ​အား​ထို နတ်​ကို​နှင်​ထုတ်​ပေး​ရန်​တောင်း​ပန်​ပါ​သော် လည်း​သူ​တို့​သည်​မ​တတ်​နိုင်​ကြ​ပါ'' ဟု လျှောက်​ထား​၏။ သ​ခင်​ယေ​ရှု​က ``ယုံ​ကြည်​ခြင်း​မ​ရှိ၊ ဖောက်​ပြန် တတ်​သော​ခေတ်​လူ​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ မည်​မျှ​ကြာ​အောင်​နေ​၍​သည်း​ခံ​ရ​မည်​နည်း'' ဟု မိန့်​တော်​မူ​၏။ ထို​နောက်​ထို​သူ​အား ``သင်​၏​သား ကို​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​ငယ်​လာ​နေ​စဉ်​ပင်​နတ်​မိစ္ဆာ​သည်​သူ့​အား​မြေ ပေါ်​သို့​လှဲ​၍​တုန်​တက်​စေ​၏။ သ​ခင်​ယေ​ရှု​သည် နတ်​မိစ္ဆာ​အား​အ​မိန့်​ပေး​၍​သူ​ငယ်​ကို​ကျန်း​မာ စေ​တော်​မူ​ပြီး​နောက်​ဖ​ခင်​အား​ပြန်​လည်​ပေး အပ်​တော်​မူ​၏။- လူ​အ​ပေါင်း​တို့​သည်​ဘု​ရား​သ​ခင်​၏​မ​ဟာ တန်​ခိုး​တော်​ကို​မြင်​ရ​၍​အံ့​သြ​ကြ​ကုန်​၏။ လူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု အ​ရာ​များ​ကြောင့်​အံ့​သြ​နေ​ကြ​စဉ်၊ ကိုယ်​တော် က၊- ``လူ​သား​သည်​လူ​တို့​၏​လက်​သို့​အပ်​နှံ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဤ​စ​ကား​ကို​သင်​တို့​သ​တိ​ပြု​၍ မှတ်​ထား​ကြ​လော့'' ဟု​တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​၏။- သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​နည်း​ဟု​အ​ချင်း​ချင်း အ​ခြေ​အ​တင်​ပြော​ဆို​နေ​ကြ​၏။- သ​ခင်​ယေ​ရှု​သည်​ထို​သို့​ငြင်း​ခုံ​နေ​ကြ​သည် ကို​သိ​တော်​မူ​သ​ဖြင့် က​လေး​သူ​ငယ်​တစ်​ယောက် ကို​ခေါ်​၍​မိ​မိ​အ​နီး​တွင်​ရပ်​စေ​တော်​မူ​၏။- ထို​နောက်​ကိုယ်​တော်​က ``ငါ​၏​နာ​မ​ကို​ထောက် ၍​ဤ​က​လေး​သူ​ငယ်​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ ၏။ သင်​တို့​တွင်​အ​သိမ်​ငယ်​ဆုံး​သော​သူ​သည် အ​ကြီး​မြတ်​ဆုံး​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ယော​ဟန်​က ``အ​ရှင်​ဘု​ရား၊ လူ​တစ်​ယောက်​သည် အ​ရှင်​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​နတ်​မိစ္ဆာ​တို့ ကို​နှင်​ထုတ်​နေ​သည်​ကို​အ​ကျွန်ုပ်​တို့​တွေ့​မြင် ခဲ့​ပါ​သည်။ သူ​သည်​အ​ကျွန်ုပ်​တို့​ဘက်​သား မ​ဟုတ်။ ထို့​ကြောင့်​အ​ကျွန်ုပ်​တို့​သည်​သူ့​အား အ​ရှင်​၏​နာ​မ​တော်​ကို​အ​သုံး​မ​ပြု​ရန် တား​မြစ်​ခဲ့​ပါ​၏'' ဟု​လျှောက်​ထား​၏။ သ​ခင်​ယေ​ရှု​က ``ထို​သူ​ကို​မ​တား​မြစ်​ကြ နှင့်။ သင်​တို့​ကို​မ​ဆန့်​ကျင်​သူ​သည်​သင်​တို့ ဘက်​သား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။ ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ရန်​အ​ချိန်​နီး​လာ သော​အ​ခါ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ​ရန်​စိတ်​ပိုင်း​ဖြတ်​လျက်- စေ​တ​မန်​များ​ကို​ကြို​တင်​စေ​လွှတ်​တော်​မူ​၏။ သူ​တို့​သည်​သွား​၍​ကိုယ်​တော်​၏​အ​တွက်​ပြင် ဆင်​မှု​များ​ကို​ပြု​ရန်​ရှ​မာ​ရိ​ရွာ​တစ်​ရွာ​သို့ ဝင်​ကြ​၏။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ ခ​ရီး​ပြု​လျက်​နေ​တော်​မူ​သည်​ကို​ထောက်​၍ ရွာ​သား​တို့​သည်​ကိုယ်​တော်​ကို​လက်​မ​ခံ​ကြ။- ဤ​အ​ခြင်း​အ​ရာ​ကို​ကိုယ်​တော်​၏​တ​ပည့်​တော် များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့်​ယော​ဟန်​တို့​မြင် ကြ​သော​အ​ခါ ``အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​သည် ကောင်း​ကင်​မှ​မီး​ကျ​၍​ထို​သူ​တို့​အား​လောင် ကျွမ်း​စေ​ရန်​အ​လို​ရှိ​တော်​မူ​သ​လော'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​သည်​လှည့်​၍​သူ​တို့​အား​ဆုံး​မ​တော် မူ​၏။- ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် အ​ခြား​ရွာ​တစ်​ရွာ​သို့​ထွက်​သွား​ကြ​၏။ ယင်း​သို့​ခ​ရီး​ပြု​နေ​ကြ​စဉ်​လူ​တစ်​ယောက် က ``အ​ကျွန်ုပ်​သည်​အ​ရှင်​ကြွ​တော်​မူ​ရာ​သို့ လိုက်​ပါ​မည်'' ဟု​သ​ခင်​ယေ​ရှု​အား​လျှောက် ထား​၏။ သ​ခင်​ယေ​ရှု​က ``မြေ​ခွေး​မှာ​တွင်း​ရှိ​၏။ ငှက်​မှာ အ​သိုက်​ရှိ​၏။ လူ​သား​မှာ​မူ​ကား​ခေါင်း​ချ​စ​ရာ နေ​ရာ​မျှ​မ​ရှိ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​ခြား​လူ​တစ်​ယောက်​အား ``ငါ့ နောက်​သို့​လိုက်​လော့'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​ထို​သူ​က ``အ​ကျွန်ုပ်​အ​ဖ​၏​အ​လောင်း ကို​ဦး​စွာ​သွား​၍​သင်္ဂြိုဟ်​ခွင့်​ပေး​တော်​မူ​ပါ'' ဟု လျှောက်​၏။ ကိုယ်​တော်​က ``လူ​သေ​တို့​သည်​အ​ချင်း​ချင်း သင်္ဂြိုဟ်​ကြ​ပါ​စေ။ သင်​မူ​ကား​သွား​၍​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ဟော​ပြော လော့'' ဟု​မိန့်​တော်​မူ​၏။ အ​ခြား​သော​သူ​တစ်​ယောက်​က ``အ​ရှင်၊ အ​ကျွန်ုပ် သည်​နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့​ရာ​တွင် အ​ကျွန်ုပ်​၏​အိမ်​သူ​အိမ်​သား​များ​အား​ဦး စွာ​သွား​၍​နှုတ်​ဆက်​ခွင့်​ပြု​တော်​မူ​ပါ'' ဟု လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထွန်​ကိုင်း​ကို​ကိုင်​လျက်​နောက် သို့​လှည့်​ကြည့်​သူ​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​အ​တွက်​အ​သုံး​မ​ဝင်'' ဟု​မိန့်​တော်​မူ​၏။

ရှင်လုကာ 9:37-62 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်တစ်နေ့​တွင် သူ​တို့​သည် တောင်​ပေါ်မှ​ဆင်း​လာ​ကြ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် ကိုယ်တော်​ကို​ကြိုဆို​ကြ​၏။ ထိုအခါ လူထု​ပရိသတ်​ထဲမှ လူ​တစ်​ဦး​က “ဆရာ၊ အကျွန်ုပ်​၏​သား​ကို​ကြည့်ရှု​ပေး​ပါ​ရန် အကျွန်ုပ်​တောင်းပန်​ပါ​၏။ အကြောင်းမူကား သူ​သည် အကျွန်ုပ်​၏​တစ်ဦးတည်း​သော​သား​ဖြစ်​ပါ​၏။ နတ်​သည် သူ့​ကို​ဝင်​ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်​တတ်​ပါ​၏။ ထို့နောက် သူ့​ကို​တက်​စေ​လျက် သူ့​ပါးစပ်​မှ​အမြှုပ်​များ​ထွက်​စေ​ကာ သူ့​ကို​ပွန်းပဲ့​နာကျင်​စေ​ပြီးလျှင် သူ့​အထဲမှ​ထွက်​ခဲ​လှ​ပါ​၏။ သို့ဖြစ်၍ ကိုယ်တော်​၏​တပည့်​တော်​တို့​အား ထို​နတ်​ကို​နှင်ထုတ်​ပေး​ရန်​တောင်းပန်​သော်လည်း သူ​တို့​သည် မ​တတ်နိုင်​ကြ​ပါ”​ဟု အော်ဟစ်​လျှောက်ထား​လေ​၏။ ယေရှု​က​လည်း“အို ယုံကြည်​ခြင်း​မ​ရှိ၊ ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်၊ ငါ​သည် သင်​တို့​နှင့်အတူ မည်မျှ​ကြာအောင်​နေ​၍ သင်​တို့​ကို​သည်းခံ​ရ​မည်နည်း။ သင်​၏​သား​ကို ဤ​နေရာ​သို့​ခေါ်​ခဲ့​လော့”​ဟု မိန့်​တော်မူ​၏။ သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။ ထိုအခါ လူ​အပေါင်း​တို့​သည် ဘုရားသခင်​၏​ကြီးမြတ်​သော​တန်ခိုး​တော်​ကို အံ့သြ​ချီးမွမ်း​ကြ​၏။ ကိုယ်တော်​ပြု​တော်မူ​သော​အရာ​အားလုံး​ကို လူ​အပေါင်း​တို့​အံ့သြ​နေ​ကြ​စဉ် ကိုယ်တော်​သည် တပည့်​တော်​တို့​အား “ဤ​စကား​များ​ကို သင်​တို့​နား​ထဲ၌ စွဲမြဲ​စေ​ကြ​လော့။ လူ့သား​သည် လူ​တို့​၏​လက်​သို့ အပ်နှံ​ခြင်း​ခံရ​တော့မည်”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​စကား​ကို တပည့်​တော်​တို့​နား​မ​လည်​စေရန် ဖုံးကွယ်​ထား​သဖြင့် သူ​တို့​သည် နား​မ​လည်​ကြ​ချေ။ ထို​စကား​နှင့်​ပတ်သက်၍ ကိုယ်တော်​အား​မေး​ရန်​လည်း သူ​တို့​ကြောက်​ကြ​၏။ ထို့နောက် တပည့်​တော်​တို့​သည် မိမိ​တို့​တွင် မည်သူ​သည် အကြီးမြတ်ဆုံး​ဖြစ်​သနည်း​ဟု အချင်းချင်း​ငြင်းခုံ​ကြ​၏။ ယေရှု​သည် သူ​တို့​၏​စိတ်နှလုံး​တွေးတော​ကြံစည်​မှု​ကို သိ​တော်မူ​လျက် သူငယ်​တစ်​ဦး​ကို​ခေါ်​၍ မိမိ​အနား​တွင်​ရပ်​စေ​ပြီးလျှင် “ဤ​သူငယ်​တစ်​ဦး​ကို ငါ​၏​နာမ​၌ လက်ခံ​သော​သူ​သည် ငါ့​ကို​လက်ခံ​၏။ ငါ့​ကို​လက်ခံ​သော​သူ​သည် ငါ့​ကို​စေလွှတ်​တော်မူ​သော​အရှင်​ကို​လက်ခံ​၏။ အကြောင်းမူကား သင်​တို့​အားလုံး​တွင် အငယ်ဆုံး​သော​သူ​သည် ကြီးမြတ်​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​က “သခင်၊ သခင်​၏​နာမ​ဖြင့် နတ်ဆိုး​များ​နှင်ထုတ်​နေ​သူ​တစ်​ဦး​ကို အကျွန်ုပ်​တို့​တွေ့​ခဲ့​ပါ​သည်။ သူ​သည် အကျွန်ုပ်​တို့​နှင့်အတူ​မ​လိုက်​သောကြောင့် သူ့​ကို​တားမြစ်​ခဲ့​ပါ​သည်”​ဟု လျှောက်​လေ​၏။ သို့သော် ယေရှု​က“မ​တားမြစ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ကို​မ​ဆန့်ကျင်​သော​သူ​သည် သင်​တို့​ဘက်သား​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် ကောင်းကင်ဘုံ​သို့​ဆောင်ယူ​ခြင်း​ခံ​တော်မူ​မည့်​နေ့ရက် နီးကပ်​လာ​သောအခါ ဂျေရုဆလင်​မြို့​သို့​ကြွ​ရန် ရှေးရှု​လျက် စေတမန်​တို့​ကို မိမိ​ရှေ့​မှ​စေလွှတ်​တော်မူ​၏။ သူ​တို့​သည်​သွား​၍ ကိုယ်တော်​အတွက်​ပြင်ဆင်​ထား​ရန် ရှမာရိ​နယ်သား​တို့​၏​ရွာ​တစ်​ရွာ​သို့​ဝင်​ကြ​၏။ သို့သော် ကိုယ်တော်​သည် ဂျေရုဆလင်​မြို့​သို့​ဦးတည်​လျက် ခရီး​သွား​နေ​သည်​ဖြစ်​သောကြောင့် ထို​ရွာသား​တို့​သည် ကိုယ်တော်​ကို​လက်​မ​ခံ​ကြ။ တပည့်​တော်​ယာကုပ်​နှင့်​ယောဟန်​တို့​သည် ထို​အဖြစ်​ကို​မြင်​လျှင် “သခင်​ဘုရား၊ အကျွန်ုပ်​တို့​သည် မိုး​ကောင်းကင်​မှ မီး​ကျ​လာ​စေ​၍ သူ​တို့​ကို​လောင်ကျွမ်း​စေရန် ကိုယ်တော်​အလိုရှိ​ပါ​သလော”​ဟု မေးလျှောက်​ကြ​၏။ သို့သော် ကိုယ်တော်​သည်​လှည့်​၍ သူ​တို့​ကို​ဆုံးမ​တော်မူ​၏။ ထို့နောက် သူ​တို့​သည် အခြား​သော​ရွာ​သို့​သွား​ကြ​၏။ သူ​တို့​သည် လမ်း​၌​ခရီး​သွား​ကြ​စဉ် လူ​တစ်​ဦး​က “ကိုယ်တော်​သွား​သည့်​နေရာ​တိုင်း​သို့ အကျွန်ုပ်​လိုက်​ပါ​မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“မြေခွေး​တို့​၌ တွင်း​ရှိ​ကြ​၏။ မိုး​ကောင်းကင်​ငှက်​တို့​၌​လည်း အသိုက်​များ​ရှိ​ကြ​၏။ လူ့သား​၌​မူကား ခေါင်း​ချ​စရာ​နေရာ​မ​ရှိ”​ဟု မိန့်​တော်မူ​၏။ ကိုယ်တော်​သည် အခြား​သော​သူ​တစ်​ဦး​အား“ငါ့​နောက်​သို့​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။ သို့သော် ထို​သူ​က “သခင်​ဘုရား၊ အကျွန်ုပ်​၏​ဖခင်​ကို ဦးစွာ​သွား​၍ သင်္ဂြိုဟ်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“လူသေ​တို့​သည် မိမိ​တို့​၏​လူသေ​တို့​ကို သင်္ဂြိုဟ်​ကြ​ပါလေစေ။ သင်​မူကား သွား​၍ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ဟောပြော​လော့”​ဟု မိန့်​တော်မူ​၏။ အခြား​သော​သူ​တစ်​ဦး​က​လည်း “သခင်​ဘုရား၊ အကျွန်ုပ်​သည် နောက်​တော်​သို့​လိုက်​ပါ​မည်။ သို့သော် အကျွန်ုပ်​၏​အိမ်သူအိမ်သား​များ​ကို ဦးစွာ​သွား​၍ နှုတ်ဆက်​ခွင့်ပြု​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ထွန်ကိုင်း​ကို​ကိုင်​လျက် နောက်​သို့​လှည့်ကြည့်​သော​သူ​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့်​မ​ထိုက်တန်”​ဟု မိန့်​တော်မူ​၏။