နောက်တစ်နေ့၌ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင်ပေါ်မှဆင်းလာကြ၏။ ထိုအခါများစွာ သောလူပရိသတ်တို့သည်ကိုယ်တော်ကိုခရီးဦး ကြိုဆိုကြ၏။- ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်၏သားကိုကြည့်ရှုတော်မူရန်တောင်း ပန်ပါ၏။ သူသည်အကျွန်ုပ်၏တစ်ဦးတည်းသော သားဖြစ်ပါ၏။- နတ်ပူးဝင်သဖြင့်ရုတ်တရက်အော်ဟစ်တတ် ပါ၏။ နတ်သည်သူ့ကိုတုန်တက်စေသဖြင့်သူ့ ပါးစပ်မှအမြှုပ်ထွက်တတ်ပါ၏။ နတ်သည် သူ့အားပင်ပန်းမောဟိုက်နာကျင်စေပြီးမှ ခက်ခက်ခဲခဲနှင့်သာလျှင်ထွက်ခွာတတ်ပါ၏။- အကျွန်ုပ်သည်အရှင်၏တပည့်များအားထို နတ်ကိုနှင်ထုတ်ပေးရန်တောင်းပန်ပါသော် လည်းသူတို့သည်မတတ်နိုင်ကြပါ'' ဟု လျှောက်ထား၏။ သခင်ယေရှုက ``ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် တတ်သောခေတ်လူတို့၊ ငါသည်သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍သည်းခံရမည်နည်း'' ဟု မိန့်တော်မူ၏။ ထိုနောက်ထိုသူအား ``သင်၏သား ကိုခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ သူငယ်လာနေစဉ်ပင်နတ်မိစ္ဆာသည်သူ့အားမြေ ပေါ်သို့လှဲ၍တုန်တက်စေ၏။ သခင်ယေရှုသည် နတ်မိစ္ဆာအားအမိန့်ပေး၍သူငယ်ကိုကျန်းမာ စေတော်မူပြီးနောက်ဖခင်အားပြန်လည်ပေး အပ်တော်မူ၏။- လူအပေါင်းတို့သည်ဘုရားသခင်၏မဟာ တန်ခိုးတော်ကိုမြင်ရ၍အံ့သြကြကုန်၏။ လူတို့သည်ကိုယ်တော်ပြုတော်မူသောအမှု အရာများကြောင့်အံ့သြနေကြစဉ်၊ ကိုယ်တော် က၊- ``လူသားသည်လူတို့၏လက်သို့အပ်နှံခြင်းကို ခံရလိမ့်မည်။ ဤစကားကိုသင်တို့သတိပြု၍ မှတ်ထားကြလော့'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။- သို့ရာတွင်တပည့်တော်တို့သည်ထိုစကားကို နားမလည်ကြ။ ယင်းသို့နားမလည်ကြစေရန် အနက်အဋ္ဌိပ္ပါယ်ကွယ်ဝှက်လျက်ရှိသတည်း။ သူ တို့သည်လည်းကိုယ်တော်အားမမေးမလျှောက် ဝံ့ကြ။ တပည့်တော်တို့သည်မိမိတို့တွင်အဘယ်သူ သည်အကြီးမြတ်ဆုံးနည်းဟုအချင်းချင်း အခြေအတင်ပြောဆိုနေကြ၏။- သခင်ယေရှုသည်ထိုသို့ငြင်းခုံနေကြသည် ကိုသိတော်မူသဖြင့် ကလေးသူငယ်တစ်ယောက် ကိုခေါ်၍မိမိအနီးတွင်ရပ်စေတော်မူ၏။- ထိုနောက်ကိုယ်တော်က ``ငါ၏နာမကိုထောက် ၍ဤကလေးသူငယ်ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုလက်ခံ ၏။ သင်တို့တွင်အသိမ်ငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးဖြစ်၏'' ဟုမိန့်တော်မူ၏။ ယောဟန်က ``အရှင်ဘုရား၊ လူတစ်ယောက်သည် အရှင်၏နာမတော်ကိုအမှီပြု၍နတ်မိစ္ဆာတို့ ကိုနှင်ထုတ်နေသည်ကိုအကျွန်ုပ်တို့တွေ့မြင် ခဲ့ပါသည်။ သူသည်အကျွန်ုပ်တို့ဘက်သား မဟုတ်။ ထို့ကြောင့်အကျွန်ုပ်တို့သည်သူ့အား အရှင်၏နာမတော်ကိုအသုံးမပြုရန် တားမြစ်ခဲ့ပါ၏'' ဟုလျှောက်ထား၏။ သခင်ယေရှုက ``ထိုသူကိုမတားမြစ်ကြ နှင့်။ သင်တို့ကိုမဆန့်ကျင်သူသည်သင်တို့ ဘက်သားဖြစ်၏'' ဟုမိန့်တော်မူ၏။ ကောင်းကင်ဘုံသို့တက်ကြွရန်အချိန်နီးလာ သောအခါ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ကြွတော်မူရန်စိတ်ပိုင်းဖြတ်လျက်- စေတမန်များကိုကြိုတင်စေလွှတ်တော်မူ၏။ သူတို့သည်သွား၍ကိုယ်တော်၏အတွက်ပြင် ဆင်မှုများကိုပြုရန်ရှမာရိရွာတစ်ရွာသို့ ဝင်ကြ၏။- သို့ရာတွင်ကိုယ်တော်သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်နေတော်မူသည်ကိုထောက်၍ ရွာသားတို့သည်ကိုယ်တော်ကိုလက်မခံကြ။- ဤအခြင်းအရာကိုကိုယ်တော်၏တပည့်တော် များဖြစ်ကြသောယာကုပ်နှင့်ယောဟန်တို့မြင် ကြသောအခါ ``အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကောင်းကင်မှမီးကျ၍ထိုသူတို့အားလောင် ကျွမ်းစေရန်အလိုရှိတော်မူသလော'' ဟုမေး လျှောက်ကြ၏။ ကိုယ်တော်သည်လှည့်၍သူတို့အားဆုံးမတော် မူ၏။- ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် အခြားရွာတစ်ရွာသို့ထွက်သွားကြ၏။ ယင်းသို့ခရီးပြုနေကြစဉ်လူတစ်ယောက် က ``အကျွန်ုပ်သည်အရှင်ကြွတော်မူရာသို့ လိုက်ပါမည်'' ဟုသခင်ယေရှုအားလျှောက် ထား၏။ သခင်ယေရှုက ``မြေခွေးမှာတွင်းရှိ၏။ ငှက်မှာ အသိုက်ရှိ၏။ လူသားမှာမူကားခေါင်းချစရာ နေရာမျှမရှိ'' ဟုမိန့်တော်မူ၏။ ကိုယ်တော်သည်အခြားလူတစ်ယောက်အား ``ငါ့ နောက်သို့လိုက်လော့'' ဟုမိန့်တော်မူ၏။ သို့ရာတွင်ထိုသူက ``အကျွန်ုပ်အဖ၏အလောင်း ကိုဦးစွာသွား၍သင်္ဂြိုဟ်ခွင့်ပေးတော်မူပါ'' ဟု လျှောက်၏။ ကိုယ်တော်က ``လူသေတို့သည်အချင်းချင်း သင်္ဂြိုဟ်ကြပါစေ။ သင်မူကားသွား၍ဘုရား သခင်၏နိုင်ငံတော်အကြောင်းဟောပြော လော့'' ဟုမိန့်တော်မူ၏။ အခြားသောသူတစ်ယောက်က ``အရှင်၊ အကျွန်ုပ် သည်နောက်တော်သို့လိုက်ပါမည်။ သို့ရာတွင် အကျွန်ုပ်၏အိမ်သူအိမ်သားများအားဦး စွာသွား၍နှုတ်ဆက်ခွင့်ပြုတော်မူပါ'' ဟု လျှောက်၏။ သခင်ယေရှုက ``ထွန်ကိုင်းကိုကိုင်လျက်နောက် သို့လှည့်ကြည့်သူသည်ဘုရားသခင်၏နိုင်ငံ တော်အတွက်အသုံးမဝင်'' ဟုမိန့်တော်မူ၏။
လုကာ 9 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: လုကာ 9:37-62
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
ကျမ်းစာ
အစီအစဉ်
ဗီဒီယို