YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 6:27-49

ရှင်လုကာ 6:27-49 Judson Bible (JBMLE)

ငါ့​စ​ကား​ကို​ကြား​ရ​သော သင်​တို့​အား ငါ​ဆို​သည်​ကား၊ သင်​တို့၏ ရန်​သူ​တို့​ကို ချစ်​ကြ​လော့။ သင်​တို့​ကို မုန်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​လော့။- သင်​တို့​ကို ကျိန်​ဆဲ​သော​သူ​တို့​အား မေ​တ္တာ​ပို့​ကြ​လော့။ သင်​တို့​ကို နှောင့်​ယှက်​သော​သူ​တို့​အ​ဖို့ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ကြ​လော့။- သင်၏ ပါး​တစ်​ဖက်​ကို ပုတ်​သော​သူ​အား ပါး​တစ်​ဖက်​ကို ပေး​ဦး​လော့။ သင့်​ဝတ်​လုံ​ကို သိမ်း​ယူ​သော သူ​အား သင့်​အင်္ကျီ​ကို​လည်း ယူ​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​ဦး​လော့။- အ​ကြင်​သူ​သည် သင့်​ကို​တောင်း၏။ ထို​သူ​အား ပေး​လော့။ သင့်​ဥ​စ္စာ​ကို သိမ်း​ယူ​သော​သူ​အား ပြန်၍​မ​တောင်း​နှင့်။- သင်​တို့​သည် ကိုယ်၌​သူ​တစ်​ပါး ပြု​စေ​လို​သည်​အ​တိုင်း သူ​တစ်​ပါး၌ ပြု​ကြ​လော့။- သင်​တို့​ကို ချစ်​သော​သူ​တို့​အား​သာ ချစ်​တုံ့​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကိုယ်​ကို​ချစ်​သော​သူ​တို့​အား ချစ်​တုံ့​ပြု​ကြ​သည် မ​ဟုတ်​လော။- သင်​တို့​ကို ကျေး​ဇူး​ပြု​သော​သူ​တို့​အား​သာ ကျေး​ဇူး​ပြု​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော သူ​တို့​သည် ဤ​မျှ​လောက် ပြု​ကြ​သည်​မ​ဟုတ်​လော့။- သူ​တစ်​ပါး​အား ဥ​စ္စာ​ချေး​ငှား​သော​အ​ခါ ဆပ်​ပေး​လိမ့်​မည်​ဟု မျှော်​လင့်​လျက် ချေး​ငှား​လျှင် အ​ဘယ်​ကျေး​ဇူး​တင်​သ​နည်း။ ဆိုး​သော​သူ​တို့​သည် ကျေး​ဇူး​ဆပ်​ခြင်း​ကို ခံ​လို၍ ဆိုး​သော​သူ​ချင်း​တို့​အား ချေး​ငှား​တတ်​သည် မ​ဟုတ်​လော။- သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။- ထို​ဘု​ရား​သည် ကျေး​ဇူး​မ​သိ​သော​သူ၊ ဆိုး​ညစ်​သော​သ​ဘော ရှိ​သော​သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​ကြောင့် သင်​တို့​အ​ဘ​သည် သ​နား​ခြင်း​စိတ် ရှိ​တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း သ​နား​ခြင်း​စိတ်​ရှိ​ကြ​လော့။ သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။- သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။ ဥ​ပ​မာ​ကား၊ လူ​ကန်း​သည် လူ​ကန်း​ကို လမ်း​ပြ​နိုင်​သ​လော။ နှစ်​ဦး​တို့​သည် တွင်း​ထဲ​သို့​ကျ​လိမ့်​မည် မ​ဟုတ်​လော။- တ​ပည့်​သည် ဆ​ရာ​ထက်​မ​သာ။ အ​ပြီး​သင်​ပြီး​သော တ​ပည့်​တိုင်း မိ​မိ​ဆ​ရာ​ကဲ့​သို့ ဖြစ်​လိမ့်​မည်။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​အောက်​မေ့​ဘဲ၊ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု​သ​နည်း။- ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို မ​မြင်​မ​မှတ်​ဘဲ​လျက်၊ ညီ​အစ်​ကို၊ သင်၏​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို ထုတ်​ပါ​ရ​စေ​ဟု အ​ဘယ်​သို့ ညီ​အစ်​ကို​အား​ဆို​ရ​သ​နည်း။ လျှို့​ဝှက်​သော​သူ၊ ကိုယ်​မျက်​စိ၌​ရှိ​သော တံ​ကျင်​ကို ရှေ့​ဦး​စွာ​ထုတ်​လော့။ နောက်​မှ ညီ​အစ်​ကို​မျက်​စိ၌​ရှိ​သော ငြောင့်​ငယ်​ကို​ထုတ်​ခြင်း​ငှာ ရှင်း​လင်း​စွာ​မြင်​လိမ့်​မည်။ မ​ကောင်း​သော​အ​သီး​ကို သီး​သော​အ​ပင်​ကား၊ ကောင်း​သော​အ​ပင် မ​ဟုတ်။ ကောင်း​သော​အ​သီး​ကို သီး​သော အ​ပင်​ကား၊ မ​ကောင်း​သော​အ​ပင် မ​ဟုတ်။- အ​သီး​ကို​ထောက်၍ အ​ပင်​သ​ဘော​ကို​သိ​ရ၏။ ဆူး​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို မ​ဆွတ်​တတ်။ တော​ချုံ​၌ စ​ပျစ်​သီး​ကို မ​ဆွတ်​တတ်။- ကောင်း​သော​သူ​သည် ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ မ​ကောင်း​သော​သူ​သည် မ​ကောင်း​သော​မိ​မိ​စိတ်​နှ​လုံး ဘ​ဏ္ဍာ​တိုက်​ထဲ​က မ​ကောင်း​သော​အ​ရာ​ကို ထုတ်​ဖော်​တတ်၏။ အ​ကြောင်း​မူ​ကား၊ စိတ်​နှ​လုံး​အ​ပြည့် ရှိ​သည်​အ​တိုင်း နှုတ်​မြွက်​တတ်၏။ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​လျက်၊ ငါ့​ကို​သ​ခင်၊ သ​ခင်​ဟု အ​ဘယ်​ကြောင့်​ခေါ်​ကြ​သ​နည်း။- ငါ့​ထံ​သို့​လာ၍ ငါ့​စ​ကား​ကို​ကြား​သည်​အ​တိုင်း နား​ထောင်​သော​သူ​သည် အ​ဘယ်​သူ​နှင့်​တူ​သ​နည်း​ဟူ​မူ​ကား၊- တိုက်​ကို​တည်​သော​အ​ခါ နက်​စွာ​တူး၍ ကျောက်​ပေါ်​မှာ တိုက်​မြစ်​ချ​သော​သူ​နှင့်​တူ၏။ မြစ်​ရေ​ထ​သ​ဖြင့် ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ ကျောက်​ပေါ်​မှာ တည်​လျက်​ရှိ​သော​ကြောင့် မ​လှုပ်​နိုင်​ရာ။- ငါ့​စ​ကား​ကို​ကြား၍ နား​မ​ထောင်​သော​သူ​မူ​ကား၊ အ​ခု​အ​ခံ​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ တိုက်​ကို​တည်​သော​သူ​နှင့် တူ၏။ ရေ​စီး၍ ထို​တိုက်​ကို​ရိုက်​ခတ်​သော​အ​ခါ၊ ချက်​ချင်း​လဲ၍ အ​ကုန်​အ​စင်​ပြို​ပျက်​လေ​သည်​ဟု ဟော​တော်​မူ၏။

ရှင်လုကာ 6:27-49 Common Language Bible (BCL)

``သို့​ရာ​တွင်​ငါ​၏​တ​ရား​ကို​ကြား​နာ​ကြ​သူ​တို့၊ သင်​တို့​အား​ငါ​ဆို​သည်​ကား​ရန်​သူ​ကို​ချစ်​ကြ လော့။ သင်​တို့​ကို​မုန်း​သူ​အား​ကျေး​ဇူး​ပြု​ကြ လော့။- ကျိန်​ဆဲ​သူ​အား​မေတ္တာ​ပို့​ကြ​လော့။ စော်​ကား သူ​အ​တွက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​လော့။- သင်​၏​ပါး​တစ်​ဖက်​ကို​ရိုက်​သူ​အား​အ​ခြား ပါး​တစ်​ဖက်​ကို​လည်း​ရိုက်​စေ​ဦး​လော့။ သင် ၏​အ​ပေါ်​အင်္ကျီ​ကို​ယူ​သော​သူ​အား​ရှပ်​အင်္ကျီ ကို​လည်း​ယူ​ခွင့်​ပြု​လော့။- သင့်​ထံ​တွင်​တောင်း​ခံ​လာ​သူ​တိုင်း​အား​ပေး လော့။ သင့်​ဥစ္စာ​ပစ္စည်း​များ​ကို​ယူ​သော​သူ​ထံ​မှ ပြန်​၍​မ​တောင်း​နှင့်။- ကိုယ်​ကို​ပြု​စေ​လို​သည်​အ​တိုင်း​သူ​တစ်​ပါး တို့​အား​ပြု​ကြ​လော့။ ``မိ​မိ​တို့​အား​ချစ်​သူ​များ​ကို​သာ​ချစ်​တုံ့​ပြန် ပါ​မူ အ​ဘယ်​သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို သင်​တို့​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ များ​ပင်​လျှင်​မိ​မိ​တို့​အား​ချစ်​သူ​တို့​ကို​ချစ် ကြ​၏။- သင်​တို့​အား​ကျေး​ဇူး​ပြု​သူ​များ​ကို​သာ​ကျေး ဇူး​တုံ့​ပြန်​ပါ​မူ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​လျှင်​ဤ​သို့​ပြု​ကြ​၏။- ထို​မှ​တစ်​ပါး​ပြန်​လည်​ဆပ်​ပေး​မည်​ဟု​ယုံ​ကြည် သူ​ကို​သာ​လျှင်​သင်​တို့​ချေး​ငှား​ကြ​ပါ​မူ အ​ဘယ် သို့​လျှင်​ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​နိုင်​ကြ​ပါ မည်​နည်း။ အ​ပြစ်​ကူး​သူ​များ​ပင်​ပြန်​လည်​ဆပ် ပေး​မည်​ဟု​မျှော်​လင့်​လျက်​အ​ချင်း​ချင်း​အား ချေး​ငှား​ကြ​၏။- သင်​တို့​မူ​ကား​ရန်​သူ​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး ပြု​ကြ​လော့။ တစ်​စုံ​တစ်​ရာ​ကို​ပြန်​လည်​ရ​ရှိ​ရန် မ​မျှော်​လင့်​ဘဲ​ချေး​ငှား​ကြ​လော့။ ယင်း​သို့​ပြု​ပါ မူ​သင်​တို့​သည်​ကြီး​မြတ်​သော​ဆု​လာဘ်​ကို​ရ လျက်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​ရှင်​၏​သား များ​ဖြစ်​ကြ​လိမ့်​မည်။ ထို​အ​ရှင်​သည်​ကျေး​ဇူး မ​သိ​တတ်​သူ​များ၊ ဆိုး​ညစ်​သူ​များ​အား ကျေး​ဇူး​ပြု​တော်​မူ​၏။- သင်​တို့​၏​အ​ဖ​ဘု​ရား​သည်​သ​နား​ကြင်​နာ တော်​မူ​သည်​နည်း​တူ သင်​တို့​သည်​လည်း​သ​နား ကြင်​နာ​ကြ​လော့။ ``သူ​တစ်​ပါး​တို့​အား​မ​စစ်​ကြော​မ​စီ​ရင်​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​မ​စစ် ကြော​မ​စီ​ရင်​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး တို့​အား​မ​ရှုတ်​ချ​ကြ​နှင့်။ သို့​မှ​သာ​ဘု​ရား​သ​ခင် သည်​သင်​တို့​အား​မ​ရှုတ်​ချ​ဘဲ​နေ​တော်​မူ​လိမ့်​မည်။ သူ​တစ်​ပါး​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​ကြ​လော့။ သို့ မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​ပြစ်​ကို ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။- သူ​တစ်​ပါး​တို့​အား​ရက်​ရော​စွာ​ပေး​ကြ​လော့။ သို့​မှ​သာ​ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ရက် ရော​စွာ​ပေး​တော်​မူ​လိမ့်​မည်။ သိပ်​နှိပ်​လှုပ်​ခါ ပြည့်​လျှံ​သော​တောင်း​ပ​မာ​ဏ​ဖြင့်​သင်​တို့​၏ လက်​ထဲ​သို့​ပေး​တော်​မူ​လိမ့်​မည်။ သင်​တို့​သည် သူ​တစ်​ပါး​အား​ချိန်​တွယ်​ပေး​သည့်​တောင်း ပ​မာ​ဏ​အ​တိုင်း​ဘု​ရား​သ​ခင်​သည်​သင်​တို့ အား​ပေး​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``မျက်​မ​မြင်​သည်​အ​ခြား​မျက်​မ​မြင် ကို​လမ်း​ပြ​နိုင်​သ​လော။ ထို​သူ​နှစ်​ဦး​လုံး​ပင် တွင်း​ထဲ​သို့​လိမ့်​ကျ​မည်​မ​ဟုတ်​လော။- တ​ပည့်​သည်​ဆ​ရာ​ထက်​မ​သာ။ သို့​ရာ​တွင်​ပ​ညာ သင်​ပြီး​ဆုံး​သော​အ​ခါ​တ​ပည့်​သည်​ဆ​ရာ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။'' ``သင်​တို့​သည်​အ​ဘယ်​ကြောင့်​ကိုယ့်​မျက်​စိ​၌​ရှိ သော​သစ်​တုံး​ကြီး​ကို​မ​မြင်​ဘဲ ညီ​အစ်​ကို မျက်​စိ​၌​ရှိ​သော​ငြောင့်​ငယ်​ကို​မြင်​သ​နည်း။- အ​ဘယ်​ကြောင့်​ညီ​အစ်​ကို​အား`သင်​၏​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ထုတ်​ပေး​ပါ​ရ​စေ' ဟု​ပြော ဘိ​သ​နည်း။ အ​ချင်း​ကြောင်​သူ​တော်၊ သင်​၏​မျက်​စိ ၌​ရှိ​သော​သစ်​တုံး​ကြီး​ကို​ဦး​စွာ​ထုတ်​ပစ်​လော့။ သို့​မှ​သာ​သင်​သည်​သင့်​ညီ​အစ်​ကို​မျက်​စိ​၌ ရှိ​သော​ငြောင့်​ငယ်​ကို​ကောင်း​စွာ​မြင်​၍​ထုတ်​ယူ နိုင်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ``အ​ပင်​ကောင်း​သည်​အ​သီး​ညံ့​ကို​မ​သီး​နိုင်။ ညံ့​သော​အ​ပင်​သည်​အ​သီး​ကောင်း​ကို​မ​သီး​နိုင်။- အ​သီး​ကို​ထောက်​၍​အ​ပင်​အ​ကြောင်း​ကို​သိ​ရ ၏။ သင်္ဘော​သ​ဖန်း​သီး​ကို​ဆူး​ပင်​မှ​လည်း​ကောင်း၊ စ​ပျစ်​သီး​ကို​ဆူး​ချုံ​မှ​လည်း​ကောင်း​လူ​တို့ မ​ဆွတ်​မ​ခူး​နိုင်​ကြ။- ကောင်း​သော​သူ​သည်​ကောင်း​သော​အ​ရာ​များ​နှင့် ပြည့်​သော​စိတ်​နှ​လုံး​ဘဏ္ဍာ​တိုက်​အ​တွင်း​မှ ကောင်း​သော​အ​ရာ​များ​ကို​ထုတ်​ဖော်​တတ်​၏။ ဆိုး​ယုတ်​သူ​မူ​ကား​ဆိုး​ယုတ်​သော​အ​ရာ​များ ကို​ထုတ်​ဖော်​တတ်​၏။ အ​ဘယ်​ကြောင့်​ဆို​သော် စိတ်​နှ​လုံး​တွင်​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ ကို​နှုတ်​က​မြွက်​ဆို​တတ်​သော​ကြောင့်​တည်း။ ``သင်​တို့​သည်​ငါ့​စ​ကား​ကို​နား​မ​ထောင်​ဘဲ အ​ဘယ်​ကြောင့်​ငါ့​ကို `သ​ခင်၊ သ​ခင်' ဟု​ခေါ် ကြ​သ​နည်း။- ငါ့​ထံ​သို့​လာ​၍​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ ပြီး​လျှင်​လိုက်​လျှောက်​သော​သူ​ကို​ပုံ​ဥ​ပ​မာ​ဖြင့် ပြ​ပေ​အံ့။- ထို​သူ​သည်​မြေ​ကို​နက်​စွာ​တူး​ပြီး​မှ​ကျောက်​ပေါ် တွင်​အုတ်​မြစ်​ချ​၍​အိမ်​ကို​တည်​ဆောက်​သူ​နှင့်​တူ ၏။ ရေ​ကြီး​သော​အ​ခါ​မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို တိုက်​ခတ်​လေ​၏။ သို့​သော်​ရေ​အ​ဟုန်​သည်​အိမ်​ကို မ​လှုပ်​ရှား​စေ​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အိမ် ကို​ခိုင်​ခန့်​စွာ​တည်​ဆောက်​ထား​သော​ကြောင့်​ဖြစ်​၏။- သို့​ရာ​တွင်​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ​ပြီး နောက်​မ​လိုက်​လျှောက်​သော​သူ​မူ​ကား​အုတ်​မြစ် မ​ချ​ဘဲ​မြေ​ပေါ်​မှာ​အိမ်​ကို​တည်​ဆောက်​သူ နှင့်​တူ​၏။ မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို​တိုက်​ခတ် လျှင်​ချက်​ချင်း​ပြို​လဲ​သွား​၏။ ထို​အိမ်​၏ အ​ပျက်​အ​စီး​ကား​ကြီး​လှ​စွာ​တ​ကား'' ဟု မိန့်​တော်​မူ​၏။

ရှင်လုကာ 6:27-49 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် ယခု​နားထောင်​နေ​သော သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ သင်​တို့​ကို​မုန်း​သော​သူ​တို့​အပေါ် ကောင်း​စွာ​ပြု​ကြ​လော့။ သင်​တို့​ကို​ကျိန်ဆဲ​သော​သူ​တို့​အား ကောင်းချီး​ပေး​ကြ​လော့။ သင်​တို့​ကို​ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ သင်​၏​ပါး​တစ်ဖက်​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။ သင်​၏​ဝတ်ရုံ​ကို​ယူ​သော​သူ​အား အင်္ကျီ​ကို​လည်း ယူ​ခွင့်​ပေး​ဦး​လော့။ သင့်​ထံ တောင်း​သော​သူ​တိုင်း​အား ပေးကမ်း​လော့။ သင့်​ပစ္စည်း​များ​ကို​ယူ​သွား​သော​သူ​တို့​ထံမှ ပြန်​၍​မ​တောင်း​နှင့်။ သင်​တို့​သည် သူတစ်ပါး​အား​သင်​တို့​အပေါ်​ပြု​စေ​လို​သည့်​အတိုင်း သူတစ်ပါး​အပေါ်​ပြု​ကြ​လော့။ သင်​တို့​ကို​ချစ်​သော​သူ​တို့​အား သင်​တို့​ချစ်​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် မိမိ​တို့​အား​ချစ်​သော​သူ​တို့​ကို ချစ်​ကြ​၏။ သင်​တို့​အတွက် ကောင်း​သော​အမှု​ကို​ပြု​သော​သူ​တို့​အပေါ် ကောင်း​သော​အမှု​ကို​ပြု​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အကြောင်းမူကား အပြစ်သား​တို့​ပင်လျှင် ထိုနည်းတူ​ပြု​ကြ​၏။ ပြန်လည်​ရရှိ​မည်​ဟု​မျှော်လင့်​လျက် သူတစ်ပါး​အား​သင်​တို့​ချေးငှား​လျှင် သင်​တို့​၌ မည်သည့်​ဂုဏ်ယူ​စရာ​ရှိ​သနည်း။ အပြစ်သား​တို့​ပင်လျှင် မူလ​ပမာဏ​အတိုင်း​ပြန်လည်​ရရှိ​ရန် သူ​တို့​အချင်းချင်း​ချေးငှား​ကြ​၏။ သို့သော် သင်​တို့​သည် သင်​တို့​၏​ရန်သူ​များ​ကို ချစ်​ကြ​လော့။ ကောင်း​သော​အမှု​ကို​ပြု​ကြ​လော့။ မည်သည့်​အရာ​မျှ ပြန်လည်​ရရှိ​ရန်​မ​မျှော်လင့်​ဘဲ ချေးငှား​ကြ​လော့။ ထိုသို့ပြုလျှင် သင်​တို့​ရရှိ​မည့်​ဆုလာဘ်​သည်​ကြီးမား​၍ သင်​တို့​သည် အမြင့်ဆုံး​သော​ဘုရား​၏​သား​သမီး​များ​ဖြစ်​ကြ​လိမ့်မည်။ အကြောင်းမူကား ထို​အရှင်​သည် ကျေးဇူး​မ​သိ​သော​သူ​နှင့် ဆိုး​သော​သူ​တို့​အား​လည်း ကျေးဇူးပြု​တော်မူ​၏။ သင်​တို့​၏​အဖ​သည် ကရုဏာ​နှင့်​ပြည့်စုံ​တော်မူ​သည့်​နည်းတူ သင်​တို့​သည်​လည်း ကရုဏာ​နှင့်​ပြည့်စုံ​ကြ​လော့။ သူတစ်ပါး​ကို​မ​စီရင်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း စီရင်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​အပြစ်​ရှိ​သည်​ဟု​မ​သတ်မှတ်​ကြ​နှင့်။ သို့ပြုလျှင် သင်​တို့​သည်​လည်း အပြစ်​ရှိ​သည်​ဟု​သတ်မှတ်​ခြင်း​ကို လုံးဝ​ခံရ​မည်​မ​ဟုတ်။ သူတစ်ပါး​ကို​ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် သင်​တို့​သည်​လည်း ခွင့်လွှတ်​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။ ပေးကမ်း​ကြ​လော့။ သို့ပြုလျှင် သင်​တို့​ကို​လည်း ပေးကမ်း​လိမ့်မည်။ အလျှံပယ်​သိပ်​လျက်၊ ခါ​လျက်၊ ပြည့်လျှံ​အောင် သင်​တို့​အိတ်​ထဲသို့ ထည့်​ပေး​ကြ​လိမ့်မည်။ အကြောင်းမူကား သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် သူ​တို့​အား​ပုံ​ဥပမာ​တစ်ခု မြွက်ဆို​တော်မူ​သည်​မှာ“မျက်မမြင်​သည် မျက်မမြင်​ကို လမ်းပြ​နိုင်​သလော။ နှစ်ဦးစလုံး​တွင်း​ထဲသို့​ကျ​ကြ​လိမ့်မည်​မ​ဟုတ်​လော။ တပည့်​သည် ဆရာ​ထက် မြတ်​သည်​မ​ဟုတ်။ သို့သော် ပြည့်စုံ​စွာ​သင်ယူ​တတ်မြောက်​သော​သူ​တိုင်း​သည် မိမိ​ဆရာ​ကဲ့သို့​ဖြစ်​လိမ့်မည်။ သင်​သည် မိမိ​မျက်စိ​၌​ရှိ​သော​သစ်တုံး​ကို သတိ​မ​မူ​ဘဲ သင့်​ညီအစ်ကို​၏​မျက်စိ​၌​ရှိ​သော​သစ်​အမှုန်​အစ​ကို အဘယ်ကြောင့်​မြင်​သနည်း။ သင်​သည် မိမိ​မျက်စိ​ထဲမှ သစ်တုံး​ကို​မ​မြင်​ဘဲ ‘ညီအစ်ကို၊ သင်​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို ထုတ်ပေး​ပါရစေ’​ဟု သင့်​ညီအစ်ကို​အား မည်သို့​ပြော​နိုင်​မည်နည်း။ သူတော်ကောင်း​ယောင်ဆောင်​သော​သူ၊ သင်​၏​မျက်စိ​ထဲမှ သစ်တုံး​ကို ဦးစွာ​ထုတ်ပစ်​လော့။ ထိုအခါ သင့်​ညီအစ်ကို​၏​မျက်စိ​ထဲမှ သစ်​အမှုန်​အစ​ကို​ထုတ်ပစ်​ရန် ရှင်းလင်း​စွာ​မြင်​ရ​လိမ့်မည်။ မကောင်း​သော​အသီး​ကို​သီး​သော ကောင်း​သည့်​အပင်​မ​ရှိ။ ကောင်း​သော​အသီး​ကို​သီး​သော မကောင်း​သည့်​အပင်​လည်း​မ​ရှိ။ အပင်​တိုင်း​ကို ၎င်း​၏​အသီး​အားဖြင့် သိ​ရ​၏။ အကြောင်းမူကား ဆူးပင်​မှ သဖန်းသီး​ကို​ဆွတ်ခူး​၍​မ​ရ​နိုင်။ ချုံပုတ်​မှ​လည်း စပျစ်သီး​ကို​မ​စုသိမ်း​နိုင်။ ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​ကို ကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​ကို မကောင်း​သော​စိတ်နှလုံး​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ အကြောင်းမူကား စိတ်နှလုံး​၌​ပြည့်လျှံ​နေ​သည့်​အရာ​ကို နှုတ်​က​ပြောဆို​တတ်​၏။ သင်​တို့​သည် ငါ့​ကို ‘သခင်၊ သခင်’​ဟု ခေါ်​ကြ​ပြီး အဘယ်ကြောင့် ငါ​ပြော​သော​အရာ​ကို​မ​ကျင့်သုံး​ဘဲ​နေ​ကြ​သနည်း။ ငါ့​ထံသို့​လာ​ပြီး ငါ့​တရား​စကား​တို့​ကို​ကြား​၍ ကျင့်သုံး​သော​သူ​တိုင်း​သည် မည်သူ​နှင့်​တူ​သည်​ကို သင်​တို့​အား ငါ​ပြောပြ​မည်။ သူ​သည် မြေ​ကို​နက်​စွာ​တူး​ပြီးလျှင် ကျောက်​ပေါ်၌ အုတ်မြစ်​ချ​၍ အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ ရေ​လွှမ်းမိုး​၍ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သော်လည်း ခိုင်ခံ့​စွာ​တည်ဆောက်​ထား​သောကြောင့် ထို​အိမ်​ကို​မ​လှုပ်ရှား​စေ​နိုင်။ သို့သော် ကြား​၍ မ​ကျင့်သုံး​သော​သူ​မူကား အုတ်မြစ်​မ​ချ​ဘဲ မြေ​ပေါ်၌​အိမ်​ဆောက်​သော​သူ​နှင့်​တူ​၏။ မြစ်​ရေ​သည် ထို​အိမ်​ကို​ရိုက်ခတ်​သောအခါ ချက်ချင်း​ပြိုလဲ​သွား​လေ​၏။ ထို​အိမ်​၏​ပျက်စီး​မှု​သည်​လည်း ကြီးမား​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။