YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာ 4:1-37

ရှင်လုကာ 4:1-37 Judson Bible (JBMLE)

ယေ​ရှု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်၊ ယော်​ဒန်​မြစ်​နား​မှ ပြန်​စဉ်​တွင် ဝိ​ညာဉ်​တော်​သည် တော​သို့ ပို့​ဆောင်​တော်​မူ၏။- အ​ရက်​လေး​ဆယ်​ပတ်​လုံး မာရ်​နတ်၏ စုံ​စမ်း​သွေး​ဆောင်​ခြင်း​ကို ခံ​တော်​မူ၏။ ထို​ကာ​လ​ပတ်​လုံး အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​တော်​မ​မူ။ ထို​ကာ​လ​လွန်​ပြီး​မှ မွတ်​သိပ်​တော်​မူ၏။- မာရ်​နတ်​က​လည်း၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏​သား​တော်​မှန်​လျှင် ဤ​ကျောက်​ခဲ​ကို မုန့်​ဖြစ်​စေ​ခြင်း​ငှာ အ​မိန့်​ရှိ​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ လူ​သည် မုန့်​အား​ဖြင့်​သာ အ​သက်​ကို မွေး​ရ​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင် မိန့်​တော်​မူ​သ​မျှ​အား​ဖြင့် အ​သက်​ကို​မွေး​ရ​မည် ကျမ်း​စာ၌​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။ တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို မြင့်​လှ​သော တောင်​ပေါ်​သို့ ဆောင်​သွား၍၊ ဤ​လော​က၌​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​ကို တစ်​ခ​ဏ​ချင်း​တွင် ပြ​ညွှန်၍၊- ဤ​ဘုန်း​တန်​ခိုး အာ​နု​ဘော်​ရှိ​သ​မျှ​ကို ငါ၌​အပ်​ခဲ့​ပြီ။ ငါ​သည် ပေး​လို​သော​သူ​အား ပေး​ရ​သည်​ဖြစ်၍ ကိုယ်​တော်​အား ပေး​ပါ​မည်။- ငါ့​ကို​ကိုး​ကွယ်​လျှင် ဤ​အ​လုံး​စုံ​တို့​သည် ကိုယ်​တော်၏​ဥ​စ္စာ ဖြစ်​လိမ့်​မည်​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု ပြန်​ပြော​တော်​မူ၏။ တစ်​ဖန် မာရ်​နတ်​သည် ယေ​ရှု​ကို ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍၊ ဗိ​မာန်​တော်၏ အ​ထွတ်၌ တင်​ထား​ပြီး​လျှင်၊- ကျမ်း​စာ​လာ​သည်​ကား၊ သင့်​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ကောင်း​ကင်​တ​မန်​တို့​အား သင့်​အ​ဖို့ မှာ​ထား​တော်​မူ​သည်​ဖြစ်၍၊- သင်၏​ခြေ​ကို ကျောက်​နှင့် မ​ထိ​မ​ခိုက်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် သင့်​ကို လက်​နှင့်​မ​စ​ချီ​ပင့်​ကြ​လိမ့်​မည်​ဟု လာ၏။ ထို​ကြောင့် ကိုယ်​တော်​သည် ဘု​ရား​သ​ခင်၏ သား​တော်​မှန်​လျှင် ဤ​အ​ထွတ်​မှ ကိုယ်​ကို အောက်​သို့ ချ​လိုက်​တော်​မူ​ပါ​ဟု လျှောက်​လေ၏။- ယေ​ရှု​က​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည် အ​စုံ​အ​စမ်း​မ​ပြု​ရ​ဟု ကျမ်း​စ​ကား​ရှိ​သည်​ဟု ပြန်​ပြော​တော်​မူ၏။- ထို​သို့​မာရ်​နတ်​သည် စုံ​စမ်း​သွေး​ဆောင်​ခြင်း​အ​မှု အ​လုံး​စုံ​ကို အ​ကုန်​အ​စင်​ပြု​ပြီး​လျှင်၊ အ​ထံ​တော်​မှ ထွက်​သွား၍ ကာ​လ​အ​တန်​အ​ရာ နေ​လေ၏။ ယေ​ရှု​သည် ဝိ​ညာဉ်​တော်​တန်​ခိုး​နှင့် ဂါ​လိ​လဲ​ပြည်​သို့​ပြန်၍၊ သ​တင်း​တော်​သည် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။ တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၍၊- လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ချီး​မွမ်း​ကြ၏။ ကြီး​ပွား​တော်​မူ​ရာ နာ​ဇ​ရက်​မြို့​သို့ ရောက်​ပြန်​လျှင်၊ ထုံး​စံ​တော်​ရှိ​သည်​အ​တိုင်း ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ကျမ်း​စာ​ကို ဖတ်​ရွတ်​ခြင်း​ငှာ ထ​တော်​မူ၏။- ဇ​ရပ်​စောင့်​သည် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ပေး​သည်​ဖြစ်၍၊ ကျမ်း​စာ​ကို​ဖွင့်​တော်​မူ​လျှင် တွေ့​သော​အ​ချက်​စ​ကား ဟူ​မူ​ကား၊- ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်၌ တည်​တော်​မူ၏။- အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သား​တို့​အား ဝမ်း​မြောက်​စ​ရာ​သ​တင်း​ကို ကြား​ပြော​စေ​ခြင်း​ငှာ ငါ့​ကို ဘိ​သိက်​ပေး​တော်​မူ​ပြီ။ ကြေ​မွ​သော​သူ​တို့၏​အ​နာ​ကို ပျောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖမ်း​သွား​ချုပ်​ထား​လျက် ရှိ​သော သူ​တို့​အား လွှတ်​ခြင်း​အ​ကြောင်း​နှင့် မျက်​စိ​ကန်း​သော​သူ​တို့​အား မျက်​စိ​မြင်​ပြန်​ခြင်း အ​ကြောင်း​ကို ပြ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​ခံ​ရ​သော​သူ​တို့​ကို ကယ်​မ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏ မင်္ဂ​လာ​နှစ်​ကာ​လ​ကို ကြား​ပြော​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ့​ကို စေ​လွှတ်​တော်​မူ​ပြီ​ဟု လာ​သ​တည်း။- ကျမ်း​စာ​ကို​လိပ်၍ ဇ​ရပ်​စောင့်​အား​ပေး​ပြီး​မှ ထိုင်​တော်​မူ၏။ ဇ​ရပ်၌​ရှိ​သော သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စေ့​စေ့​ကြည့်​လျက်​နေ​ကြ၏။ ယေ​ရှု​က​လည်း၊ ယ​နေ့​ပင် ဤ​ကျမ်း​စာ​ချက်​သည် သင်​တို့​ကြား​သည်​အ​တိုင်း ပြည့်​စုံ​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို​ဝန်​ခံ၍၊ တင့်​တယ်​လျောက်​ပတ်​သော နှုတ်​ထွက်​စ​ကား​ကို အံ့​ဩ​ချီး​မွမ်း​လျက်၊ ဤ​သူ​သည် ယော​သပ်၏​သား မ​ဟုတ်​တုံ​လော​ဟု ဆို​ကြ၏။- ယေ​ရှု​က​လည်း၊ အ​ကယ်၍ သင်​တို့​သည် ပုံ​ပ​မာ​ကို​ဆောင်​လျက်၊ အ​ချင်း​ဆေး​သ​မား၊ ကိုယ်​အ​နာ​ကို ငြိမ်း​စေ​လော့။ ငါ​တို့​သည် သ​တင်း​ကြား​သည်​အ​တိုင်း၊ သင်​သည် က​ပေ​ရ​နောင်​မြို့၌ ပြု​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို ကိုယ်​နေ​ရင်း​မြို့၌​လည်း ပြု​ပါ​ဟူ၍ ငါ့​အား ပြော​ဆို​ကြ​လိမ့်​မည်။ သို့​သော်​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊- အ​ဘယ်​ပ​ရော​ဖက်​မျှ မိ​မိ​နေ​ရင်း​မြို့၌ မျက်​နှာ​မ​ရ​တတ်။- ငါ​အ​မှန်​ဆို​ပြန်​သည်​ကား၊ ပ​ရော​ဖက် ဧ​လိ​ယ​လက်​ထက်၌ သုံး​နှစ်​နှင့် ခြောက်​လ​ပတ်​လုံး မိုး​ခေါင်၍၊ ပြည်​နိုင်​ငံ​တစ်​လျှောက်​လုံး အ​စာ​အာ​ဟာ​ရ အ​လွန်​ခေါင်း​ပါး​ခြင်း ရှိ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော မု​ဆိုး​မ​အ​များ ရှိ​ကြ၏။- သို့​သော်​လည်း၊ ထို​မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့​မျှ ဧ​လိ​ယ​ကို စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုန်​ပြည် ဇ​ရ​တ္တ​မြို့​သူ​ဖြစ်​သော မု​ဆိုး​မ​တစ်​ယောက်​ရှိ​ရာ​သို့ စေ​လွှတ်​တော်​မူ၏။- ပ​ရော​ဖက်​ဧ​လိ​ရှဲ လက်​ထက်​တွင်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၌ နူ​နာ​စွဲ​သော​သူ အ​များ​ရှိ​ကြ၏။ သို့​သော်​လည်း၊ နေ​မန်​အ​မည်​ရှိ​သော ရှု​ရိ​လူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သန့်​ရှင်း​ခြင်း​သို့​မ​ရောက်​ဟု မိန့်​တော်​မူ၏။- တ​ရား​ဇ​ရပ်၌​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ထို​စ​ကား​တော်​ကို ကြား​သော​အ​ခါ ပြင်း​စွာ အ​မျက်​ထွက်​သည်​နှင့်၊- ထ၍ ကိုယ်​တော်​ကို​မြို့​ပြင်​သို့ နှင်​ထုတ်​ပြီး​လျှင်၊ ထို​မြို့​တည်​ရာ တောင်​ထိပ်​စွန်း​အ​ငူ​မှ ဇောက်​ထိုး​တွန်း​ချ​ခြင်း​ငှာ ဆောင်​သွား​ကြ၏။- ကိုယ်​တော်​သည် သူ​တို့​အ​လယ်၌ လျှောက်၍ ကြွ​သွား​တော်​မူ၏။ ဂါ​လိ​လဲ​ပြည် က​ပေ​ရ​နောင်​မြို့​သို့​ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။- အာ​ဏာ​နှင့် ဟော​တော်​မူ​သော​ကြောင့် ပ​ရိသတ်​တို့​သည် ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​ကြ၏။- ထို​တ​ရား​ဇ​ရပ်၌ ညစ်​ညူး​သော​နတ်​ဆိုး စွဲ​သော​သူ​တစ်​ယောက် ရှိ၍၊- ဪ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ အ​ကျွန်ုပ်​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ လာ​သ​လော။ ကိုယ်​တော်​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​တော်​မူ​သော​သူ ဖြစ်​ပါ​သည်​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်​ကြော်​လေ၏။- ယေ​ရှု​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထို​သူ၏​အ​ထဲ​က ထွက်​သွား​လော့​ဟု ဆုံး​မ​တော်​မူ​လျှင်၊ နတ်​ဆိုး​သည် ထို​သူ​ကို လူ​အ​များ​အ​လယ်၌ လှဲ​ချ၍ ဘေး​ဥ​ပဒ်​မ​ပြု​ဘဲ ထွက်​သွား၏။- လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍၊ ဤ​စ​ကား​သည် အ​ဘယ်​သို့​သော​စ​ကား​နည်း၊ ညစ်​ညူး​သော​နတ်​တို့​ကို အာ​ဏာ​တန်​ခိုး​နှင့် မှာ​ထား၍ သူ​တို့​သည် ထွက်​သွား​ကြ​သည်​တ​ကား​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။- သ​တင်း​တော်​သည်​လည်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ နှံ့​ပြား​ကျော်​စော​လေ၏။

ရှင်လုကာ 4:1-37 Common Language Bible (BCL)

သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက်​ယော်​ဒန်​မြစ်​မှ​ပြန်​လာ​တော်​မူ​စဉ် ဝိ​ညာဉ်​တော်​သည်​ကိုယ်​တော်​ကို​တော​ကန္တာ​ရ​သို့ ခေါ်​ဆောင်​သွား​တော်​မူ​၏။ ထို​အ​ရပ်​တွင်​အ​ရက် လေး​ဆယ်​ပတ်​လုံး​မာရ်​နတ်​၏​စုံ​စမ်း​သွေး​ဆောင် ခြင်း​ကို​ခံ​တော်​မူ​၏။- ထို​နေ့​ရက်​များ​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​သုံး​ဆောင်​တော်​မ​မူ။ ထို​နေ့​ရက်​များ ကုန်​လွန်​သွား​သော​အ​ခါ​ကိုယ်​တော်​သည် မွတ်​သိပ်​တော်​မူ​၏။ ထို​အ​ခါ​မာရ်​နတ်​က ``အ​ရှင်​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​ပါ​လျှင်​ဤ​ကျောက်​ခဲ​ကို​မုန့် ဖြစ်​စေ​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``လူ​သည်​အ​စား​အ​စာ​အား​ဖြင့် သာ​အ​သက်​ရှင်​ရ​မည်​မ​ဟုတ်​ဟု​ကျမ်း​စာ​တော် တွင်​ပါ​ရှိ​၏'' ဟု​ပြန်​လည်​မိန့်​ကြား​တော်​မူ​၏။ ထို​အ​ခါ​မာရ်​နတ်​သည်​ကိုယ်​တော်​ကို​တောင်​ထိပ် ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​နောက်​လော​က​နိုင်​ငံ ရှိ​သ​မျှ​ကို​တစ်​ခ​ဏ​ချင်း​တွင်​ညွှန်​ပြ​လျက်၊- ``ဤ​တန်​ခိုး​အာ​ဏာ​ဘုန်း​စည်း​စိမ်​ရှိ​သ​မျှ တို့​ကို​ကိုယ်​တော်​အား​ငါ​ပေး​ပါ​အံ့။ ဤ​အ​ရာ များ​ကို​ငါ့​လက်​ဝယ်​အပ်​နှင်း​ထား​ပြီး​ဖြစ် သ​ဖြင့်​ငါ​ပေး​လို​သူ​အား​ပေး​နိုင်​၏။- သို့​ဖြစ်​၍​ကိုယ်​တော်​သည်​ငါ့​အား​ဦး​ညွှတ် ရှိ​ခိုး​လျှင် ဤ​တန်​ခိုး​အာ​ဏာ​အ​လုံး​စုံ​တို့ ကို​ကိုယ်​တော်​အား​ပေး​မည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​သာ​လျှင် ဦး​ညွှတ်​ရှိ​ခိုး​ရ​မည်​ဟု ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏'' ဟု​ပြန် လည်​မိန့်​တော်​မူ​၏။ မာရ်​နတ်​သည်​သ​ခင်​ယေ​ရှု​ကို​ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ဆောင်​၍​သွား​ပြီး​လျှင် ဗိ​မာန်​တော်​ထိပ်​ဖျား​တွင် နေ​စေ​ပြီး​လျှင် ``ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏ သား​တော်​ဖြစ်​လျှင်​ဤ​နေ​ရာ​မှ​အောက်​သို့​ခုန်​ချ ပါ​လော့။- ကျမ်း​စာ​တော်​တွင် `သင့်​ကို​စောင့်​ရှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တမန်​များ​အား အ​မိန့်​ပေး​တော်​မူ​မည်' ဟူ​၍​လည်း​ကောင်း၊- `သင်​၏​ခြေ​သည်​ကျောက်​နှင့်​မ​ထိ​ခိုက်​စေ​ခြင်း ငှာ ကောင်း​ကင်​တ​မန်​တို့​သည်​လက်​ဖြင့်​သင့်​ကို ပွေ့​ချီ​ကြ​လိမ့်​မည်' ဟူ​၍​လည်း​ကောင်း​ပါ​ရှိ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``သင်​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​စစ်​ဆေး​စမ်း​သပ်​မှု​မ​ပြု​ရ​ဟု ကျမ်း​စာ​လာ​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​တော် မူ​၏။ မာရ်​နတ်​သည်​ဤ​သို့​စုံ​စမ်း​သွေး​ဆောင်​မှု​အ​လုံး​စုံ ကို​ပြု​ပြီး​သော​အ​ခါ ကိုယ်​တော်​၏​ထံ​တော်​မှ ထွက်​ခွာ​၍​အ​ခါ​အ​ခွင့်​ကောင်း​ကို​စောင့်​နေ​၏။ သ​ခင်​ယေ​ရှု​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် တန်​ခိုး​နှင့်​ပြည့်​ဝ​လျက်​ဂါ​လိ​လဲ​ပြည်​သို့​ပြန် လာ​တော်​မူ​၏။ သ​တင်း​တော်​သည်​ထို​ဒေ​သ တစ်​လျှောက်​လုံး​တွင်​ပျံ့​နှံ့​သွား​၏။- ကိုယ်​တော်​သည်​တ​ရား​ဇ​ရပ်​များ​မှာ​ဟော​ပြော သွန်​သင်​တော်​မူ​ရာ​လူ​အ​ပေါင်း​တို့​သည်​ကိုယ် တော်​ကို​ချီး​မွမ်း​ကြ​၏။ ကိုယ်​တော်​သည်​နာ​ဇ​ရက်​မြို့​သို့​ကြွ​တော်​မူ​၏။ နာ​ဇ​ရက်​မြို့​ကား​ကိုယ်​တော်​ကြီး​ပြင်း​ရာ​မြို့ ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​ကိုယ်​တော်​သည်​အ​လေ့​တော် ရှိ​သည်​အ​တိုင်း​တ​ရား​ဇ​ရပ်​သို့​ဝင်​တော်​မူ​၏။ ကျမ်း​စာ​ကို​ဖတ်​ရန်​ထ​တော်​မူ​လျှင်၊- တ​ရား​ဇ​ရပ်​မှူး​သည်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း ကို​ကိုယ်​တော်​အား​လှမ်း​၍​ပေး​၏။ ကိုယ်​တော်​သည် ကျမ်း​စာ​လိပ်​ကို​ဖွင့်​၍၊ ``ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည် ငါ့​အ​ပေါ်​သို့​ဆင်း​သက်​တော်​မူ​၏။ ဆင်း​ရဲ​သူ​များ​အား​သ​တင်း​ကောင်း​ကို​ပြော​ကြား​ရန် ငါ့​အား​ဘိ​သိက်​ပေး​တော်​မူ​ပြီ။ အ​ချုပ်​အ​နှောင်​ခံ​ရ​သူ​များ​ကို​လွတ်​မြောက် စေ​မည်​ဖြစ်​ကြောင်း​နှင့်၊ မျက်​မ​မြင်​များ​မျက်​စိ​အ​လင်း​ပြန်​လည်​ရ​ရှိ စေ​မည် ဖြစ်​ကြောင်း​ကို​ပြော​ကြား​ရန်​လည်း​ကောင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခံ​ရ​သူ​များ​အား​ကယ်​လွှတ်​မည် ဖြစ်​ကြောင်း​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​လူ​စု​တော်​အား ကယ်​တင်​ရာ​ကာ​လ​ရောက်​လာ​ပြီ ဖြစ်​ကြောင်း​ကို​လည်း​ကောင်း ကြေ​ညာ​ရန်​ငါ့​ကို​စေ​လွှတ်​တော်​မူ​၏'' ဟူ​သော​ကျမ်း​ပိုဒ်​ကို​ဖတ်​တော်​မူ​၏။ ထို​နောက်​ကျမ်း​စာ​တော်​ကို​လိပ်​၍​ဇ​ရပ်​မှူး​အား ပြန်​ပေး​ပြီး​နောက်​ထိုင်​တော်​မူ​၏။ တ​ရား​ဇ​ရပ် ထဲ​မှာ​ရှိ​သော​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် အား​စိုက်​ကြည့်​နေ​ကြ​၏။- ကိုယ်​တော်​က ``ဤ​ကျမ်း​စာ​ပါ​အ​မှု​အ​ရာ​များ သည်​သင်​တို့​ကြား​နာ​ရ​သည့်​အ​တိုင်း​ယ​နေ့ အ​ကောင်​အ​ထည်​ပေါ်​ပြီ'' ဟု​မိန့်​တော်​မူ​၏။ လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏​အ​ကြောင်း​ကို ချီး​ကူး​ပြော​ဆို​ကြ​၏။ နှုတ်​တော်​ထွက်​စ​ကား များ​ကို​အံ့​သြ​လျက် ``ဤ​သူ​သည်​ယော​သပ် ၏​သား​မ​ဟုတ်​လော'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က ``သင်​တို့​သည် `အ​ချင်း​ဆ​ရာ​ဝန်၊ သင့်​ရော​ဂါ​ကို​သင်​ပျောက်​အောင်​ကု​လော့' ဟူ သော​ဆို​ရိုး​စ​ကား​ကို​အ​သုံး​ပြု​ကာ​ငါ့ အား​ဆို​လိမ့်​မည်။ က​ပေ​ရ​နောင်​မြို့​တွင်​အ​ရှင် ပြု​ခဲ့​သည်​ဟု​အ​ကျွန်ုပ်​တို့​ကြား​သိ​ရ​သည့် အ​မှု​အ​ရာ​များ​ကို အ​ရှင့်​နေ​ရင်း​မြို့​တွင် လည်း​ပြု​တော်​မူ​ပါ​ဟု​ငါ့​အား​မု​ချ​ပြော ဆို​ကြ​လိမ့်​မည်။- အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အ​ဘယ်​ပ​ရော​ဖက်​မျှ​မိ​မိ​နေ​ရင်း​မြို့​တွင် မျက်​နှာ​မ​ရ​တတ်။- ဧ​လိ​ယ​လက်​ထက်​၌​ဣသ​ရေ​လ​နိုင်​ငံ​တွင် သုံး နှစ်​နှင့်​ခြောက်​လ​ပတ်​လုံး​မိုး​ခေါင်​၍​အ​စာ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ခဲ့​၏။- ဣသ​ရေ​လ​အ​မျိုး​ဖြစ်​သော​မု​ဆိုး​မ​အ​များ​ရှိ သော်​လည်း မည်​သူ့​ထံ​သို့​မျှ​ဘု​ရား​သ​ခင်​သည် ပ​ရော​ဖက်​ဧ​လိ​ယ​ကို​စေ​လွှတ်​တော်​မ​မူ။ ဇိ​ဒုံ ပြည်၊ ဇရတ္တ​မြို့​သူ​မု​ဆိုး​မ​ထံ​သို့​သာ​လျှင်​စေ လွှတ်​တော်​မူ​၏။- ပ​ရော​ဖက်​ဧ​လိ​ရှဲ​လက်​ထက်​၌​လည်း​ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် အ​ရေ​ဖျား​ရော​ဂါ​သည် အ​များ​ရှိ​သော်​လည်း​မည်​သူ​မျှ​သန့်​စင်​ခွင့် မ​ရ။ ရှု​ရိ​ပြည်​သား​နေ​မန်​သာ​လျှင်​ရ​၏'' ဟု​မိန့်​တော်​မူ​၏။ တ​ရား​ဇ​ရပ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​ထို​စ​ကား ကို​ကြား​သော​အ​ခါ​ပြင်း​စွာ​အ​မျက်​ထွက်​ကြ​၏။- ထို​နောက်​ကိုယ်​တော်​အား​တောင်​ကမ်း​ပါး​မှ​တွန်း​ချ အံ့​သော​ငှာ​မြို့​တည်​ရာ​တောင်​ထိပ်​စွန်း​သို့​ခေါ် ဆောင်​သွား​ကြ​၏။- သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​အ​လယ် မှ​လျှောက်​၍​ကြွ​သွား​တော်​မူ​၏။ ကိုယ်​တော်​သည်​ဂါ​လိ​လဲ​ပြည်၊ က​ပေ​ရ​နောင်​မြို့ သို့​ရောက်​တော်​မူ​၏။ ဥ​ပုသ်​နေ့​၌​တ​ရား​ဇ​ရပ် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​၏။- ကိုယ်​တော်​၏​သွန်​သင်​ချက်​တွင်​တန်​ခိုး​အာ​ဏာ ပါ​သ​ဖြင့်​လူ​တို့​သည်​အံ့​သြ​ကြ​၏။- တ​ရား​ဇ​ရပ်​ထဲ​တွင်​ညစ်​ညမ်း​သော​နတ်​ပူး​ဝင် နေ​သူ​တစ်​ယောက်​ရှိ​၏။- ညစ်​ညမ်း​သော​နတ်​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​ဘယ်​သို့​သက်​ဆိုင် တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ်​တို့​အား​သေ​ကြေ ပျက်​စီး​စေ​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ဖြစ်​ပါ​သည်'' ဟု​ကျယ်​စွာ ဟစ်​အော်​၏။ သ​ခင်​ယေ​ရှု​က ``တိတ်​တိတ်​နေ​လော့။ သူ့​အ​ထဲ​မှ ထွက်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ နတ်​မိစ္ဆာ​သည်​ထို သူ​ကို​လူ​အ​များ​ရှေ့​မှာ​လှဲ​ချ​လိုက်​၏။ ထို​နောက် ဘေး​အန္တ​ရာယ်​မ​ပြု​ဘဲ​သူ့​အ​ထဲ​မှ​ထွက်​သွား​၏။ လူ​အ​ပေါင်း​တို့​သည်​အံ့​သြ​လျက် ``ဤ​သူ​၏ အ​မိန့်​စ​ကား​ကား​အ​ဘယ်​သို့​နည်း။ သူ​သည် ညစ်​ညမ်း​သော​နတ်​များ​အား​ထွက်​သွား​ရန် တန်​ခိုး​အာ​ဏာ​ဖြင့်​အ​မိန့်​ပေး​၍ သူ​တို့​သည် ထွက်​သွား​ကြ​ပါ​သည်​တ​ကား'' ဟု​အ​ချင်း ချင်း​ပြော​ဆို​ကြ​၏။- ကိုယ်​တော်​၏​သ​တင်း​တော်​သည်​ပတ်​ဝန်း​ကျင် ဒေ​သ​တွင်​ပျံ့​နှံ့​သွား​တော့​၏။

ရှင်လုကာ 4:1-37 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယေရှု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဂျော်ဒန်​မြစ်​မှ ပြန်ကြွ​တော်မူ​၏။ ထို့နောက် ဝိညာဉ်​တော်​၏​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ ထို​ကာလ​အတွင်း​၌ မည်သည့်​အစာ​ကို​မျှ မ​သုံးဆောင်​ဘဲ​နေ​တော်မူ​သဖြင့် ထို​နေ့ရက်​များ​ကုန်လွန်​သောအခါ ဆာလောင်​တော်မူ​၏။ ထိုအခါ မာရ်နတ်​က “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို​ပင့်ဆောင်​သွား​၍ တစ်ခဏချင်း​တွင် ကမ္ဘာ့​နိုင်ငံ​အားလုံး​တို့​ကို ကိုယ်တော်​အား​ညွှန်ပြ​ကာ “ဤ​အခွင့်​အာဏာ​ရှိသမျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အကြောင်းမူကား ဤ​အရာ​ကို ငါ့​ထံ အပ်နှင်း​ထား​ပြီး​ဖြစ်၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။ သို့ဖြစ်၍ သင်​သည် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘သင့်​ကို​စောင့်ရှောက်​စေရန် ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်​ကြ​လိမ့်မည်’​ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ဟူ၍ မိန့်​တော်မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ မာရ်နတ်​သည် ဖြားယောင်း​သွေးဆောင်​ခြင်း​အားလုံး​တို့​ကို​ပြု​ပြီးနောက် အခါအခွင့်​ရောက်​သည်​အထိ ကိုယ်တော်​ထံမှ ဆုတ်ခွာ​သွား​လေ​၏။ ယေရှု​သည် ဝိညာဉ်​တော်​တန်ခိုး​နှင့်​ပြည့်ဝ​လျက် ဂါလိလဲ​နယ်​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​နှင့်​ပတ်သက်​သော​သတင်း​သည် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် သွန်သင်​တော်မူ​ရာ လူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ကိုယ်တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာလိပ်​ကို​ဖွင့်​၍ တွေ့​တော်မူ​သော​ကျမ်းပိုဒ်​၌ ရေး​ထား​သည့်​အချက်​မှာ “ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊ ထာဝရ​ဘုရား​၏​မင်္ဂလာ​နှစ်​ကို ဟောပြော​စေရန်​လည်းကောင်း ကိုယ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ”​ဟူ၍ ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ထို​ကျမ်း​စာလိပ်​ကို လိပ်​၍ အစောင့်​တာဝန်ခံ​အား​ပြန်ပေး​ပြီး ထိုင်​တော်မူ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​စေ့စေ့​ကြည့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ဤ​ကျမ်းချက်​သည် ယနေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ပြည့်စုံ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။ လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“အသင်​ဆေးဆရာ၊ သင့်​ရောဂါ​ကို သင်​ပျောက်ကင်း​စေ​လော့​ဟူသော​ဆိုရိုး​စကား​အတိုင်း ‘ကပေရနောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အမှု​များ​ကို သင်​၏​နေရင်း​မြို့​ဖြစ်​သော ဤ​အရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မုချ​ပြော​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ပြီးနောက် “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သည့်​ပရောဖက်​မျှ မိမိ​၏​နေရင်း​မြို့​၌ မျက်နှာ​မ​ရ​တတ်။ ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ့​ထံသို့​မျှ ဧလိယ​ကို​စေလွှတ်​တော်​မ​မူ​ဘဲ ဆီဒုန်​ပြည်၊ ဇရတ္တ​မြို့​ရှိ မုဆိုးမ​တစ်​ဦး​ထံသို့​သာ စေလွှတ်​တော်မူ​၏။ ပရောဖက်​ဧလိရှဲ​လက်ထက်​၌​လည်း အစ္စရေး​လူမျိုး​ထဲတွင် အနာကြီး​ရောဂါသည် များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ​မျှ စင်ကြယ်​ခြင်း​သို့​မ​ရောက်​ဘဲ ဆီးရီးယား​ပြည်သား နေမန်​တစ်ဦးတည်း​သာ စင်ကြယ်​ခြင်း​သို့​ရောက်​၏”​ဟု မိန့်​တော်မူ​၏။ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲ၌​ရှိ​သော​သူ​အားလုံး​တို့​သည် ထို​စကား​ကို​ကြား​သောအခါ ပြင်းစွာ​ဒေါသ​ထွက်​သဖြင့် ထ​၍ ကိုယ်တော်​ကို မြို့​ပြင်​သို့​နှင်ထုတ်​ပြီးလျှင် ကိုယ်တော်​ကို တောင်​ကမ်းပါး​မှ​တွန်းချ​ရန် ထို​မြို့​တည်​ရာ​တောင်​၏​ထိပ်စွန်း​အထိ ခေါ်ဆောင်​သွား​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​အလယ်​မှ​ဖြတ်လျှောက်​၍ ကြွသွား​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်၊ ကပေရနောင်​မြို့​သို့​ဆင်းသွား​၍ ဥပုသ်နေ့​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ကိုယ်တော်​၏​စကား​တော်​သည် အခွင့်​အာဏာ​ရှိ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ ထို​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် နတ်ဆိုး​တည်းဟူသော​ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အို နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန်​ကြွလာ​တော်မူ​သလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​လေ​၏။ ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် ထို​သူ​ကို လူ​များ​အလယ်​တွင်​လှဲချ​၍ အနာတရ​မ​ဖြစ်​စေ​ဘဲ သူ့​အထဲမှ ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​စကား​သည် မည်သို့သော​စကား​နည်း။ ညစ်ညူး​သော​နတ်​များ​ကို အခွင့်​အာဏာ​နှင့် တန်ခိုး​တို့​ဖြင့် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်သွား​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ပတ်ဝန်းကျင်​ရှိ ဒေသ​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။