YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 4:1-37

ရှင်လုကာခရစ်ဝင် 4:1-37 MSBU

ယေရှု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် ဂျော်ဒန်​မြစ်​မှ ပြန်ကြွ​တော်မူ​၏။ ထို့နောက် ဝိညာဉ်​တော်​၏​ပင့်ဆောင်​ခြင်း​ကို​ခံ​တော်မူ​၍ တော​ကန္တာရ​၌ ရက်​ပေါင်း​လေးဆယ်​နေ​လျက် မာရ်နတ်​၏​ဖြားယောင်း​သွေးဆောင်​ခြင်း​ကို​ခံ​တော်မူ​၏။ ထို​ကာလ​အတွင်း​၌ မည်သည့်​အစာ​ကို​မျှ မ​သုံးဆောင်​ဘဲ​နေ​တော်မူ​သဖြင့် ထို​နေ့ရက်​များ​ကုန်လွန်​သောအခါ ဆာလောင်​တော်မူ​၏။ ထိုအခါ မာရ်နတ်​က “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​ကျောက်ခဲ​ကို မုန့်​ဖြစ်​စေရန် အမိန့်​ရှိ​ပါ”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘လူ​သည် မုန့်​အားဖြင့်​သာ အသက်ရှင်​သည်​မ​ဟုတ်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို​ပင့်ဆောင်​သွား​၍ တစ်ခဏချင်း​တွင် ကမ္ဘာ့​နိုင်ငံ​အားလုံး​တို့​ကို ကိုယ်တော်​အား​ညွှန်ပြ​ကာ “ဤ​အခွင့်​အာဏာ​ရှိသမျှ​နှင့် ၎င်း​တို့​၏​ဘုန်း​စည်းစိမ်​တို့​ကို သင့်​အား ငါ​ပေး​မည်။ အကြောင်းမူကား ဤ​အရာ​ကို ငါ့​ထံ အပ်နှင်း​ထား​ပြီး​ဖြစ်၍ ၎င်း​ကို ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​၏။ သို့ဖြစ်၍ သင်​သည် ငါ့​ကို​ရှိခိုး​လျှင် ဤ​အရာ​အားလုံး​သည် သင့်​ဥစ္စာ​ဖြစ်​လိမ့်မည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။ ထို့နောက် မာရ်နတ်​သည် ကိုယ်တော်​ကို ဂျေရုဆလင်​မြို့​သို့​ခေါ်ဆောင်​သွား​၍ ဗိမာန်​တော်​ထိပ်ဖျား​၌​ရပ်​စေ​ပြီးလျှင် “သင်​သည် ဘုရားသခင်​၏​သား​တော်​မှန်​လျှင် ဤ​နေရာ​မှ အောက်သို့​ခုန်ချ​ပါ။ အကြောင်းမှာ ‘သင့်​ကို​စောင့်ရှောက်​စေရန် ဘုရားသခင်​သည် မိမိ​၏​ကောင်းကင်တမန်​တို့​ကို သင့်​အဖို့​မိန့်မှာ​တော်မူ​မည်​ဖြစ်၍ သင်​၏​ခြေ​ကို ကျောက်​နှင့်​မ​ထိ​မ​ခိုက်​စေရန် သူ​တို့​သည် သင့်​ကို လက်​ဖြင့် ချီပင့်​ကြ​လိမ့်မည်’​ဟူ၍​ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု လျှောက်​လေ​၏။ ယေရှု​က​လည်း“ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို အကဲ​မ​စမ်း​ရ’ဟူ၍ မိန့်​တော်မူ​ထား​သည်”​ဟု ပြန်​၍​မိန့်​တော်မူ​၏။ မာရ်နတ်​သည် ဖြားယောင်း​သွေးဆောင်​ခြင်း​အားလုံး​တို့​ကို​ပြု​ပြီးနောက် အခါအခွင့်​ရောက်​သည်​အထိ ကိုယ်တော်​ထံမှ ဆုတ်ခွာ​သွား​လေ​၏။ ယေရှု​သည် ဝိညာဉ်​တော်​တန်ခိုး​နှင့်​ပြည့်ဝ​လျက် ဂါလိလဲ​နယ်​သို့​ပြန်ကြွ​တော်မူ​သောအခါ ကိုယ်တော်​နှင့်​ပတ်သက်​သော​သတင်း​သည် ထို​ဒေသ​ဝန်းကျင်​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။ ကိုယ်တော်​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် သွန်သင်​တော်မူ​ရာ လူ​အပေါင်း​တို့​သည် ကိုယ်တော်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။ ထို့နောက် ကိုယ်တော်​သည် မိမိ​ကြီးပြင်း​ရာ​နာဇရက်​မြို့​သို့​ကြွ​တော်မူ​၏။ ဥပုသ်​နေ့​တွင် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ကျမ်းစာ​ကို​ဖတ်ကြား​ရန် ထ​တော်မူ​လျှင် ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ကိုယ်တော်​အား​ပေး​ကြ​၏။ ထို​ကျမ်း​စာလိပ်​ကို​ဖွင့်​၍ တွေ့​တော်မူ​သော​ကျမ်းပိုဒ်​၌ ရေး​ထား​သည့်​အချက်​မှာ “ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​အပေါ်​တည်​တော်မူ​၏။ အကြောင်းမူကား ဆင်းရဲသား​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ကိုယ်တော်​သည် ငါ့​ကို​ဘိသိက်​ပေး​တော်မူ​၍ ဖမ်းဆီး​ချုပ်နှောင်​ခြင်း​ခံရ​သော​သူ​တို့​အား လွတ်မြောက်​ခြင်း​အကြောင်း​နှင့် မျက်မမြင်​တို့​အား မျက်စိ​ပြန်​မြင်​ခြင်း​အကြောင်း​ကို ဟောပြော​စေရန်​လည်းကောင်း၊ ညှဉ်းဆဲ​ခံရ​သော​သူ​တို့​ကို လွတ်မြောက်​ရာ​သို့​ပို့ဆောင်​ရန်​လည်းကောင်း၊ ထာဝရ​ဘုရား​၏​မင်္ဂလာ​နှစ်​ကို ဟောပြော​စေရန်​လည်းကောင်း ကိုယ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​ပြီ”​ဟူ၍ ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ထို​ကျမ်း​စာလိပ်​ကို လိပ်​၍ အစောင့်​တာဝန်ခံ​အား​ပြန်ပေး​ပြီး ထိုင်​တော်မူ​လျှင် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင်​ရှိ​သော​သူ​အားလုံး​တို့​သည် ကိုယ်တော်​ကို​စေ့စေ့​ကြည့်​ကြ​၏။ ထိုအခါ ကိုယ်တော်​က“ဤ​ကျမ်းချက်​သည် ယနေ့​၌​ပင် သင်​တို့​ကြား​ရ​သည့်​အတိုင်း ပြည့်စုံ​လေ​ပြီ”​ဟု မိန့်​တော်မူ​၏။ လူ​အပေါင်း​တို့​သည် ကိုယ်တော်​ကို​ချီးကျူး​ကြ​ပြီး ကိုယ်တော်​၏​တင့်တယ်​သော နှုတ်​ထွက်​စကား​တို့​ကို အံ့သြ​လျက် “ဤ​သူ​သည် ယောသပ်​၏​သား​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။ ကိုယ်တော်​က​လည်း“အသင်​ဆေးဆရာ၊ သင့်​ရောဂါ​ကို သင်​ပျောက်ကင်း​စေ​လော့​ဟူသော​ဆိုရိုး​စကား​အတိုင်း ‘ကပေရနောင်​မြို့​တွင် သင်​ပြု​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​သည့်​အမှု​များ​ကို သင်​၏​နေရင်း​မြို့​ဖြစ်​သော ဤ​အရပ်​၌​လည်း​ပြု​ပါ’​ဟု သင်​တို့​သည် ငါ့​အား မုချ​ပြော​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​ပြီးနောက် “သင်​တို့​အား ငါ​အမှန်​ဆို​သည်​ကား မည်သည့်​ပရောဖက်​မျှ မိမိ​၏​နေရင်း​မြို့​၌ မျက်နှာ​မ​ရ​တတ်။ ငါ​သည် သင်​တို့​အား ဟုတ်မှန်ရာ​ကို​ပြော​မည်။ ပရောဖက်​ဧလိယ​၏​လက်ထက်​၌ သုံး​နှစ်​နှင့်​ခြောက်​လ​ပတ်လုံး​မိုးခေါင်​၍ တစ်ပြည်လုံး​တွင် ကြီးစွာ​သော​ငတ်မွတ်​ခေါင်းပါး​ခြင်း​ဘေး​ကျရောက်​စဉ်​က အစ္စရေး​လူမျိုး​ထဲတွင် မုဆိုးမ​များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ့​ထံသို့​မျှ ဧလိယ​ကို​စေလွှတ်​တော်​မ​မူ​ဘဲ ဆီဒုန်​ပြည်၊ ဇရတ္တ​မြို့​ရှိ မုဆိုးမ​တစ်​ဦး​ထံသို့​သာ စေလွှတ်​တော်မူ​၏။ ပရောဖက်​ဧလိရှဲ​လက်ထက်​၌​လည်း အစ္စရေး​လူမျိုး​ထဲတွင် အနာကြီး​ရောဂါသည် များစွာ​ရှိ​ခဲ့​ကြ​၏။ သို့သော် ထို​သူ​တို့​ထဲက မည်သူ​မျှ စင်ကြယ်​ခြင်း​သို့​မ​ရောက်​ဘဲ ဆီးရီးယား​ပြည်သား နေမန်​တစ်ဦးတည်း​သာ စင်ကြယ်​ခြင်း​သို့​ရောက်​၏”​ဟု မိန့်​တော်မူ​၏။ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲ၌​ရှိ​သော​သူ​အားလုံး​တို့​သည် ထို​စကား​ကို​ကြား​သောအခါ ပြင်းစွာ​ဒေါသ​ထွက်​သဖြင့် ထ​၍ ကိုယ်တော်​ကို မြို့​ပြင်​သို့​နှင်ထုတ်​ပြီးလျှင် ကိုယ်တော်​ကို တောင်​ကမ်းပါး​မှ​တွန်းချ​ရန် ထို​မြို့​တည်​ရာ​တောင်​၏​ထိပ်စွန်း​အထိ ခေါ်ဆောင်​သွား​ကြ​၏။ သို့ရာတွင် ကိုယ်တော်​သည် သူ​တို့​အလယ်​မှ​ဖြတ်လျှောက်​၍ ကြွသွား​တော်မူ​၏။ ထို့နောက် ကိုယ်တော်​သည် ဂါလိလဲ​နယ်၊ ကပေရနောင်​မြို့​သို့​ဆင်းသွား​၍ ဥပုသ်နေ့​၌ လူ​တို့​ကို​သွန်သင်​တော်မူ​၏။ ကိုယ်တော်​၏​စကား​တော်​သည် အခွင့်​အာဏာ​ရှိ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။ ထို​ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် နတ်ဆိုး​တည်းဟူသော​ညစ်ညူး​သော​နတ်​ပူး​နေ​သူ​တစ်​ဦး​ရှိ​၏။ ထို​သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့် “အို နာဇရက်​မြို့သား​ယေရှု၊ ကိုယ်တော်​နှင့်​အကျွန်ုပ်​တို့ မည်သို့​ဆိုင်​သနည်း။ အကျွန်ုပ်​တို့​ကို​ဖျက်ဆီး​ရန်​ကြွလာ​တော်မူ​သလော။ ကိုယ်တော်​သည် မည်သူ​ဖြစ်​သည်​ကို အကျွန်ုပ်​သိ​ပါ​သည်။ ကိုယ်တော်​သည် ဘုရားသခင်​၏​သန့်ရှင်း​သူ​ဖြစ်​ပါ​သည်”​ဟု အော်ဟစ်​လေ​၏။ ယေရှု​က​လည်း ထို​နတ်​ကို​ဆုံးမ​လျက်“တိတ်ဆိတ်​၍ သူ့​အထဲမှ ထွက်သွား​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ နတ်ဆိုး​သည် ထို​သူ​ကို လူ​များ​အလယ်​တွင်​လှဲချ​၍ အနာတရ​မ​ဖြစ်​စေ​ဘဲ သူ့​အထဲမှ ထွက်သွား​လေ​၏။ လူ​အပေါင်း​တို့​သည် အံ့အားသင့်​လျက် “ဤ​စကား​သည် မည်သို့သော​စကား​နည်း။ ညစ်ညူး​သော​နတ်​များ​ကို အခွင့်​အာဏာ​နှင့် တန်ခိုး​တို့​ဖြင့် အမိန့်​ပေး​လေ​ရာ ၎င်း​တို့​သည် ထွက်သွား​ကြ​ပါ​သည်​တကား”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ ထိုအခါ ကိုယ်တော်​၏​သတင်း​သည် ပတ်ဝန်းကျင်​ရှိ ဒေသ​တစ်ခုလုံး​သို့ ပျံ့နှံ့​သွား​လေ​၏။