ရှင်လုကာ 23:33-43
ရှင်လုကာ 23:33-43 Judson Bible (JBMLE)
ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။- ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။- လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ရယ်ပြုကြ၏။- စစ်သူရဲတို့သည်လည်း လာ၍ ပုံးရည်ကို ကပ်ပေးလျက်၊- သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။- ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။ ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။- တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။- ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
ရှင်လုကာ 23:33-43 Common Language Bible (BCL)
``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။- သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။ သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။- လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။- စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊- ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။ ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။ လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။ အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊- ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။- ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။- ကိုယ်တော်က ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ပင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိမည်'' ဟုမိန့်တော်မူ၏။
ရှင်လုကာ 23:33-43 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
ဦးခေါင်းခွံဟုခေါ်ဝေါ်သောအရပ်သို့ရောက်သောအခါ သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ရာဇဝတ်သားတို့ကိုလည်း လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ထိုအခါ ယေရှုက“အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။ လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။ စစ်သားတို့သည်လည်း ကိုယ်တော်ကိုပြောင်လှောင်ကြပြီး ကိုယ်တော်ထံသို့ချဉ်းကပ်လျက် ဝိုင်ချဉ်ကိုတိုက်ကာ “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်လျှင် သင့်ကိုယ်သင်ကယ်တင်ပါ”ဟု ဆိုကြ၏။ ကိုယ်တော်၏အပေါ်ဘက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်၏”ဟူသောကမ္ပည်းစာကိုတပ်ထား၏။ ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။ သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။ ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။ ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။