YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်လုကာခရစ်ဝင် 23:33-43

ရှင်လုကာခရစ်ဝင် 23:33-43 MSBU

ဦးခေါင်းခွံ​ဟု​ခေါ်ဝေါ်​သော​အရပ်​သို့​ရောက်​သောအခါ သူ​တို့​သည်​ကိုယ်တော်​ကို လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​ပြီး ရာဇဝတ်သား​တို့​ကို​လည်း လက်ယာ​တော်​ဘက်​တွင်​တစ်​ယောက်၊ လက်ဝဲ​တော်​ဘက်​တွင်​တစ်​ယောက် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ကြ​၏။ ထိုအခါ ယေရှု​က“အို အဖ၊ သူ​တို့​သည် မိမိ​တို့​ပြု​နေ​သော​အမှု​ကို မ​သိ​ကြ​သည်​ဖြစ်၍ သူ​တို့​ကို​ခွင့်လွှတ်​တော်မူ​ပါ”​ဟု မြွက်ဆို​တော်မူ​၏။ သူ​တို့​သည် ကိုယ်တော်​၏​အဝတ်​တော်​များ​ကို မဲ​ချ​၍​ခွဲဝေ​ကြ​၏။ လူ​တို့​သည်​ရပ်​လျက်​ကြည့်​နေ​ကြ​၏။ အကြီးအကဲ​တို့​မူကား ကိုယ်တော်​ကို​ပြက်ရယ်ပြု​၍ “ဤ​သူ​သည် အခြား​သူ​များ​ကို​ကယ်တင်​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​ခရစ်တော်​ဖြစ်​လျှင် မိမိကိုယ်ကို​ကယ်တင်​ပါစေ”​ဟု ပြောဆို​ကြ​၏။ စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ “သင်​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​လျှင် သင့်ကိုယ်သင်​ကယ်တင်​ပါ”​ဟု ဆို​ကြ​၏။ ကိုယ်တော်​၏​အပေါ်​ဘက်​၌​ကား “ဤ​သူ​သည် ဂျူး​လူမျိုး​တို့​၏​ဘုရင်​ဖြစ်​၏”​ဟူသော​ကမ္ပည်းစာ​ကို​တပ်​ထား​၏။ ဆွဲ​ထား​ခြင်း​ခံရ​သော​ရာဇဝတ်သား​တို့​ထဲမှ တစ်​ဦး​သည်​လည်း ကိုယ်တော်​ကို​စော်ကား​လျက် “သင်​သည် ခရစ်တော်​မ​ဟုတ်​လော။ သင့်ကိုယ်သင်​ကယ်တင်​၍ ငါ​တို့​ကို​လည်း​ကယ်တင်​လော့”​ဟု ဆို​၏။ သို့သော် အခြား​တစ်​ဦး​သည် သူ့​ကို​ဆုံးမ​၍ “သင်​သည် သူ​နှင့်​တူညီ​သော​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လျက်​ပင် ဘုရားသခင်​ကို​မ​ကြောက်​သလော။ ငါ​တို့​သည် ငါ​တို့​ပြု​ခဲ့​သည့်​အမှု​များ​နှင့် ထိုက်သင့်​သော​ဒဏ်​ကို​ခံ​ကြ​ရ​သည်​ဖြစ်၍ အမှန်ပင်​တရား​ပါ​သည်။ ဤ​အရှင်​မူကား မည်သည့်​အပြစ်​ကို​မျှ မ​ပြု​ခဲ့​ပါ”​ဟု ဆို​၏။ ထို့နောက် “ယေရှု၊ ကိုယ်တော်​၏​နိုင်ငံ​တော်​သို့ ကိုယ်တော်​ကြွလာ​တော်မူ​သောအခါ အကျွန်ုပ်​ကို​သတိရ​တော်မူ​ပါ”​ဟု လျှောက်​လေ​၏။ ကိုယ်တော်​က​လည်း“သင့်​အား ငါ​အမှန်​ဆို​မည်။ သင်​သည် ယနေ့​ပင် ငါ​နှင့်အတူ​ပရဒိသု​ဘုံ​၌​ရှိ​မည်”​ဟု သူ့​အား မိန့်​တော်မူ​၏။