ရှင်လုကာ 23:26-56
ရှင်လုကာ 23:26-56 Judson Bible (JBMLE)
ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သားတစ်ယောက်သည် တောရွာမှ လာသည်ကို သူတို့သည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။- နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။- ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။- အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေမယူဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသော သားမြတ်သည် မင်္ဂလာရှိ၏ဟု ပြောရသောနေ့ရက်ကာလ ရောက်လိမ့်မည်။- ထိုအခါ သူတို့က၊ အို တောင်များတို့၊ ငါတို့အပေါ်သို့ ကျကြပါ။ အို ကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါဟု ခေါ်ကြလိမ့်မည်။- အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်းဟု မိန့်တော်မူ၏။- ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း သတ်အံ့သောငှာ ထုတ်သွားကြ၏။ ကရာနိအမည်ရှိသောအရပ်သို့ ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို လက်ယာတော်ဘက်၌တစ်ယောက်၊ လက်ဝဲတော်ဘက်၌တစ်ယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။- ယေရှုကလည်း၊ အို အဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြဟု မြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ၍ ဝေဖန်ကြ၏။- လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ရယ်ပြုကြ၏။- စစ်သူရဲတို့သည်လည်း လာ၍ ပုံးရည်ကို ကပ်ပေးလျက်၊- သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကို ကယ်တင်လော့ဟူ၍ ပြက်ရယ်ပြုလျက် ဆိုကြ၏။- ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖော်ပြသော ကမ္ပည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင် ဘုရင်ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။ ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။- တစ်ယောက်မူကား၊ မိမိအဖော်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။- ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့်အလျောက် ခံရသည်ဖြစ်၍ တရားသဖြင့် ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊- သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။- နေအရောင် ကွယ်ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။- ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အို အဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏ဟု မိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။- ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။- ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည် ထိုအခြင်းအရာများကိုမြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။- ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသော မိန်းမတို့နှင့် ကိုယ်တော်ကို သိကျွမ်းသောသူ အပေါင်းတို့သည်လည်း အဝေးကကြည့်ရှု၍ ရပ်နေကြ၏။- ထိုအခါ ယုဒပြည်အရိမဿဲမြို့သား ယောသပ်အမည်ရှိသော လွှတ်အရာရှိတစ်ယောက်သည်၊ အခြားသော လွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊- ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သော သူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊- ယေရှု၏အလောင်းတော်ကို တောင်းလေ၏။- အလောင်းတော်ကို ချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။- ထိုနေ့ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့အချိန် နီးသတည်း။- ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူလာသော မိန်းမများသည် သင်္ချိုင်းတော်ကိုလည်းကောင်း၊ အလောင်းတော်ကို အဘယ်သို့ ထားသည်ကိုလည်းကောင်း အကြည့်အရှု လိုက်လာကြ၏။- ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့်နံ့သာမျိုးကို ပြင်ဆင်၍ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။
ရှင်လုကာ 23:26-56 Common Language Bible (BCL)
စစ်သားတို့သည်ကိုယ်တော်ကိုထုတ်ဆောင်သွား ကြစဉ် ကျေးလက်တောရွာမှလာသောကုရေနေ ပြည်သားရှိမုန်ကိုဖမ်းဆီး၍ သူ၏ပခုံးပေါ် တွင်လက်ဝါးကပ်တိုင်ကိုတင်ကြ၏။ ထိုနောက် လက်ဝါးကပ်တိုင်ကိုထမ်းစေလျက်သခင် ယေရှု၏နောက်တော်မှလိုက်စေကြ၏။ လူပရိသတ်ကြီးသည်နောက်တော်မှလိုက်ကြ၏။ အမျိုးသမီးအချို့တို့သည်မိမိတို့ရင်ကို တီးခတ်ငိုကြွေးလျက်လိုက်ကြ၏။- သခင်ယေရှုသည်ထိုအမျိုးသမီးများ၏ဘက် သို့လှည့်၍ ``ယေရုရှလင်မြို့သူတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့်သင်တို့၏သား သမီးများအတွက်သာလျှင်ငိုကြွေးကြလော့။- `ကလေးမရှိခဲ့၊ နို့မတိုက်ခဲ့သောအမျိုးသမီး များသည်မင်္ဂလာရှိ၏' ဟုဆိုရသည့်အချိန် ကျရောက်လာလိမ့်မည်။- ထိုအချိန်၌လူတို့ကတောင်များအား `ငါတို့ အပေါ်သို့ပြိုလဲကြပါ' ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား `ငါတို့ကိုဖုံးအုပ်ကြ ပါ' ဟူ၍လည်းကောင်းဆိုကြလိမ့်မည်။- စိမ်းစိုသောအပင်ကိုဤသို့ပြုကြပါမူ အပင်သည်ခြောက်သွေ့သောအခါမည်သို့ ဖြစ်လိမ့်မည်နည်း'' ဟုမိန့်တော်မူ၏။ လူတို့သည်ရာဇဝတ်သင့်သူလူနှစ်ယောက်ကို လည်းကိုယ်တော်နှင့်အတူသတ်ရန်ထုတ်ဆောင် သွားကြ၏။- ``ဦးခေါင်းခွံ'' ဟုနာမည်တွင်သောအရပ်သို့ရောက် သောအခါကိုယ်တော်နှင့်ရာဇဝတ်သင့်သူများ ကိုလက်ဝါးကပ်တိုင်မှာတင်၍သတ်ကြ၏။ ရာ ဇဝတ်သင့်သူတစ်ယောက်ကိုလက်ယာတော်ဘက် တွင်လည်းကောင်း၊ အခြားတစ်ယောက်ကိုလက်ဝဲ တော်ဘက်တွင်လည်းကောင်းထား၍သတ်ကြ၏။- သခင်ယေရှုက ``အို အဖ၊ ထိုသူတို့၏အပြစ် ကိုဖြေလွှတ်တော်မူပါ။ သူတို့သည်မိမိတို့ပြု နေသည့်အမှုကိုမသိကြပါ'' ဟုမြွက်ဆို တော်မူ၏။ သူတို့သည်ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ဝေယူကြ၏။- လူပရိသတ်သည်ရပ်လျက်ကြည့်နေကြ၏။ ယုဒခေါင်းဆောင်များသည် ``ဤသူသည်အခြား သူများအားကယ်တင်၏။ အကယ်၍ဘုရားသခင် ရွေးချယ်တော်မူသောမေရှိယဖြစ်ပါမူ မိမိကိုယ် ကိုကယ်တင်ပါလေစေ'' ဟုဆို၍ပြောင်လှောင် ကြ၏။- စစ်သားများသည်လည်းကိုယ်တော်အားပုံး ရည်ကိုတိုက်လျက်၊- ``သင်သည်ယုဒရှင်ဘုရင်ဖြစ်ပါမူသင့်ကိုယ် ကိုကယ်တင်ပါလော့'' ဟုဆို၍ပြောင်လှောင် ကြ၏။ ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။ လက်ဝါးကပ်တိုင်မှာရိုက်ဆွဲထားသောရာဇ ဝတ်သင့်သူနှစ်ယောက်အနက် တစ်ယောက်က ``သင် သည်မေရှိယပင်မဟုတ်ပါလော။ သင့်ကိုယ်ကို လည်းကောင်း၊ ငါတို့ကိုလည်းကောင်းကယ်တင် ပါလော့'' ဟုကိုယ်တော်အားကဲ့ရဲ့ပြောဆို၏။ အခြားရာဇဝတ်သင့်သူကထိုသူ့အား ``သင် သည်ဘုရားသခင်ကိုမကြောက်ပါသလော။ ငါ တို့သည်ဤသူကဲ့သို့ပင်ဒဏ်စီရင်ခြင်းကို ခံရသော်လည်း၊- ငါတို့သည်အပြစ်အလျောက် ထိုက်သင့်သော အပြစ်ဒဏ်ကိုခံရကြ၏။ ဤအရှင်မှာမူကား အဘယ်အပြစ်ကိုမျှမကူးလွန်ခဲ့'' ဟုပြော ဆိုဆုံးမ၏။- ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။- ကိုယ်တော်က ``အမှန်အကန်သင့်အားငါဆို သည်ကား ယနေ့ပင်သင်သည်ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိမည်'' ဟုမိန့်တော်မူ၏။ အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။- ဗိမာန်တော်ကန့်လန့်ကာသည်လည်းနှစ်ခြမ်း ကွဲလေ၏။- သခင်ယေရှုသည် ``အို အဖ၊ ကိုယ်တော်ရှင်၏ လက်တော်သို့အကျွန်ုပ်၏ဝိညာဉ်ကိုအပ်ပါ၏'' ဟုကျယ်စွာကြွေးကြော်ပြီးနောက်အသက်ချုပ် တော်မူ၏။ ဤအဖြစ်အပျက်ကိုတပ်မှူးသည်တွေ့မြင် လျှင် ``ဤသူကားအကယ်ပင်သူတော်ကောင်း ဖြစ်၏'' ဟုဆို၍ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလေ၏။ ဤအမှုအရာကိုကြည့်ရှုရန်လာကြကုန်သော လူပရိသတ်တို့သည် ထိုအဖြစ်အပျက်များကို မြင်သဖြင့် မိမိတို့ရင်ကိုတီးခတ်လျက်ပြန် ကြ၏။- ဂါလိလဲပြည်မှကိုယ်တော်၏နောက်သို့လိုက် လာကြသောအမျိုးသမီးများအပါအဝင် ကိုယ်တော်ကိုသိကျွမ်းသူအပေါင်းတို့သည် အဝေးမှာရပ်လျက်ကြည့်ရှုနေကြ၏။ ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။- သူသည်ပိလတ်မင်း၏ထံသို့သွား၍သခင်ယေရှု ၏အလောင်းတော်ကိုတောင်း၏။- အလောင်းတော်ကိုလက်ဝါးကပ်တိုင်မှချပြီး လျှင်ပိတ်ဖြင့်ပတ်၏။ ထိုနောက်ကျောက်ဆောင်ကို ထွင်းထားသည့်တစ်ခါမျှအသုံးမပြုရသေး သောသင်္ချိုင်းဂူသစ်တွင်သင်္ဂြိုဟ်၏။- ထိုနေ့ကားသောကြာနေ့ဖြစ်၍ဥပုသ်နေ့သို့ ကူးရန်အချိန်နီးပေပြီ။- ဂါလိလဲပြည်မှကိုယ်တော်နှင့်လိုက်ခဲ့ကြသော အမျိုးသမီးများလည်းလိုက်ပို့၍သင်္ချိုင်းတော် ကိုလည်းကောင်း၊ အလောင်းတော်ကိုအဘယ်သို့ ထားသည်ကိုလည်းကောင်းတွေ့မြင်ကြ၏။- ထိုနောက်သူတို့သည်အိမ်သို့ပြန်၍ဆီမွှေး နှင့်နံ့သာပေါင်းကိုအသင့်ပြင်ဆင်ကြ၏။ သူတို့သည်ပညတ်တော်ရှိသည်အတိုင်း ဥပုသ်နေ့၌အနားယူကြ၏။
ရှင်လုကာ 23:26-56 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြစဉ် တောရွာမှလာသော ကုရေနေမြို့သားရှိမုန်ကိုဖမ်းဆီး၍ သူ့အပေါ်၌ လက်ဝါးကပ်တိုင်ကိုတင်လျက်ထမ်းစေကာ ယေရှု၏နောက်မှ လိုက်စေကြ၏။ လူအမြောက်အမြားနှင့်တကွ ကိုယ်တော်အတွက် ရင်ဘတ်စည်တီးလျက်မြည်တမ်းနေကြသော အမျိုးသမီးတို့သည် ကိုယ်တော်၏နောက်မှလိုက်သွားကြ၏။ ယေရှုသည် ထိုအမျိုးသမီးတို့ဘက်သို့လှည့်၍“ဂျေရုဆလင်မြို့၏သမီးတို့၊ ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။ အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။ ထိုအခါ လူတို့သည် တောင်များအား ‘ငါတို့အပေါ်သို့ပြိုကျကြပါ’ဟူ၍လည်းကောင်း၊ တောင်ကုန်းများအား ‘ငါတို့ကိုဖုံးအုပ်ကြပါ’ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် စိမ်းစိုသောအပင်ကို ဤသို့ပြုကြလျှင် ခြောက်သွေ့သောအပင်၌ မည်သို့ဖြစ်လိမ့်မည်နည်း”ဟု မိန့်တော်မူ၏။ သူတို့သည် ရာဇဝတ်သားနှစ်ယောက်တို့ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။ ဦးခေါင်းခွံဟုခေါ်ဝေါ်သောအရပ်သို့ရောက်သောအခါ သူတို့သည်ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီး ရာဇဝတ်သားတို့ကိုလည်း လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ထိုအခါ ယေရှုက“အို အဖ၊ သူတို့သည် မိမိတို့ပြုနေသောအမှုကို မသိကြသည်ဖြစ်၍ သူတို့ကိုခွင့်လွှတ်တော်မူပါ”ဟု မြွက်ဆိုတော်မူ၏။ သူတို့သည် ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။ လူတို့သည်ရပ်လျက်ကြည့်နေကြ၏။ အကြီးအကဲတို့မူကား ကိုယ်တော်ကိုပြက်ရယ်ပြု၍ “ဤသူသည် အခြားသူများကိုကယ်တင်ခဲ့၏။ သူသည် ဘုရားသခင်ရွေးကောက်တော်မူသောခရစ်တော်ဖြစ်လျှင် မိမိကိုယ်ကိုကယ်တင်ပါစေ”ဟု ပြောဆိုကြ၏။ စစ်သားတို့သည်လည်း ကိုယ်တော်ကိုပြောင်လှောင်ကြပြီး ကိုယ်တော်ထံသို့ချဉ်းကပ်လျက် ဝိုင်ချဉ်ကိုတိုက်ကာ “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်လျှင် သင့်ကိုယ်သင်ကယ်တင်ပါ”ဟု ဆိုကြ၏။ ကိုယ်တော်၏အပေါ်ဘက်၌ကား “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်၏”ဟူသောကမ္ပည်းစာကိုတပ်ထား၏။ ဆွဲထားခြင်းခံရသောရာဇဝတ်သားတို့ထဲမှ တစ်ဦးသည်လည်း ကိုယ်တော်ကိုစော်ကားလျက် “သင်သည် ခရစ်တော်မဟုတ်လော။ သင့်ကိုယ်သင်ကယ်တင်၍ ငါတို့ကိုလည်းကယ်တင်လော့”ဟု ဆို၏။ သို့သော် အခြားတစ်ဦးသည် သူ့ကိုဆုံးမ၍ “သင်သည် သူနှင့်တူညီသောပြစ်ဒဏ်စီရင်ခြင်းကိုခံရလျက်ပင် ဘုရားသခင်ကိုမကြောက်သလော။ ငါတို့သည် ငါတို့ပြုခဲ့သည့်အမှုများနှင့် ထိုက်သင့်သောဒဏ်ကိုခံကြရသည်ဖြစ်၍ အမှန်ပင်တရားပါသည်။ ဤအရှင်မူကား မည်သည့်အပြစ်ကိုမျှ မပြုခဲ့ပါ”ဟု ဆို၏။ ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း“သင့်အား ငါအမှန်ဆိုမည်။ သင်သည် ယနေ့ပင် ငါနှင့်အတူပရဒိသုဘုံ၌ရှိမည်”ဟု သူ့အား မိန့်တော်မူ၏။ ထိုအချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ထိုမှမွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ အမှောင်ကျရောက်လေ၏။ နေ၏အလင်းကွယ်ပျောက်သွားပြီး ဗိမာန်တော်ကန့်လန့်ကာသည် အလယ်မှကွဲသွားလေ၏။ ထိုအခါ ယေရှုသည် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လျက်“အို အဖ၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏”ဟု မြွက်ဆိုတော်မူ၏။ ထိုသို့မြွက်ဆိုပြီးနောက် အသက်ချုပ်ငြိမ်းတော်မူ၏။ ဤအဖြစ်အပျက်များကို တွေ့မြင်သောတပ်မှူးသည် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “ဤသူသည် အမှန်ပင်ဖြောင့်မတ်သောသူဖြစ်၏”ဟု ဆိုလေ၏။ ထိုအမှုအရာကိုကြည့်ရှုရန် စုဝေးလာကြသောလူထုပရိသတ်အပေါင်းတို့သည်လည်း ဤအဖြစ်အပျက်များကိုမြင်၍ ရင်ဘတ်စည်တီးလျက်ပြန်သွားကြ၏။ ကိုယ်တော်ကိုသိကျွမ်းသောသူအပေါင်းတို့မှစ၍ ဂါလိလဲနယ်မှ ကိုယ်တော်၏နောက်သို့လိုက်လာကြသော အမျိုးသမီးတို့သည် အဝေးမှရပ်လျက် ဤအခြင်းအရာများကိုကြည့်နေကြ၏။ ထိုအချိန်အခါ၌ ဖြောင့်မတ်၍သူတော်ကောင်းဖြစ်သည့် ယောသပ်အမည်ရှိသော လွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ၏။ သူသည် လွှတ်တော်၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်တို့ကို သဘောမတူခဲ့ပေ။ ယောသပ်သည် ယုဒပြည်၊ အရိမသဲမြို့သားဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်၏။ သူသည် ပိလတ်မင်းထံသို့သွား၍ ယေရှု၏အလောင်းတော်ကို တောင်းပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ မည်သူ့ကိုမျှမသင်္ဂြိုဟ်ရသေးသော ကျောက်သင်္ချိုင်းဂူထဲတွင် သွင်းထား၏။ ထိုနေ့ကား ပြင်ဆင်ရာနေ့ဖြစ်၍ ဥပုသ်နေ့သို့ကူးရန် နီးကပ်လာပြီဖြစ်၏။ ဂါလိလဲနယ်မှ ကိုယ်တော်နှင့်အတူပါလာသော အမျိုးသမီးများသည်လည်း နောက်မှလိုက်လာကြ၍ သင်္ချိုင်းတော်ကိုလည်းကောင်း၊ ကိုယ်တော်၏အလောင်းတော်ကို မည်သို့ထားကြသည်ကိုလည်းကောင်း တွေ့မြင်ကြ၏။ ထို့နောက် သူတို့သည်ပြန်သွား၍ ဆီမွှေးနှင့်အမွှေးနံ့သာတို့ကို ပြင်ဆင်ကြ၏။ ဥပုသ်နေ့၌ကား ပညတ်တော်အတိုင်း အနားယူကြ၏။